ပေါ်တာ၏ အားသက်ရောက်မှု ၅ ခုကို ခွဲခြမ်းစိတ်ဖြာခြင်း

ပေါ်တာ၏ အားသက်ရောက်မှု ၅ ခုကို ခွဲခြမ်းစိတ်ဖြာခြင်း ဆိုသည်မှာ စီးပွားရေး ကဏ္ဍတစ်ခုအတွင်း ယှဉ်ပြိုင်မှုများ၏ အနေအထားကို ခွဲခြမ်းစိတ်ဖြာ၍ စီးပွားရေး မဟာဗျူဟာ ချမှတ်ရာတွင် အသုံးပြုသော နည်းလမ်း တစ်ခု ဖြစ်သည်။ ထိုခွဲခြမ်းစိတ်ဖြာမှုကို စီးပွားရေး အဖွဲ့အစည်းဆိုင်ရာ ဘောဂဗေဒပညာရပ်ပေါ်တွင် အခြေခံ၍ ယှဉ်ပြိုင်မှု အနည်းအများကို ဖြစ်စေသော အား ၅ခုကို သုံးသပ်၍ ထိုစီးပွားရေး ကဏ္ဍ၏ ဆွဲဆောင်နိုင်မှုကို ဆုံးဖြတ်ပေးနိုင်သည်။ ဆွဲဆောင်နိုင်မှုဆိုသည်မှာ စီးပွားရေး ကဏ္ဍကြီး တစ်ခုလုံး၏ အမြတ်ရနိုင်စွမ်းပင် ဖြစ်သည်။ ဆွဲ​ဆောင်နိုင်မှု မရှိသော စီးပွားရေးကဏ္ဍဆိုသည်မှာ ထို အား ၅ ခု ပူးပေါင်း၍ စီးပွားရေး ကဏ္ဍ၏ အမြတ်ရနိုင်စွမ်းကို ကျဆင်းအောင် တွန်းချနေသော အခြေအနေကို ဆိုလိုသည်။ အလွန်ပင် ဆွဲဆောင်မှု မရှိသော စီးပွားရေး ကဏ္ဍများတွင် ယှဉ်ပြိုင်မှု သက်သက်သာ ရှိသော အခြေအနေသို့ ချဉ်းကပ်သွားပြီး စီးပွားရေးလုပ်ငန်းများ အားလုံးသည် သာမန် အမြတ်ငွေသာ ရရှိသော အခြေအနေသို့ ဆိုက်ရောက်သွားကြသည်။ ထို ခွဲခြမ်းစိတ်ဖြာမှုကို ပထမဆုံး တီထွင်ခဲ့သူမှာ ဟားဗတ် တက္ကသိုလ်မှ မိုက်ကယ်လ် အီး ပေါ်တာ ဖြစ်သည်။

ပေါ်တာ၏ အား ၅ ခုကို ပုံဖြင့် ပြထားပုံ