ပူတိမံသဇာတ်
နဝကနိပါတ် - ၄၃၇။ ပူတိမံသဇာတ်
ဆိတ်မကို စားလို၍ သေဟန် ဆောင်နေသော မြေခွေးသည် ခေါင်းထောင်ကြည့်မိသဖြင့် ဆိတ်မ သိ၍ အကြံပျက်ခြင်း အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
စက္ခုန္ဒြေစောင့်မှု ဟောကြားပြု
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်း သုံးတော်မူစဉ် ရဟန်းတို့သည် စက္ခုစသောဣန္ဒြေတို့ကို မစောင့်ရှောက်ကြကုန်၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်တော်မူ၍-
“ချစ်သား ရဟန်းတို့...ရူပါရုံစသည်တို့ကို ကြည့်ရှုသည်ရှိသော် သုဘ၏ အစွမ်းဖြင့် မကြည့်ရှုကြကုန်ရာ၊ အသုဘ၏အစွမ်းဖြင့်သာ ကြည့်ရှုကြကုန်ရာ၏၊ ကြည့်ရှုသင့်သောကာလ၊ မကြည့်ရှုသင့်သော ကာလရှိကုန်၏၊ ကြည့်ရှုသင့်သောကာလ၌ ကြည့်ရှုကြကုန်ရာ၏၊ မကြည့်ရှုသင့်သောကာလ၌ မကြည့်ရှုကုန်ရာ၊ မကြည့်ရှုသင့်သောကာလ၌ ကြည့်ရှုသည်ရှိသော် ကိလေသာတို့သည်ဖြစ်ကုန်၏” ဟုမိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ဆိတ်တို့လှည့်စား ခွေးလင်မယား
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်ဘုရားအလောင်းသည် ဟိမဝန္တာ အရပ်ဝယ် တောစိုးသစ်ပင်ကြီးတခု၌ ရုက္ခစိုးနတ်ဖြစ်လေ၏၊ ထိုတော၌ တောင်ခေါင်းတခုဝယ် အရာမက များစွာသော ဆိတ်တို့သည်နေကုန်၏၊ ထိုဆိတ်တို့နေရာ မနီးမဝေးအရပ် တောင်ခေါင်းတခုဝယ် ပူတိမံသမည်သော မြေခွေးသည် ပဝေဏီမည်သော မယားခွေးမနှင့် နေလေ၏။
တနေ့သ၌ မြေခွေးလင်မယားတို့သည် ကျက်စားလတ်သော် ဆိတ်တို့ကိုမြင်၍ ဥပါယ်တမျဉ်ဖြင့် ဆိတ်တို့ကိုသတ်၍ စားမည်ဟုကြံစည်လျက် ဆိတ် တကောင် တကောင် သတ်၍စားခဲ့၏၊ ဆိတ်သားတို့ကိုစားရသဖြင့် မြေခွေးလင် မယားတို့သည် အားနှင့်ပြည့်စုံကုန်၏၊ ဝဖြိုးကုန်၏၊ ဆိတ်တို့လည်း တဖြည်းဖြည်း ကုန်ခြင်းသို့ရောက်လေ၏။
ဆိတ်မစားချင် ဥပါယ်ဆင်
ထိုဆိတ်တို့တွင် မေဏ္ဍကမာတာမည်သော ဆိတ်မတကောင်ကား ပညာရှိ၏၊ ဥပါယ်တမျဉ်၌ လိမ်မာ၏၊ ပူတိမံသ မြေခွေးသည် ထိုဆိတ်မကို သတ်ခြင်းငှါ မတတ်နိုင်ချေ၊ တနေ့သ၌ မယားနှင့်တကွ တိုင်ပင်လတ်သော်
“ဆိတ်တွေကုန်ခဲ့ပြီ၊ မေဏ္ဍကမာတာ ဆိတ်မတကောင်သာ ကျန်တော့သည်၊ ထိုဆိတ်မကို ဥပါယ်တမျဉ်ဖြင့် သတ်ရန် သင့်၏၊ သို့အတွက် သင်သည် ထိုဆိတ်မထံသွား၍ အဆွေခင်ပွန်းဖွဲ့ချေ၊ သင်တို့ အဆွေခင်ပွန်းဖြစ်လတ်သော် ငါသေဟန်ပြု၍ နေမည်၊ ထိုအခါ သင်သည် ဆိတ်မကို ငါ့လင်သေခဲ့ပြီ၊ ငါ့မှာ သင်မှ တပါး ကိုးကွယ်ရာမရှိ လိုက်ခဲ့ပါ၊ အလောင်းကိုသင်္ဂြိုဟ်ရ အောင်ဟု ပြောဆိုပြီးလျှင် ခေါ်၍လာခဲ့၊ အနီးရောက်သောအခါ ငါထ၍ ကိုက်မည်”ဟု ပြောဆိုမှာထား၍ ဆိတ်မထံ လွှတ်လိုက်၏။
ပရိယာယ်ပြောကာ ဆိတ်ခေါ်ရာ
မြေခွေးမသည် လင်အကြံပေးသောအတိုင်း သဘောကျ၍ ဆိတ်မထံသွားကာ အဆွေခင်ပွန်းဖွဲ့လေ၏၊ ချစ်ကျွမ်းဝင် လတ်သော် လင်မြေခွေး မှာထားသောအတိုင်း ပြောလေ၏၊ ထိုအခါ ဆိတ်မသည်
“အဆွေခင်ပွန်းမ... သင့်လင်သည် ငါ့အမျိုးဆိတ်တို့ကို စားအပ်ကုန်ပြီ၊ ငါကြောက်၏၊ မလိုက်ဝံ့”ဟု ပြော၏၊
“အို-အဆွေခင်ပွန်းမ...မကြောက်ပါလင့် လိုက်သာလိုက်ခဲ့ပါ၊ သေပြီးသော မြေခွေးက သင့်ကို အဘယ်သို့ ပြုနိုင်အံ့နည်း”ဟု ပြောပြန်၏။
“အဆွေခင်ပွန်းမ... သင်၏လင်ကား ပရိယာယ်မာယာများ၏၊ ငါ သည်ကြောက်၏”ဟု ပြောဆိုလေ၏။
ပရိယာယ်အသွင် ဆိတ်မမြင်
ထိုသို့ မြေခွေးမသည် အဖန်ဖန် တောင်းပန်သည်ရှိသော် တကယ်သည် ဖြစ်လိမ့်မည်ဟု ယုံကြည်လျက် ဆိတ်မသည် လိုက်လေ၏၊ လိုက်သော်လည်း ဘယ်လိုပြုမည်ကို ဘယ်သူသိနိုင်မည်နည်း”ဟု မြေခွေးဖို၌ ယုံမှားသံသယရှိရကား မိမိကမသွားဘဲ မြေခွေးမကို ရှေ့ကသွားစေ၍ သတိနှင့်လိုက်၏၊ ပူတိမံသ မြေခွေးလည်း မြေခွေးမနှင့်ဆိတ်မတို့ ခြေသံကို ကြားလျှင် ဦးခေါင်းကို ထောင်၍ကြည့်၏။
ပရိယာယ်မြင်ငြား ဆိတ်မပြေးသွား
ဆိတ်မမြင်လျှင် ဤယုတ်မာသော မြေခွေးမကား ငါ့ကိုသတ်လို၍ လင်ကို သေဟန်ပြုစေလျက် ငါ့ကိုခေါ်ဘိ၏ဟု
ကြံစည်ကာ–
“အို-မြေခွေးမ... ပူတိမံသမြေခွေး ခေါင်းထောင်၍ ကြည့်ခြင်းကို ငါမနှစ်သက်ပါ၊ ဤလိုအဆွေခင်ပွန်းမျိုးမှ ဝေးစွာရှောင်ကြဉ်ရာ၏”—
ဟု မြေခွေးမအား ပြောဆိုပြီးလျှင် မလိုက်ဘဲ မိမိနေရာသို့ ပြန်လေ၏၊ မြေခွေးမလည်း ဆိတ်မကို ပြန်လိုက်အောင် မခေါ်နိုင်သဖြင့် ဆိတ်မအား အမျက်ထွက်လျက် မိမိလင် ထံသွားကာ မှိုင်၍နေ၏။
ချင်းချင်းပြစ်ပြ ကဲ့ရဲ့ကြ
ထိုအခါ ပူတိမံသမြေခွေးသည် မြေခွေးမကို အပြစ်ပြောလို၍–
“ရှင်မ...သင်ပဝေဏီကား ရူးသွတ်ဘိ၏၊ လင် အထံ၌ အဆွေခင်ပွန်း ဆိတ်မကို ချီးမွမ်းဘိ၏၊ ယခုအခါ လာလျက် ပြန်၍သွားသော မေဏ္ဍက မာတာမည်သောဆိတ်မကို စိုးရိမ်၍ ကြံမှိုင်ဘိ၏”— ဟု မယားမြေခွေးမကို ကဲ့ရဲ့လေ၏၊ မြေခွေးမသည် လင်၏ စကားကိုကြားလျှင်–
“အမောင်-ပူတိမံသ...သင်သည် သေဟန် ဆောင်နေပါလျက် အခါမဟုတ်သည်၌ ဦးခေါင်းကို ထောင်၍ ကြည့်ဘိ၏၊ သင်သည်သာ ရူးသွတ်၏၊ ပညာမရှိ၊ အမြော်အမြင်မရှိ”—–
ဟု လင်မြေခွေးဖိုကို တဖန်ပြန်၍ ကဲ့ရဲ့လေ၏။
ဆိတ်မလိမ်ညာ ခေါ်ပြန်ရာ
ထို့နောက် ပဝေဏီမည်သောမြေခွေးမသည် ပူတိမံသမည်သော မြေခွေးဖိုကို “အရှင်...မစိုးရိမ်လင့်၊ ငါဥပါယ်တမျဉ်ဖြင့် ဆိတ်မကို ခေါ်ခဲ့ဦးအံ့၊ သင်သတိနှင့် နေရစ်လော့” ဟု မှာထားပြီးလျှင် ဆိတ်မထံ သွားပြန်၏၊ ရောက်လျှင်–
“အို-အဆွေခင်ပွန်းမ...ငါ့အား ချစ်ခြင်း ဖြစ်ပါစေ၊ ငါ၏နှစ်သက်သော ပေးကမ်းခြင်းကို သင် ယူပါလော့၊ ငါ၏လင်သည် အသက်ရှင်၍ ထဘိ၏၊ ငါ့လင်ကို သတင်းမေးရန် ငါနှင့်လိုက်ခဲ့ပါဦး” ဟု ဆိတ်မအား သင်လိုက်လာခါမှ သူ့လင်သတိရ၍ အသက်ရှင်ပြီး ထလာသလို ပရိယာယ်ဆင်ကာ တဖန် လိုက်ရန်ခေါ်ပြန်၏။
ဆိတ်မဉာဏ်ထွင် ပရိယာယ်ဆင်
ထိုအခါ ဆိတ်မသည် ဤယုတ်မာသော မြေခွေးမကား ငါ့ကိုလာ၍ လှည့်စားပြန်၏၊ ဆန့်ကျင်ဘက်ပြုလို့ မလျော်၊ ပရိယာယ် တမျိုးဖြင့်ပင် ပြန်၍လှည့်စားဦးမည် ကြံစည်လျက်—
“အို-အဆွေခင်ပွန်းမ... သင့်အား ချစ်ခြင်း ဖြစ်ပါစေ၊ သင်၏ နှစ်သက်သော ပေးကမ်းခြင်းကို ငါယူပါအံ့၊ သင်တို့ထံ အခြံအရံများစွာဖြင့် လိုက်ပါအံ့၊ အစားအစာကိုသာ စီမံထားပါ” ဟု လှည့်စား၍ ပြောဆိုပြန်၏၊ ထိုအခါ မြေခွေးမသည်–
“အို-အဆွေခင်ပွန်းမ... အခြံအရံ များစွာအတွက် အစားအစာကို စီမံရမည် သင်ဆိုဘိ၏၊ ထိုအခြံအရံကား အဘယ်သို့ သဘောရှိသနည်း၊ အခြံအရံအလုံးစုံသည် ဘယ်အမည်ရှိကြသနည်း၊ ငါ့အား ထိုအခြံအရံကို ပြောကြားပါ”—
ဟု ဆိတ်မလှည့်စားသည်ကို အဟုတ်မှတ်၍ အခြံအရံကို မေးမြန်းပြန်၏။
ဆိတ်မဉာဏ်လျောက် ခွေးခြိမ်းချောက်
ထိုအခါ ဆိတ်မသည် မြေခွေးလင် မယားအား ပရိယာယ်အားဖြင့် ခြိမ်းချောက်လို၍–
“အို-အဆွေခင်ပွန်းမ... စတုရက္ခ မြေခွေး, မာဠိယမြေခွေး, ပိင်္ဂိယမြေခွေး, ထို့ပြင်ဇမ္ဗုက မြေခွေး၊ မြေခွေးတို့ကား ငါ၏ အခြံအရံတို့ ဖြစ်ကုန်၏၊ ထိုအခြံအရံတို့အတွက် အစားအစာကို စီမံထားပါ”—
ဟု ပြောဆိုပြီးလျှင် ထိုလေးကောင်သာ မဟုတ်သေး၊ ထိုလေးကောင်တို့တွင် တကောင် တကောင်မှာ အခြံအရံ ငါးရာ ငါးရာစီရှိသဖြင့် မြေခွေးနှစ်ထောင်ရှိ၏၊ ထိုမြေခွေး နှစ်ထောင် ခြံရံလျက် ငါလာမည်၊ ထိုမြေခွေးတို့သည် အစာကို မစားရလျှင် သင်တို့လင်မယား နှစ်ကောင်ကို သတ်၍ စားကြလိမ့်မည်ဟု ခြိမ်းချောက်ပြောဆိုပြန်၏။
သေဘေး ကြောက်လှ ထွက်ပြေးကြ
ထိုအခါ မြေခွေးမသည် ကြောက်လန့် ရကား ဤဆိတ်မလာခြင်း၌ အကျိုးမရှိ၊ မလာအောင် ဥပါယ်ဖြင့် ပြုဦးမည်ဟု
ကြံစည်ကာ–
“အို-အဆွေခင်ပွန်းမ...သင် အိမ်မှထွက်သည် ရှိသော် ဥစ္စာဘဏ္ဍာတို့ ပျက်စီးကုန်လတံ့၊ အဆွေ ခင်ပွန်းမ၏ အနာကင်းသော အဖြစ်ကို ငါပြောဆိုအံ့၊ ဤအရပ်၌သာ နေပါ၊ မလာပါလင့်” ဟု ပြောဆိုကာ သေဘေးမှ ကြောက်ရကား လျင်မြန်သော အဟုန်ဖြင့် ပြေးလွှား၍ လင့်ထံသို့ သွားလေ၏၊ ထိုမြေခွေးမသည် ဆိတ်မရှိရာ အရပ်သို့ တဖန်မလာဝံ့တော့ချေ။
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်–
ရဟန်းတို့...
*ထိုအခါ ရုက္ခစိုးနတ်သည်-ယခုအခါ ငါဘုရား ဖြစ်လာပြီ-
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁) ဣန္ဒြေများ၊ စောင့်ရှောက်ငြား၊ တံခါးလုံခြုံစွာ။
(၂) ကြည့်ရှုချိန်ကျ၊ ကြည့်ရှုက မထကိလေသာ။
(၃) အချိန်မတန်၊ ကြည့်ရှုပြန်၊ ပွားရန်ကိလေသာ။
ပူတိမံသ ဇာတ်ပြီး၏။
***
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။