[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိမြို့တော်အတွင်းသို့ ဆွမ်းခံမဝင်မီ ပရိဗိုဇ်အခြံအရံ သုံးထောင်နှင့်အတူ မလ္လိကာအာရာမ၌နေသော ပေါဋ္ဌပါဒပရိဗိုဇ်အထံ ကြွတော်မူပုံ၊ တိရစ္ဆာနကထာ (၂၇)မျိုးကို ပြောဆိုနေကြသော ပရိဗိုဇ်တို့ကို ပေါဋ္ဌပါဒပရိဗိုဇ်က ဆူဆူညံညံအသံများ တိတ်ဆိတ်သွားအောင် ဆောင်ရွက်ပုံ၊ ပေါဋ္ဌပါဒပရိဗိုဇ်က ဘုရားရှင်ကို ခရီးဦးကြိုဆိုပြီး နှုတ်ဆက်စကားများ လျှောက်ထား၍ သီတင်းသုံးတော် မူပါရန် နေရာပေးပုံ၊ မိမိအတွက် နိမ့်သောနေရာတွင်ယူ၍ ထိုင်နေပုံ-အစရှိသော ဘုရားရှင်နှင့် ပရိဗိုဇ်တို့၏ ဆက်ဆံရေးအနေအထားကို လေ့လာနိုင်ပါသည်။

ပေါဋ္ဌပါဒပရိဗိုဇ်က ဘာသာခြားပုဂ္ဂိုလ်များ အစည်းအဝေး၌ တင်ပြကြသော သဘောမတူညီသော ဆရာကြီးများ၏ “အဘိသညာနိရောဓကထာ ၄-မျိုးကို အကြောင်းပြု၍ တိကျစွာ ဟောပြနိုင်သော ဘုရားရှင်ကို သတိရနေပုံနှင့် “အဘိသညာ နိရောဓကထာ”ကို မေးလျှောက်ပါသည်။

ဘုရားရှင်က “အဘိသညာနိရောဓကထာများသည် အစကတည်းက ချွတ်ယွင်းနေပုံ၊ အကြောင်းနှင့်တကွ သညာဖြစ်ပုံ၊ သိက္ခာကြောင့် သညာဖြစ်ပုံ၊ သိက္ခာကြောင့် သညာချုပ်ပုံကို ဘုရားရှင် ပွင့်တော်မူချိန်မှစ၍ စူဠသီလ, မဇ္ဈိမသီလ, မဟာသီလတို့ကို ဟောတော်မူ၍ ရဟန်းတော်၏ သီလသမ္ပန္နဖြစ်ပုံ၊ နီဝရဏငါးပါးကို ပယ်စွန့်နိုင်ပုံ ရူပါဝစရပဌမဈာန်ကိုရပုံ၊ ရှေးဖြစ်သော ကာမသညာချုပ်ပုံ ဝိဝေကဇ ပီတိသုခ သုခုမသစ္စာသညာ ဖြစ်ပုံ၊ ဒုတိယဈာန်ကိုရသည့်အခါ ယင်းသညာချုပ်ပျောက်ပြီး “သမာဓိဇ ပီတိသုခ သုခုမသစ္စသညာ” ဖြစ်ပုံ၊ တတိယဈာန်ကိုရသည့် အခါ ယင်းသညာချုပ်ပျောက်ပြီး “ဥပေက္ခာသုခသုခုမသစ္စသညာ ဖြစ်ပုံ၊ စတုတ္ထဈာန်ကိုရသည့်အခါ ယင်းသညာချုပ်ပျောက်ပြီး “အဒုက္ခမသုခ သုခုမသစ္စသညာ” ဖြစ်ပုံ၊ အာကာသာနဉ္စာယတနဈာန်ကိုရသည့်အခါ ရူပသညာ, ပဋိဃသညာ, နာနတ္တ သညာ”တို့ ချုပ်ပျောက်ပြီး “အာကာသာနဉ္စာယတန သုခုမသစ္စသညာ”ဖြစ်ပုံ၊ ဝိညာဏဉ္စာယတနဈာန်ကိုရသည့်အခါ ယင်းသညာ ကင်းပျောက်ပြီး “ဝိညာဏဉ္စာယတနဈာန် သုခုမသစ္စသညာ ဖြစ်ပုံ၊ အာကိဉ္စညာယတနဈာကို ရသည့်အခါ ယင်း သညာကွယ်ပျောက်ပြီး “အာကိဉ္စညာယတနသုခုမသစ္စသညာ” ဖြစ်ပေါ်လာပုံ၊ ကျင့်သုံးမှုသိက္ခာကြောင့် အချို့သောသညာဖြစ်လာပုံ၊ အချို့သောသညာများ ချုပ်သွားပုံကို ဟောကြားတော်မူပါသည်။

ဤသာသနာတော်၌ သညာရှိသောရဟန်းသည် ပဌမဈာန်မှ ဒုတိယဈာန်၌, ဒုတိယဈာန်မှ တတိယဈာန်၌ အစဉ်အားဖြင့် သညာတို့၏အဆုံးဖြစ်သော အာကိဉ္စာယတနဈာန်သို့ရောက်၏။ ရရှိပြီးသောသညာတို့ ချုပ်ပျောက်ပြီး ကြမ်းတမ်းသော သညာဖြစ်လာမည်ကို ကြံစည်၍ ရရှိထားသောသမာပတ်ကိုလည်း မဝင်စား, အထက် သမာပတ်ကို ရရှိရန်လည်း အားမထုတ်သောရဟန်းအား ရရှိထားသော ထိုသညာတို့လည်း ချုပ်ကုန်၏၊ ထိုမှတစ်ပါး ရုံ့ရင်းကြမ်းတမ်းသော သညာတို့လည်း မဖြစ်ကုန်။ ထိုသို့ပြုကျင့်သော ရဟန်းသည် သညာ, ဝေဒနာတို့၏ချုပ်ရာ နိရောဓသို့ ဆိုက်ရောက်လေ၏။ ပေါဋ္ဌပါဒ ဤသို့လျှင် “အနုပုဗ္ဗာဘိသညာနိရောဓ သမ္ပဇာန သမာပတ္တိ” ဖြစ်၏။ ဤ အနုပုဗ္ဗာဘိသညာနိရောဓသမ္ပဇာနသမာပတ္တိ”ကို ကြားဖူး၏လော့-ဟု ဘုရားရှင်က မေးတော်မူပြီး အနုပုဗ္ဗာဘိသညာနိရောဓ သမ္ပဇာန သမာပတ္တိ”ဟူသည် ဤသည်ပင်တည်းဟု ဘုရားရှင်က မိန့်ကြားတော်မူပါသည်။ ပေါဋ္ဌပါဒ၏ မေးလျှောက်ထားချက်အရ သညဂ္ဂတစ်မျိုးနှင့် သညဂ္ဂများစွာ ဟောကြားတော်မူပုံ၊ ရှေးဦးစွာ သညာဖြစ်ပြီးနောက်မှ ဉာဏ်ဖြစ်ပုံ၊ သညာ ဖြစ်ခြင်းကြောင့် ဉာဏ်ဖြစ်ပုံကို ဟောကြားတော်မူပါသည်။

ဘုရားရှင်၏ မေးမြန်းချက်အရ- ပေါဋ္ဌပါဒ လျှောက်ထားသော

၁။ ရုပ်စတုမဟာဘူတိက ကဗဠီကာရာဟာရဘက္ခ ဩဠာရိကအတ္တ၊

၂။သဗ္ဗင်္ဂပစ္စင်္ဂီ အဟီနိန္ဒြိယ မနောမယအတ္တ၊

၃။သညာမယအရူပီအတ္တ-တို့ကို “သညာသည် အတ္တမှတစ်ခြား၊ အတ္တသည် သညာမှ တစ်ခြားဖြစ်ပုံကို ဟောတော်မူပါသည်။

ပေါဋ္ဌပါဒ၏ မေးလျှောက်ထားချက်အရ “သညာသည် ပုရိသ၏အတ္တ”ဟု လည်းကောင်း၊ “သညာသည် အတ္တမှတစ်ပါး တစ်ခြား, အတ္တသည် သညာမှတစ်ပါး တစ်ခြား”ဖြစ်ပုံကို သာသနာတော်မှ တစ်ပါးတစ်ခြားသော အယူရှိသော, သာသနာတော်မှ တစ်ပါးတစ်ခြားသော အယူကိုနှစ်သက်ကျေနပ်သော၊ သာသနာတော်မှ တစ်ပါးတစ်ခြားသော အယူဝါဒ၌ အားထုတ်သော၊ သာသနာတော်မှ တစ်ပါးသော ဆရာကို ကျေနပ်နှစ်သက်နေသော သင်ကဲ့သို့သောပုဂ္ဂိုလ်များ မသိနိုင်ပုံကို မိန့်ကြားတော်မူပါသည်။

ဘုရားရှင် ဖြေကြားတော်မမူသော “သဿတော လောကော, ဣဒမေဝ သစ္စာ မောဃမညံ” ဟူသော ပြဿနာ ၁၀-ချက်ကို ပေါဋ္ဌပါဒက မေးမြန်းလျှောက်ထားရာ ယင်းပြဿနာများသည် “အတ္ထသံဟိတ, ဓမ္မသံဟိတ, အာဒိဗြဟ္မစရိယက, နိဗ္ဗိဒါယ, ဝိရာဂါယ, နိရောဓာယ, ဥပသမာယ, အဘိညာယ, သမ္ဗောဓာယ, နိဗ္ဗာနာယ-မဖြစ်သောကြောင့် ဘုရားရှင် ဖြေကြားတော်မမူပုံ၊ သစ္စာလေးပါးသည်သာ အတ္ထသံဟိတအစရှိသော အကျိုးတရားဆယ်ပါးကို ဖြစ်စေသောကြောင့် ဘုရားရှင် ဟောတော်မူပုံကို မိန့်ကြားတော်မူပြီး ပြန်ကြွတော်မူခဲ့ပါသည်။

ဘုရားရှင် ပြန်ကြွတော်မူပြီး ပရိဗိုဇ်များက ပေါဋ္ဌပါဒပရိဗိုဇ်အား ဧကံသိက ဓမ္မဒေသနာတော်ကို ပီပီပြင်ပြင် တိတိကျကျ မသိရဘဲ အနုမောဒနာပြုရမည်လားဟု အပြစ်တင်ပြောဆိုကြပါသည်။ နှစ်ရက် သုံးရက်လွန်သောအခါ ပေါဋ္ဌပါဒပရိဗိုဇ်သည် ဆင်ဆရာ သားစိတ္တနှင့်အတူ ဘုရားရှင်အထံတော်သို့ ရောက်လာပြီး ပရိဗိုဇ်များက “သဿတော လောကော” အစရှိသော ပြဿနာ ၁၀-ချက်ကို အကြောင်းပြု၍ ပရိဗိုဇ်များက မိမိအား အပြစ်တင်ပြောဆိုကြပုံကို လျှောက်ထားပါသည်။

ဘုရားရှင်က “ပရိဗိုဇ်များသည် ပညာမျက်စိကန်းများဖြစ်ကြပုံ၊ သင်တစ်ဦးတည်းသာ ပညာမျက်စိရှိသူဖြစ်ပုံ၊ ယင်းပြဿနာ ၁၀-ချက်သည် အတ္တသံဟိတ အစရှိသော အကျိုး ၁၀-မျိုး မရှိခြင်းကြောင့် အနေကံသိကဓမ္မများဖြစ်ပုံ၊ သစ္စာလေး ပါးတရားသည်သာ အတ္ထသံဟိတအစရှိသော အကျိုးတရား ၁၀-ပါးကို ရရှိစေခြင်း ဖြစ်စေခြင်းကြောင့် “ဧကံသိကဓမ္မ”အဖြစ် ဟောကြားတော်မူပုံ။ “ဧကန္တသုခီ ပရံမရဏာ အရောဂဖြစ်သော အတ္တရှိ၏”ဟု အယူရှိကြကုန်သော သမဏဗြာဟ္မဏတို့သည် ထိုအတ္တကို မသိ မမြင်ဖူးကြကုန်။ ထိုအတ္တကို မျက်မှောက်ပြုနိုင်သော ပဋိပဒါကိုလည်း မသိမမြင်ကြကုန်။ “ဧကန္တသုခလောက၌ ဖြစ်နေကြကုန်သော နတ်, ဗြဟ္မာတို့၏ အသံနှင့်ယင်းဌာနသို့ ရောက်နိုင်သော ပဋိပဒါကိုလည်း မသိကြပုံကို “ဇနပဒကလျာဏီကို မသိမမြင်ဖူးဘဲ လိုချင်နေသော ယောက်ျားဥပမာဖြင့် ထိုသမဏဗြဟ္မဏတို့၏ စကားအခြေအမြစ် မရှိပုံ၊ လမ်းလေးခု အဆုံ၌တည်နေသော ပြသာဒ်သို့ ဝင်ပေါက်ကိုမသိဘဲ တက်ရောက်ရန် လှေကားထောင်နေသော ယောကျာ်းဥပမာဖြင့် ထိုသမဏဗြဟ္မဏတို့၏စကား အခြေအမြစ် မရှိပုံ။

ဩဠာရိကအတ္တဘာဝ, မနောမယအတ္တဘာဝ, အရူပီအတ္တဘာဝ သုံးမျိုးကို ရရှိပုံ၊ ထိုအတ္တဘာဝသုံးမျိုးရရှိမှုကို ပယ်စွန့်နိုင်ရန် တရားဟောတော်မူပုံ ဟောတော်မူသည့်အတိုင်း ကျင့်သုံးနေကြကုန်သော သင်တို့သည် သံကိလေသိကဓမ္မတို့ကို ပယ်စွန့်နိုင်ပုံ၊ ဝေါဒါနိယဓမ္မတို့ တိုးပွားနိုင်ပုံ၊ ပညာပါရိပူရီ ဝေပုလ္လပတ္တဖြစ်ပြီး မျက်မှောက်ဘဝမှာပင် ထူးသောဉာဏ်ပညာဖြင့် သိမြင်မျက်မှောက်ပြု၍ ပြည့်စုံစွာနေနိုင်ပုံ၊ ပါမောဇ္ဇ, ပီတိ, ပဿဒ္ဓိ, သတိ, သမ္ပဇညတရားတို့ဖြစ်ပြီး ချမ်းသာစွာ နေနိုင်ပုံ၊ မေးမြန်းလာသော ပုဂ္ဂိုလ်တို့ကိုလည်း ဤအတိုင်းပင် ဖြေကြားနိုင်ပုံ၊ ပြသာဒ်ပေါ်သို့ တက်ရန် လှေကားထောင်နေသော ယောက်ျားဥပမာဖြင့် မေးမြန်းလျှောက်ထားမှုကို ဖြေဆိုခြင်း၏ အခြေအမြစ်ရှိသော စကားဖြစ်ပုံ”တို့ကို တစ်မျိုးစီ တစ်မျိုးစီဖြင့် အတ္တ ဘာဝ ပဋိလာဘ သုံးမျိုးကို ခွဲခြမ်းစိတ်ဖြာဝေဖန်၍ ဟောကြားတော်မူပါသည်။

ဟတ္ထိသာရိပုတ္တစိတ္တ က “အတ္တဘောသုံးမျိုးတို့တွင် တစ်ခုခုကိုရနေလျှင် ကျန်နှစ်ခုသည် မောဃဖြစ်ပြီး ရရှိနေသော အတ္တဘာဝသည်သာ မှန်ပါသလောဟု တစ်ပါးစီ တစ်ပါးစီ မေးလျှောက်ထားပါသည်။

ဘုရားရှင်က “အတ္တဘာဝတစ်ခုခုကို ရနေလျှင် ကျန်နှစ်မျိုးသည် အတ္တဘာဝ ဟု ပြောဆိုမရနိုင်ပုံ၊ ရရှိနေသော အတ္တဘာဝသည်သာ ပြောဆို၍ဖြစ်နိုင်ပုံကို မိန့်တော်မူပြီး ကာလသုံးပါးနှင့်စပ်၍ ဘုရားရှင်က စိတ္တအား မေးမြန်းတော်မူရာ စိတ္တက “မြတ်စွာဘုရား အတိတ်ကာလက ကျွန်ဖြစ်ခဲ့ပြီ မဖြစ်ခဲ့သည်မဟုတ်ပါ။ အနာဂတ် ကာလ၌လည်း ကျွန်ဖြစ်လိမ့်လတ္တံ့၊ မဖြစ်လတ္တံ့ မဟုတ်ပါ။ ပစ္စုပ္ပန်ကာလ၌လည်း ကျွန် ရှိနေသည် မရှိသည်မဟုတ်ပါဟု ဖြေဆိုပါမည်ဟု လျှောက်ထားပါသည်။

ဘုရားရှင်က ကာလသုံးပါးတို့၌ အတ္တဘာဝပဋိလာဘကို မေးမြန်းတော်မူရာ စိတ္တက “မြတ်စွာဘုရား အကျွန်ုပ်၏ အတိတ်ကာလ၌ အတ္တဘာဝပဋိလာဘသည် ဖြစ်ခဲ့ပြီ။ ထိုအတိတ်ကာလ၌ အတ္တဘာဝ ပဋိလာဘသည် မှန်ပါ၏။ ကျန် အတ္တဘာဝ ပဋိလာဘနှစ်ခုသည် မောဃဖြစ်ပါ၏။ အနာဂတ်ဖြစ်သော အတ္တဘာဝပဋိလာဘသည် ဖြစ်လိမ့်လတ္တံ့၊ ထိုအနာဂတ်ကာလ၌ အတ္တဘာဝပဋိလာဘသည် မှန်ပါသည်။ ကျန် အတ္တဘာဝပဋိလာဘသည် မောဃဖြစ်ပါ၏။

ပစ္စုပ္ပန်ဖြစ်သော အတ္တဘာဝပဋိလာဘသည် ပစ္စုပ္ပန်ကာလ၌ မှန်ပါသည်။ ကျန် အတ္တဘာဝပဋိလာဘနှစ်မျိုးသည် မောဃဖြစ်ပါ၏”ဟု တစ်မျိုးစီ တစ်မျိုးစီ ဝေဖန် လျှောက်ထားပါသည်။

မြတ်စွာဘုရားရှင်က “နွားမမှ နို့ရည်၊ နို့ရည်မှ နို့ဓမ်း၊ နို့ဓမ်းမှ ဆီဦး၊ ဆီဦးမှ ထောပတ်၊ ထောပတ်မှ ထောပတ်ကြည် အဆင့်ဆင့်ဖြစ်လာပုံ ဥပမာဖြင့် စိတ္တ၏ ဖြေဆိုလျှောက်ထားချက် မှန်ကန်ပုံကို တစ်မျိုးစီ တစ်မျိုးစီဖြင့် ရှင်းလင်း မိန့်ကြားတော်မူပြီး မြတ်စွာဘုရားသည် လောကသမညာ, လောကနိရုတ္တိ, လောက ဝေါဟာရ-တို့ဖြင့် ဟောကြားတော်မူပုံကို မိန့်ကြားတော်မူပါသည်။

ဒေသနာတော်အဆုံး၌ ပေါဋ္ဌပါဒပရိဗိုဇ်လည်း သရဏဂုံဆောက်တည်၍ ဥပါသကာအဖြစ်ခံယူပြီး ဟတ္ထိသာရိပုတ္တစိတ္တ-က ရဟန်းပြုပေးပါရန် လျှောက်ထားပါသည်။ ဟတ္ထိသာရိပုတ္တစိတ္တ ရဟန်းပြု၍မကြာမီ ရဟန္တာဖြစ်သွားပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ သိမှတ်ဖွယ်ရာများကို ပြည့်ပြည့်စုံစုံ ဖွင့်ပြထားပါသည်။ [၂]


ဤသုတ်ကို ဟောပြောရခြင်း ကား ပေါဋ္ဌပါဒအမည်ရှိသော ပရိဗိုဇ်ကို အကြောင်းပြု၍ ဖြစ်သည်။ ဘုရားမြတ်စွာသည် အနာထပိဏ်သူဋ္ဌေး လှူဒါန်းအပ်သော ဇေတဝန် ကျောင်းတိုက်၌ နေတော်မူစဉ် ပေါဋ္ဌပါဒသည် ပရိဗိုဇ်ရဟန်းတို့နှင့် အတူ မလ္လိကာရုံသို့ သွားရောက်၏။ ထိုအခါ ဘုရားမြတ်စွာသည် ပေါဋ္ဌပါဒထံ ကြွလာတော်မူရာ ပေါဋ္ဌပါဒက အရိုအသေပေးသည်။ ဤသုတ်ကား သမာဓိဆောက်တည်ခြင်းနှင့် အတ္တပြဿနာတို့နှင့် ပတ်သက်သောသုတ် ဖြစ်သည်။[၃]

အကိုးအကား ပြင်ဆင်ရန်

  1. -ဒီ၊၁၊၁၆၇-၁၈၇။ ဒီ၊မြန်၊၁၊၂၀၃-၂၃၀။ ဒီ၊ဋ္ဌ၊၁၊၃၀၀-၃၁၆။ ဒီ၊ဋီ၊၁၊၃၆၁-၃၈၃။ သီ၊ဋီ၊သစ်၊၂၊၃၆၈-၄၀၁။ ဒီဃနိကာယ၊ သီလက္ခန္ဓဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။