ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့
ဖြစ်ပေါ်လာပုံ
ပြင်ဆင်ရန်တော်လှန်ရေးကောင်စီ ကြေညာချက်အမှတ် (၇၂) ဖြင့် ‘ပြည်ထောင်စု မြန်မာနိုင်ငံပြည်တွင်း ညီညွတ်ရေး အကြံပေးအဖွဲ့’ ကို ၁၉၆၈၊ ဒီဇင်ဘာလ-၄ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ ၁၉၆၈၊ နိုဝင်ဘာ-၂၉ မှာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်းက အမှတ် (၁၆) ဝင်ဒါမီယာ နေအိမ်မှာ နိုင်ငံရေး ခေါင်းဆောင် ဟောင်း (၃၃) ဦးကို ဖိတ်ခေါ်ပြီး အမျိုးသား စည်းလုံး ညီညွတ်ရေး အတွက် အကြံဉာဏ်များ ပေးကြဖို့ ညီညွတ်ရေးတွင်မက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံတခု ပေါ်ထွန်းလာတဲ့အထိ အကြံဉာဏ်ကောင်းများ ပေးကြဖို့ဆိုပြီး တွေ့ဆုံပြောဆိုခဲ့ပါတယ်။ အဲဒီတွေ့ဆုံပြောဆို အကြံဉာဏ်တောင်းခံခြင်း ဆိုတာရဲ့ရလဒ်အဖြစ် ‘ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့’ ကြီးပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်
ပြင်ဆင်ရန်အကြံပေးအဖွဲ့ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက် ကိုလည်း ပြည်ထောင်စု မြန်မာနိုင်ငံတွင်းရှိ လုပ်သားပြည်သူ တို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသား လူမျိုးများ အရေးတို့တွင် အဓွန့်ရှည်စွာ တကယ် အကျိုး ထိရောက်စေမည့် ပြည်တွင်း ညီညွတ်ရေးကို မည်သို့ တည်ဆောက်သင့်သည် နှင့် ပတ်သက်၍ နည်းလမ်း အကြံဉာဏ်များ ဆွေးနွေး တိုင်ပင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ အား တင်ပြရန် ပြည်တွင်း ညီညွတ်ရေး အကြံပေး အဖွဲ့ ကို ဖွဲ့စည်း လိုက်သည်လို့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။
သက်တမ်းကာလ နှင့် ပါဝင်သည့် ပုဂ္ဂိုလ်များ
ပြင်ဆင်ရန်အကြံပေးအဖွဲ့ ရဲ့ သက်တမ်း ကာလ အဖြစ် ၁၉၆၈-ဒီဇင်ဘာမှ ၁၉၆၉၊ မေလ-၃၁ ရက်နေ့အထိ (၆) လ သတ်မှတ် ထားပါတယ်။ တရားဝင် ဖွဲ့စည်း ပေးလိုက်တဲ့ အကြံပေး အဖွဲ့ကြီး မှာ နိုင်ငံရေး ခေါင်းဆောင် ဟောင်း ပုဂ္ဂိုလ်ကြီး (၃၃) ဦး ပါဝင်တဲ့ အတွက် “၃၃-ဦး အကြံပေးအဖွဲ့” လို့ပဲ လူသိများခဲ့ပါတယ်။
ပါဝင်ခဲ့ရတဲ့ပုဂ္ဂိုလ်ကြီး (၃၃) ဦးကတော့ -
- ဦးကျော်ငြိမ်း၊
- ဦးကျော်မင်း၊
- ဗိုလ်ခင်မောင်လေး၊
- ဗိုလ်ခင်မောင်၊
- သခင်ချစ်မောင် (ဝိဓူရ)၊
- သခင်ချစ်မောင် (မြန်အောင်)၊
- စဝ်စိုင်းလုံ၊
- သခင်စံမြင့်၊
- ဒူဝါဇော်ရစ်၊
- ဒူဝါဇော်လွန်း၊
- သခင်တင်၊
- ဦးတင်ညွန့်၊
- ဦးထပ်လိင်း၊
- ဦးထွန်းမြင့် (လင်းခေး)၊
- ဦးနု၊ (ဝန်ကြီးချုပ်ဟောင်း)၊
- စဝ်ပြည့်၊
- မွန်ဖိုးချို၊
- ဦးဗဆွေ၊
- ဗိုလ်မင်းခေါင်၊
- ဦးရွှေóကိင်၊
- သခင်လွင်၊
- သခင်လှကျွေ၊
- သခင်လေးမောင်၊
- ဦးလွမ်းပုံ၊
- စဝ်ဝဏ္ထ၊
- မန်းဝင်းမောင်၊
- ဖဒေိုဝသော်၊
- သခင်သင်၊
- သခင်သာခင်၊
- ဆရာသာထို၊
- ဦးသာထွန်း၊
- ဗိုလ်မှူးအောင်၊
- နိုင်အောင်ထွန်း
တို့ ဖြစ်ကြပါတယ်။
အစုလိုက်
ပြင်ဆင်ရန်သတင်းစာတချို့ကတော့ (၃၃) ဦး ကော်မတီ လို့လဲ ခေါ်ဝေါ်ကင်ပွန်းတပ်ခဲ့ပါတယ်။ အကြံပေးအဖွဲ့ဟာ သတ်မှတ်ကာလ (၆) လအတွင်း အစည်းအေဝး (၉၃) ကြိမ် ကျင်းပဆွေးနွေးခဲ့ကြပြီး အစီရင်ခံစာ ပြုစု တဲ့ အခါမှာ တူရာတူရာ အစုလိုက် အစုလိုက် အစု (၄) စုခွဲပြီး အကြုံပြုချက် (၄) ခုအဖြစ် စုစည်း ပေါင်းရုံး တင်ပြ ခဲ့ကြပါတယ်။ အစီရင်ခံစာမှာ အဖွဲ့ဝင် (၁၈) ဦး၏ အကြုံပြုချက်၊ အဖွဲ့ဝင် (၁၁) ဦး၏ အကြုံပြုချက်၊ ဦးကျော်ငြိမ်းပါ (၃) ဦး၏ အကြုံပြုချက်၊ ဦးနု၏ အကြုံပြုချက်ဆိုပြီး (၄) ခုရှိနေခဲ့ပါတယ်။
အကြံပြုချက်များ
ပြင်ဆင်ရန်တရားဝင်သတ်မှတ်ထားတဲ့ ကာလ အတိုင်းအတာ အတိုင်း အကြုံပြုချက် (၄) မျိုးပါ အကြံပေး စာတမ်း တွေကို ၁၉၆၉၊ မေလ-၃၁ ရက်နေ့မှာ (၃၃) ဦး အကြံပေးအဖွဲ့ ကနေ တရားဝင် တင်သွင်းခဲ့သည်။ A
ဦးဗဆွေ ပါ ၁၈ဦး အကြံပြုချက်
ပြင်ဆင်ရန်ဦးဗဆွေ၊ ဦးကျော်မင်း၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်မှူးအောင်၊ သခင်တင်၊ ဗိုလ်မင်းခေါင်၊ နိုင်အောင်ထွန်း၊ ဒူဝါဇော်ရစ်၊ ဒူဝါဇော်လွန်း၊ စဝ်ပြည့်၊ စဝ်စိုင်းလုံ၊ စဝ်ဝဏ္ထ မန်းဝင်းမောင်၊ ဆရာသာထို၊ ဦးထပ်လိင်း၊ ဦးလွမ်ပုံ၊ ဦးရွှေóကိင်၊ ဗိုလ်ခင်မောင် စတဲ့ (၁၈) ဦးရဲ့ အကြုံပြုချက် ကတော့
- ဒီမိုကရေစီ ဆိုရှယ်လစ် နိုင်ငံ ထူထောင်ရန်၊
- ပါတီစုံ ကျင့်သုံးရန်၊
- ခြေလေးချောင်းထောက် စီးပွားရေးစနစ်ကျင့်သုံးရန်၊
- ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကိုမူတည်ပြီး ပြင်ဆင်ဖြည့်စွက်ရေးဆွဲရန်
ဆိုပြီး အကြုံပြုခဲ့ပါတယ်။
သခင်ချစ်မောင် (ဝိဓူရ)ပါ ၁၁ဦး အကြံပြုချက်
ပြင်ဆင်ရန်သခင်ချစ်မောင် (ဝိဓူရ)၊ သခင်လွင်၊ သခင်သင်၊ သခင်လှကျွေ၊ သခင်လေးမောင်၊ ဖဒေိုဝသော်၊ သခင် စံမြင့်၊ ဦးတင်ညွန့်၊ လင်းခေးဦးထွန်းမြင့်၊ မွန်ဖိုးချို၊ ဦးသာထွန်း စတဲ့ (၁၁) ဦးရဲ့ အကြုံပြုချက်ကတော့ အချုပ် အားဖြင့်
- ဆိုရှယ်လစ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်၊
- အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုဖွဲ့ရန်၊
- အမျိုးသား ညီညွတ်ရေး အစိုးရဖွဲ့ရန်၊
- စီးပွားရေးမှာစီမံကိန်း စီးပွားရေးစနစ်ကျင့်သုံးရန်နဲ့
- ဆိုရှယ်လစ် ဒီမိုကရေစီ ပန်းတိုင်ကို ရှေးရှုတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ရေးဆွဲရန်
ဆိုပြီး အကြုံပြုခဲ့ကြပါတယ်။
ဦးကျော်ငြိမ်းပါ ၃ဦး အကြံပြုချက်
ပြင်ဆင်ရန်ဦးကျော်ငြိမ်း၊ သခင်သာခင်၊ သခင်ချစ်မောင် (မြန်အောင်) ပါ (၃) ဦးရဲ့ အကြုံပြုချက်ကတော့ (၁၈) ဦးရဲ့ အကြုံပချက်နဲ့ ယေဘုယျအားဖြင့် ကွဲပြားခြားနားမှုမရှိပဲ လူမျိုးရေးနဲ့ပတ်သက်ပြီး သဘောထားကို သီးခြားတင်ပြထားရာမှာသာ သိသိသာသာ ကွဲပြားပေါ်လွင်နေပါတယ်။
- နိုင်ငံတော်နဲ့ပတ်သက်ပြီး တပြည်ထောင်စနစ်ထူထောင်ရန်၊
- မွန်နဲ့ရခိုင်တို့ကို ပြည်နယ်တည်ထောင်ခွင့် မပေးရန်၊
- မည်သည့်ပြည်နယ်ကိုမှ ခွဲထွက်ခွင့်မပေးရန်
ဆိုတဲ့ အကြံဉာဏ်တွေကို အကြုံပြုတင်ပြထားပါတယ်။
ဦးနု ၏ အကြံပြုချက်
ပြင်ဆင်ရန်ဦးနုတဦးတည်းရဲ့ အကြုံပြုချက်ကတော့
- အာဏာကို မိမိ (ဦးနု) အား ပြန်အပ်ရန်၊
- အာဏာရပြီးလျှင် ဗိုလ်ချုပ်ကြီး နေဝင်းအား အုပ်ချုပ်မှု အာဏာ အပြည့်အဝရှိသော နိုင်ငံတော်သမ္မတအဖြစ် ခန့်အပ်ရန်၊
- သမ္မတ က ပါလီမန် ဒီမိုကရေစီ ကိုအခြေပြုတဲ့ အခြေခံ စည်းမျဉ်းတခု ရေးဆွဲမယ့် အမျိုးသား ညီလာခံကြီး တရပ် ကျင်းပရန်
ဆိုတာတွေကို အကြုံပြုခဲ့ပါတယ်။
ဦးနေဝင်း ၏ သုံးသပ်ချက်
ပြင်ဆင်ရန်(၃၃) ဦးရဲ့ အကြံပေးချက်တွေ ကို လည်း တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်းက လက်မခံ ပယ်ချ ခဲ့ပါတယ်။ ဦးနု တဦးတည်းရဲ့ အကြုံပြုချက် လုံးဝ လက်မခံနိုင်ကြောင်း တိတိလင်းလင်း ထုတ်ဖော် ပြောဆို ခဲ့သလို ကျန် (၃၂) ဦးရဲ့ အကြုံပြုချက် တွေကိုလဲ (၂၁) ဦး (၁၈+၃) အကြံပေးချက်နဲ့ (၁၁) ဦးရဲ့ အကြံပေးချက် အဖြစ် ခွဲကန့်ပိုင်းခြား ကြည့်မြင်ကာ (၂၁) ဦးရဲ့အကြံပေးချက်တွေကို လုံးဝ ဖယ်ရှား ပစ်ခဲ့သည်။ (၁၁) ဦးရဲ့ အကြံပေးချက် ကိုတော့ တော်လှန်ရေး ကောင်စီ ရဲ့ အမြင်နဲ့ နီးစပ်တာ တွေ့ရှိသည် လို့ စကားအားဖြင့် ပြောဆိုခဲ့ပေမဲ့ အဆုံးမှာ လက်တွေ့အရကတော့ ဖယ်ရှား ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်၊ ပထမ အကြိမ် မဆလ ပါတီညီလာခံသို့ တင်သွင်းတဲ့ နိုင်ငံရေး အစီရင်ခံစာမှာ ပြည်တွင်း ညီညွတ်ရေး အကြံ ပေးအဖွဲ့သည် ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တို့နှင့် ပတ်သက်၍ ထိရောက်သည့် အကြံဉာဏ်များ ကို ပေးနိုင်ခဲ့ခြင်းမရှိ လို့ ကောက်ချက် ဆွဲပြခဲ့ပါတယ်။
အဖွဲ့နိဂုံး
ပြင်ဆင်ရန်(၃၃) ဦး အကြံပေးကော်မတီဟာ (၆) လပဲ သက်တမ်းရှည်ကြာခဲ့ရပြီး ဘာမှ မယ်မယ်ရရ ရလဒ်ကောင်း မထွက် ခဲ့ရတဲ့ အဖွဲ့ကြီးတခုအဖြစ် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ အချိန်ဆွဲကစားကွက်အတွင်းမှာ အလဟဿ အချိန် ကုန်ခဲ့ရတဲ့ အဖွဲ့ကြီးအဖြစ် နိဌိတံသွားခဲ့ရပါတော့တယ်။
မှတ်စု
ပြင်ဆင်ရန်- A. ^ ဝန်ကြီးချုပ်ဟောင်း ဦးနုဟာ (၁၁-၄-၁၉၆၉) နေ့မှာ မိသားစုနဲ့အတူ အိန္ဒိယ ကို ဘုရားဖူးနဲ့ ဆေးကုသမှု ခံယူရန် အကြောင်းပြချက် နဲ့ မြန်မာနိုင်ငံ မှ ထွက်ခွာ သွားခဲ့ပေမယ့် သူရဲ့ အကြံပြုချက် စာတမ်းကို ဗိုလ်မှူးအောင် မှတဆင့် ပေးပို့ခဲ့တာ ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။