ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ

မြန်မာစာ ရေးသားရာ၌ အဓိပ္ပာယ်ရှင်းလင်းစေရန် ပုဒ်ကလေး၊ ပုဒ်မ၊ ဝိုက်ကွင်းစသော သင်္ကေတများကို အသုံးပြု၍ ရေးသည်။ ထိုသင်္ကေတများကို ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ ဟု ခေါ်သည်။

ပုဒ်မကြီး ။ ။ ပြင်ဆင်ရန်

(၁) ရုံးစာရေးရာ၌ အကြောင်းအရာ၊ ရည်ညွှန်းချက်၊ မှတ်ချက်တို့၏ နောက်၌ ပုဒ်မကြီး (ပုဒ်မ ၂−ခု) ကိုသုံးသည်။

ဥပမာ

− အကြောင်းအရာ ။ ။ (၃) လပတ် အစီရင်ခံစာပေးပို့ခြင်း။

− ရည်ညွှန်းခြင်း ။ ။ ၅၅၉ / မစဖ (ဖ) ၁ − ၄ / ၈၁။

− မှတ်ချက်။ ။ တစ်ဦးဆိုင်နာမ်ကို ဧကဝိဓနာမ်ဟုရှေးက ခေါ်ကြသည်။


(၂) စာပိုဒ်ဘေးခေါင်းစဉ်နောက်တွင် ပုဒ်မကြီး (ပုဒ်မ ၂−ခု) ကို သုံးသည်။

ဥပမာ

− နှမ်း။ ။ နှမ်းသည် ပူ၍ခြောက်သွေ့သော ရာသီဥတုကို ကြိုက်သည်။ သဲဆန်သော မြေတွင်လည်းကောင်း၊ နုန်းတင်မြေတွင်လည်းကောင်း၊ နုန်းစနယ်မြေတွင်လည်းကောင်း ရှင်သန်သည်။

ဝိုက်ကွင်း ( ) ပြင်ဆင်ရန်

(၁) ရှိရင်းစာသားနှင့် ဆက်နွယ်သော အကြောင်းအရာ အကြောင်းအရာ တစ်ရပ်ရပ်ကို ရေးသားသော စကားချပ်ကို ဝိုက်ကွင်းဖြင့် ပြသည်။

ဥပမာ

− ကုမုဒြာ − န / ကုမုတ်ဒရာ / အပွင့်ဖြူသော ကြာတစ်မျိုး။ (ညအခါ လရောင်ခံ၍ ပွင့်သည်ဟု ဆိုကြသည်။)

− အလံ − န / အလန် / အရောင်ပုံစံ အမျိုးမျိုးရှိ၍ တိုင်၊ တုတ် စသည်တွင် လွှင့်ထူရသော အဝတ် သို့မဟုတ် စက္ကူဖြင့် ပြုလုပ်ထားသည့် အရာ။ (တိုင်းပြည်၊ ဘုရင်၊ လူမျိုး၊ အဖွဲ့အစည်း တစ်ခုခုကို ကိုယ်စားပြုသော ကိစ္စတစ်ခုခုကို ရည်ညွှန်းသော အထိမ်းအမှတ် လက္ခဏာအဖြစ် သုံးသည်။)


(၂) အဆင့်၊ အမှတ်၊ အပိုဒ် စသော စကားလုံးတို့၏ နောက်ရှိ အစဉ်ပြ ကိန်းဂဏန်းများကို ဝိုက်ကွင်းဖြင့် ပြသည်။

ဥပမာ

− ဘာသာရပ် အားလုံးတို့တွင် အဆင့်(၄) ရသူများသာ လျှောက်ထားနိုင်သည်။

− အမှတ် (၃) အစိုးရအလယ်တန်းကျောင်း။

− အပိုဒ် အမှတ်(၅) တွင် ဖော်ပြထားသည်။

မျဉ်းစောင်း / ပြင်ဆင်ရန်

အမိန့်ကြော်ငြာစာ၊ ကြော်ငြာစာ၊ စာအမှတ် အမှတ်စဉ်တို့ကို ဖော်ပြရာတွင် မျဉ်းစောင်းကို သုံးသည်။

ဥပမာ

− ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ အမိန့်ကြော်ငြာစာအမှတ် ၁ / ၈၂

− ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ခြောက်ထပ်ရုံး၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့။ ကြော်ငြာစာအမှတ် ၁ / ၈၂

− စာအမှတ် − ၅၇၉ / မစဖ (ဝန်ထမ်း) ၂−၁၈ / ၈၂

မျဉ်းရှည် ပြင်ဆင်ရန်

စာပိုဒ်ခွဲရှိ ယင်းတို့မှာ၊ ၎င်းတို့မှာ စသည်တို့၏ နောက်တွင်လည်းကောင်း၊ စာပိုဒ်ခွဲကိုညွှန်းသော စာပိုဒ်ကြီး၏ နောက်တွင်လည်းကောင်း မျဉ်းရှည် ကို သုံးသည်။

ဥပမာ

− လူတို့နေ့စဉ်စားသုံးသည့် အစာထဲတွင် အာဟာရဓာတ် (၆) မျိုး ပါရှိသည်။ ယင်းတို့မှာ ’

၁။ အသားဓာတ် (ပရိုတိန်း)

၂။ အဆီဓာတ်

၃။ ကဆီဓာတ် (ကာဘိုဟိုက်ဒြိတ်)

၄။ ဗီတာမင်

၅။ သတ္တုဓာတ်

၆။ ရေ တို့ ဖြစ်ကြသည်။

ကျောက်အမျိုးအစားများကို အဓိကအားဖြင့် အောက်ပါအတိုင်း (၃) မျိုး ခွဲခြားထားနိုင်သည် ’

(က) မီးသင့်ကျောက်

(ခ) အနည်ကျကျောက်

(ဂ) အသွင်ပြောင်းကျောက်

မျက်တောင်ဖွင့် မျက်တောင်ပိတ် ပြင်ဆင်ရန်

(၁) ကောက်နုတ်ချက်၊ ကိုးကားချက်၊ ဆိုရိုးစကား စသည်တို့ကို ဖော်ပြရာ၌ မျက်တောင်ဖွင့် မျက်တောင်ပိတ် “ ” ကို သုံးသည်။

ဥပမာ

− “ကမ္ဘာမြေတွင် နေ့စဉ်လိုလို တစ်နေရာရာ၌ ငလျင်လှုပ်သည်” ဟု သိပ္ပံပညာရှင်တို့က အခိုင်အမာ ယုံကြည်ကြသည်။

−“မျက်ခမ်းစပ်ရောဂါသည် ကူးစက်တတ်သည်။ မျက်တောင်စူးတတ်သည်။ မျက်စိကွယ်နိုင်သည်။ ကြိုတင် ကာကွယ်ကုသပါက မျက်စိမကွယ်ပါ” ဟူသော ပိုစတာကြော်ငြာခြင်းဖြင့် ပညာပေးထားသည်ကို တွေ့ရသည်။

− “ပညာဟူသည် မြတ်ရွှေအိုး၊ ဥစ္စာဟူသည် မျက်လှည့်မျိုး” ဟု ဆိုရိုးစကား ရှိသည်။


(၂) ပြောသူ၏ စကားကို ပြောသည့်အတိုင်း တိုက်ရိုက်ဖော်ပြရာ၌ မျက်တောင်ဖွင့် မျက်တောင်ပိတ် “ ” ကို သုံးသည်။

ဥပမာ

− “မြန်မာစာရေးရာမှာ အဓိပ္ပာယ်ရှင်းလင်းအောင် ပုဒ်ဖြတ်ပုဒ်ရပ်တွေကို သူ့နေရာနှင့်သူ မှန်မှန်ကန်ကန် သုံးတတ်ဖို့ လိုတယ်” ဟု ဆရာက တပည့်များကို ပြောသည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း