ပြည် တိပိဋကဆရာတော်
မြန်မာနိုင်ငံသာသနာဝင်တွင် တတိယ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပြည်ဆရာတော်၊ ရန်ကုန် ပဉ္စနိကာယ သာသနာ့ဗိမာန်ဆရာတော် အမည်နှစ်ရပ်ဖြင့် ထင်ရှားသည်။ ဝေဠုဝန်နိကာယ၊ ပြည် ပွင့်လှသိမ်ကုန်း တတိယဆရာတော်၏ ညာလက်ရုံး တပည့်ကြီးဖြစ်သည်။ ရဟန်း ၆ ဝါရ၌ အစိုးရ ဓမ္မာစရိယစာချတန်းကို တစ်နိုင်ငံလုံး ဒုတိယအဆင့်ဖြင့် အောင်မြင် ပြီးနောက် ရန်ကုန် ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ ညောင်တုန်းတိုက်၊ မန္တလေးဘုရားကြီးတိုက်၊ စကုတိုက်၊ မိုးကောင်းတိုက်၊ ပခုက္ကူ၊ မဟာ ဝိသုတာရာမတိုက်တို့၌ ပိဋကတ်စာပေများ ဆက်လက်သင်ယူသည်။ ပခုက္ကူ ခန်တောရပ်ရိပ်သာ ဆရာတော်ထံ ပဋိပတ္တိ သုံးလ နည်းနာခံယူပြီး မိခင်တိုက်ပြန်၍ တိုက်အုပ် တာဝန်ယူဆောင်ရွက်သည်။ ဆဋ္ဌသင်္ဂါယနာတွင် ပါဠိဝိသောဓကအဖြစ်ပါဝင်ခဲ့သည်။ ဒုတိယ တိပိဋကရ ဓမ္မဘဏ္ဍာ ဂါရိက ပခုက္ကူ ရှင်နေမိန္ဒ၏ တိုက်တွန်းမှုဖြင့် တိပိဋကစာမေးပွဲ ဝင်ဖြေရာ သက်တော် ၃၆ သိက္ခာ ၁၇ ဝါရတွင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့ ဆက်ကပ်ခံရသည်။ သိက္ခာ ၂၈ ဝါရတွင် မစိုးရိမ်ဆရာတော်၏ တာဝန် ပေးချက်အရ နိကာယ် သာသနာပြန့်ပွားရေးအတွက် ရန်ကုန် ပဉ္စနိကာယ သာသနာ့ဗိမာန်ကျောင်းတိုက်တည်၍ သာသနာပြုခဲ့ရာ ခန္ဓာဝန်ချသည့်တိုင်ဖြစ်သည်။
ကောသလ္လ၊ ရှင်၊ ပြည် တိပိဋကဆရာတော်
ပြင်ဆင်ရန်၁၉၂၇ ခုနှစ် စက်တင်ဘာလ ၅-ရက် တနင်္လာနေ့တွင် ပဲခူးတိုင်း ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် ဝါးရုံဆိပ်ရွာ၌ ဖွားသည်။ အဖ ဦးဘိုးရင်၊ အမိ ဒေါ်ဒေါင်းစိန် ဖြစ်သည်။ မွေးချင်း သုံးဦးတွင် အကြီးဆုံး။ အမည်ရင်း မောင်ကျော်စိန် ဖြစ်သည်။
ဆရာဦးထွန်းကြိုင်၊ ဆရာဦးစန်းဝင်းတို့၏ မြန်မာစာသင်ကျောင်းတွင် သတ္တမတန်းအထိ ပညာသင်ခဲ့သည်။ ၁၉၄၁ ခု မတ်လ ၁၁-ရက် အင်္ဂါနေ့ ခု အသက် ၁၃-နှစ်တွင် ဝါးရုံဆိပ်ရွာကျောင်းဆရာတော် ရှင်ဣန္ဒာစက္ကကို ဥပဇ္ဈာယ်ပြု သာမဏေဖြစ်သည်။ မိဘနှစ်ပါးက ရှင်ဒါယကာခံသည်။ သာမဏေဘွဲ့ ရှင်ကောသလ္လ ဖြစ်သည်။ သာမဏေဝတ်ဖြင့် ဥပဇ္ဈာယ် ဆရာထံ ပိဋကတ်အခြေပြုကျမ်းစာများ သင်ယူသည်။
၁၉၄၆ ခု အသက် ၁၉-နှစ်တွင် ပြည် ပွင့်လှသိမ်ကုန်းတိုက် ပြောင်း ရွှေ့ ပညာသင်သည်။ ပွင့်လှသိမ်ကုန်းကျောင်းတိုက်သည် အဘိဓမ္မာအရာတွင် အလွန်ထင်ရှားသည်။ ပထမ ပထမ ပွင့်လှသိမ်ကုန်းဆရာတော် ရှင်နာရဒ (၁၈၃၂–၁၉၀၂) ဒုတိယမြို့ပြင်ကြီးဆရာတော် ရှင်စန္ဒဝံသ (၁၈၂၇— ၁၉၀၁)တို့မှာ အဘိဓမ္မာအရာတွင် ထင်ရှားကျော်ဇောသည်။
၁၉၄၇ ခု မတ်လ ၆-ရက် ကြာသပတေးနေ့တွင် ပြည်မြို့ ပွင့်လှ သိမ်ကုန်းကျောင်းတိုက် ရဟန္တာသိမ်၌ ရဟန်းဖြစ်သည်။ ဝါးရုံဆိပ်ရွာကျောင်း ဒါယကာ ဦးချစ်စု ကျောင်းအမ ဒေါ်မယ်တင်တို့က ရဟန်းဒါယကာ ခံယူသည်။ တတိယ ပွင့်လှသိမ်ကုန်းဆရာတော် ရှင်တိက္ခ (၁၈၈၃–၁၉၈၀)က ဥပဇ္ဈာယ်ဆရာပြုသည်။ ဘွဲ့ ရှင်ကောသလ္လ ဖြစ်သည်။ ရှင်တိက္ခမှာ နောင် အခါ ပဉ္စမမြောက် ဝေဠုဝန်နိကာယ အဓိပတိအဖြစ် တင်မြှောက်ခံရသည်။
ရှင်ကောသလ္လသည် ပွင့်လှသိမ်ကုန်းတိုက်၌ ပရိယတ္တိစာပေ ဆက် လက်သင်ယူရာ ၁၉၄၇ ခုတွင် အစိုးရပထမငယ်၊ ၁၉၄၈ ခုတွင် ပထမလတ်၊ ၁၉၅၀ ပြည့်နှစ်တွင် ပထမကြီးစာမေးပွဲများ အောင်မြင်သည်။ ရဟန်း ၅ ဝါရ ၁၉၅၂ ခုတွင် အစိုးရ ဓမ္မာစရိယစာချတန်းကို ကျမ်းရင်းသုံးကျမ်း၊ ဂုဏ်ထူး ခြောက်ကျမ်း အောင်မြင်၍ တစ်နိုင်ငံလုံးတွင် ဒုတိယရကာ “သာသနဓဇ သီရိပဝရ” ဓမ္မာစရိယ ဘွဲ့ရသည်။ စာမေးပွဲကိစ္စများ ပြီးဆုံးပြီးနောက် ပိဋကတ်ဆိုင်ရာ အထက်တန်းစာပေများကို ရန်ကုန် ခြောက်ထပ်ကြီး ဘုရားကြီးတိုက်၊ ညောင်တုန်းတိုက်၊ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက်၊ မိုးကောင်းတိုက်၊ စကုတိုက်တို့တွင် သင်ယူ၍ ပခုက္ကူ ခန်တောရပ် ဦးဇောတိကထံ ပဋိပတ္တိကို ၃ လခန့် ကျင့်ကြံအားထုတ်သည်။ ထို့နောက် မိခင်တိုက် ပြည် ပွင့်လှသိမ်ကုန်းပြန်၍ တိုက်တာအုပ်ချုပ်ရေး၊ စာပေ ပို့ချရေး စာချတာဝန်များ ထမ်းဆောင်သည်။ အထူးအားဖြင့် ပွင့်လှ သိမ်ကုန်းတိုက်အုပ်အဖြစ် ဥပဇ္ဈာယ်ဆရာတော်၏ တာဝန်များကို ခွဲဝေ ထမ်းဆောင်ရသည်။ ၁၉၅၄ ခု ဆဋ္ဌသင်္ဂါယနာပွဲသဘင်တွင် ပါဠိ ဝိသောဓက အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်သည်။
၁၉၅၅ ခု ၇-ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲ၌ ဝိနယပိဋက အာဂုံနှင့် ရေးဖြေ စာမေးပွဲနှစ်ရပ်လုံး၌ ဂုဏ်ထူးများဖြင့် အောင်မြင်သော ပိဋက တစ်ပုံအောင် ပခုက္ကူ အရှင်နေမိန္ဒ၏ တိုက်တွန်းမှုဖြင့် ၁၉၅၆ ခု ကြိမ်မြောက် တိပိဋကဓရ စာမေးပွဲ ဝင်ရောက်ဖြေဆိုသည်။ စာမေးပွဲ ဖြေစဉ် မိခင်တိုက်တာ အုပ်ချုပ်ရး၊ စာချတာဝန်မပျက် ထမ်းဆောင်လျက် တစ်နေ့ လေးနာရီ စာကျက်ချိန်ဖြင့် ၈-နှစ် ကြာခဲ့သည်။ အချို့နှစ်များတွင် စာမေးပွဲကျရှုံးခဲ့သော်လည်း ဇွဲ လုံ့လ ဝီရိယဖြင့် အားထုတ်ခဲ့ရာ ၁၉၅၅ ခု ၈-ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲတွင် သုတ္တန္တပိဋက သင်ရိုး ဒီဃနိကာယ် ၃ ကျမ်း အာဂုံ၌ ဝိသိဋ္ဌ (ဂုဏ်ထူး)၊ ၁၉၅၉ ခု ၁၁-ကြိမ်မြောက် စာမေးပွဲ၌ ရေးဖြေအောင်မြင်၍ “ဝိသိဋ္ဌ ဒီဃဘာဏက ဒီဃနိကာယ ကောဝိဒဘွဲ့။ ၁၉၆၀ ပြည့် ၁၂-ကြိမ်မြောက်၌ ဝိနယပိဋက ဝိနည်း ၅ ကျမ်း အာဂုံနှင့် ရေးဖြေ အောင်မြင်၍ “ဝိနယဓရ ဝိနယကောဝိဒ” ဘွဲ့။ ၁၉၆၂ ခု ၁၄-ကြိမ်မြောက်၌ အဘိဓမ္မာ ၅ ကျမ်း၊ ၁၉၆၄ ခု ၁၆-ကြိမ်မြောက်၌ အဘိဓမ္မာ ၂ ကျမ်း အာဂုံနှင့် ရေးဖြေ အောင်မြင်ခဲ့၍ “အာဘိဓမ္မိက အဘိဓမ္မကောဝိဒ” ဘွဲ့များ ဆက်ကပ်ခဲ့သည်။ သက်တော် ၃၆ သိက္ခာတော် ၁၆ ဝါရတွင် တိပိဋဓရ တိပိဋကကောဝိဒဘွဲ့ ဆက်ကပ် ခံရရာ တတိယမြောက် တိပိဋက ပြည်ဆရာတော်အဖြစ် ပူဇော်ခံရသည်။
၁၉၆၄ ခု မတ်လ ၁၅-ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ သာသနာ့ ရိပ်သာ၌ သာသနာ့ အာဇာနည်ပုဂ္ဂိုလ်များ ဘွဲ့တံဆိပ် ဆက်ကပ်သည့် အခမ်းအနား၌ “တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက” ဘွဲ့တံဆိပ် ဆက်ကပ်ခံ ရသည်။
၁၉၆၅ ခု မတ်လ ၁၇-ရက်တွင် မှော်ဘီမြို့၌ “သာသနာ သန့်ရှင်းပြန့်ပွားရေး အစည်းအဝေးကိုတော်လှန်ရေးကောင်စီက တာဝန်ယူ ကျင်းပ ခဲ့ရာ ပခုက္ကူ၊ မဟာဝိသုတာရာမတိုက် အဓိပတိ အရှင်သုန္ဒရက ဥက္ကဌ၊ တတိယတိပိဋက ပြည်ဆရာတော်က အကျိုးဆောင်ဆရာတော်အဖြစ် ဆောင်ရွက်သည်။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ် ဆက်ကပ်ခံရပြီးနောက် ပြည် ပွင့်လှသိမ်ကုန်းတိုက် ပရိယတ္တိစာချတာဝန်ခံ၊ တိုက်တာ အုပ်ချုပ်ရေး တာဝန်များကို ဆက်လက်ဆောင်ရွက်သည်။ ထိုစဉ် ဝေဠုဝန်နိကာယ တွဲဘက်အကျိုးဆောင်၊ ပွင့်လှသိမ်ကုန်း ပုညစေတီတော် တည်ဆောက်ရေး တာဝန်ခံ၊ ပြည် မြတ်စွယ်တော်ထိန်းအဖွဲ့ ဩဝါဒါစရိယ၊ နိကာယ်သာသနာတော် ထွန်းကားရေးအသင်း (၉ ဒီဇင်ဘာ ၁၉၇၃) ဩဝါဒါစရိယအဖြစ် တာဝန်ပေးအပ်ခံရသည်။
ဆဋ္ဌသင်္ဂါယနာ နာယက မစိုးရိမ်ဆရာတော် ရှင်သူရိယာဘိဝံသ (၁၈၇၉-၁၉၇၅)သည် နိကာယ်သာသနာ ထွန်းကားရေးအတွက် လူပျံတော် ပတ္တမြား ဦးမောင်မောင်၊ ဒေါငြိမ်းတို့၏ ရန်ကုန် ဗဟန်း တာဝါလိန်းခြံ ယာယီစံကျောင်းတွင် သီတင်းသုံးနေစဉ် အသင်းကို အနီးကပ် ကြီးကြပ် ဩဝါဒပေးနိုင်ရန် တတိယ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပြည်ဆရာတော်ကို ရန်ကုန် ပြောင်းရွှေ့သီတင်းသုံးရန် ပင့်လျှောက်သည်။ ၁၉၇၄ ခု နိုဝင်ဘာ ၂၇-ရက်တွင် ပြည်ပွင့်လှသိမ်ကုန်းဆရာတော် ရှင်တိက္ခ၏ ခွင့်ပြု မှုဖြင့် ရန်ကုန် တာဝါလိမ်းခြံ ယာယီစံကျောင်း၌ မစိုးရိမ်ဆရာတော်နှင့် အတူ သီတင်းသုံးရန် ရှင်ကောသလ္လ ရောက်လာသည်။ ၁၉၇၄ ခု ဒီဇင်ဘာ ၈-ရက်တွင် ပထမအကြိမ် နိကာယ် စာမေးပွဲများ စတင်ကျင်းပသည်။ ၁၉၇၅ ခုနှစ်တွင် နိကာယ်သာသနာ ထွန်းကားရေး ပဓာန ဒါယကာ လူပျံတော်ပတ္တမြား ဦးမောင်မောင် ကွယ်လွန်သည်။ ရက်ပေါင်း ၂၀ အကြာတွင် နိကာယ်သာသနာတော် ထွန်းကားရေးအတွက် ပဓာန ဦးဆောင်သူ မစိုးရိမ်ဆရာတော် တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းခဲ့သည်။ သို့သော် နိကာယ်သာသနာထွန်းကားရေးသည် တိပိဋကဓရ ပြည်ဆရာတော်၏ အနီးကပ်ကြီးကြပ်မှု၊ အသင်းအမှုဆောင်နှင့် စေတနာရှင် ဒါယကာ၊ ဒါယိကာမများ၏ ပံ့ပိုးမှုဖြင့် အရှိန်မပျက် ဆောင်ရွက်နိုင်ခဲ့သည်။
၁၉၇၇ ခု မတ်လ ၃-ရက်တွင် လူပျံတော်ပတ္တမြား ဦးမောင်မောင် ဒေါငြိမ်းမိသားစုသည် မူလရည်မှန်းချက်အတိုင်း ရန်ကုန်မြို့ ရန်ကင်း မြို့နယ် ကံဘဲ့ သစ္စာဝါဒီကုန်းမြေ၌ ပဉ္စနိကာယ သာသနာ့ဗိမာန်ကျောင်းတိုက်၏ ပဓာန နာယကအဖြစ် တိပိဋကဓရ ပြည်ဆရာတော်အား တင်မြှောက်၍ နိကာယ်သာသနာတော် ထွန်းကားရေးကို ဆက်လက်ဆောင်ရွက်ပါသည်။ ကျောင်းတိုက်တည်သည့် ၁၉၇၇ ခုနှစ်တွင် သံဃာ ၃၅-ပါး၊ ၁၉၈၀ ပြည့်တွင် ၉၈-ပါး၊ ၁၉၉၀ ပြည့်တွင် ၂၅၆-ပါး၊ ၁၉၉၅ ခုတွင် ၂၉၃-ပါးအထိ တိုးပွားလာသည်။ အထူးအားဖြင့် သာမဏေငယ်များ လက်ခံ၍ ပိဋကအခြေခံသင်ပေးခြင်း၊ နိကာယ် ပိဋကတ်တော်များ ပို့ချခြင်း၊ နိကာယ်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းတို့ကို ပဓာနထား ဆောင်ရွက်သည်။
ပဉ္စနိကာယ သာသနာ့ဗိမာန်ကျောင်းတိုက် ပဓာနတာဝန်အပြင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ၆၆-ပါး ဦးသျှောင်အဖွဲ့ဝင်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ရွှေတိဂုံစေတီတော် ဓမ္မသာကစ္ဆာအဖွဲ့ ဩဝါဒါစရိယ၊ ရန်ကုန်မြို့လုံးဆိုင်ရာ ပရိယတ္တိ သာသနာ့အဖွဲ့ချုပ် ဩဝါဒါ စရိယ၊ မြန်မာပြည်လုံးဆိုင်ရာ ဗုဒ္ဓသာသနအဖွဲ့ချုပ် ဩဝါဒါစရိယ၊ မစိုးရိမ် သာသနဟိတကာရီအသင်း ဩဝါဒါစရိယ၊ သီလရှင် သာသနဟိတကာရီ အသင်း ဩဝါဒါစရိယ၊ တက္ကသိုလ်များ ဗုဒ္ဓဘာသာအသင်းကြီး ဩဝါဒါ စရိယ၊ မိုးကောင်းစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ပိဋကတ် ဘာသာပြန် စာပေဖြန့်ချီရေးအဖွဲ့ ဩဝါဒါစရိယ၊ အမှတ် ၈ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ရေးသားပြုစုခဲ့သော ကျမ်းဂန်များမှာ ပွင့်လှသိမ်ကုန်း ထေရုပ္ပတ္တိ၊ ပွင့်လှသိမ်ကုန်း အဘိဓမ္မတ္ထ သရူပမာလာ၊ အနဂါရိယဂုဏ်တော်နှင့် အဂါရိယရှုဖွယ်ကျမ်း၊ အခြေခံသာသနာရေးကျမ်း၊ အင်္ဂုတ္တရ နိကာယ် မြန်မာကျမ်းစာ၊ ဒီဃနိကာယ် မြန်မာကျမ်းစာတို့ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။
၁၉၈၉ ခုနှင့် ၁၉၉၀ ပြည့်နှစ်များတွင် ကျောက်ကပ်ရောဂါနှင့် မျက်စေ့ကုသရန် အင်္ဂလန်နိုင်ငံ၊ လန်ဒန်သို့ နှစ်ကြိမ် သွားရောက်ခဲ့သည်။ သက်တော် ၆၉ သိက္ခာတော် ၄၉ ဝါရ ၁၉၉၅ ခု နိုဝင်ဘာ ၁၆-ရက် ကြာသပတေးနေ့ နံနက် ၁း၄၅ နာရီတွင် ရန်ကုန် ပဉ္စနိကာယ သာသနာ့ဗိမာန်ကျောင်းတိုက်၌ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းခဲ့ပါသည်။ [၁]