ပြေတီဦးပညာရေးဖောင်ဒေးရှင်း

ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကို နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၀ ခုနှစ်တွင် ကော်မတီဝင် ၈ ဦးဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ကော်မတီဝင်များမှာ (၁) ပြေတီဦး၊ (၂) ဦးဝင်းကြည်(စိန်ဌေးရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး)၊ (၃) ဦးမျိုးမင်းလှ (ဒါရိုက်တာမောင်မျိုးမင်း ရင်တွင်းဖြစ်)၊ (၄) ဦးကျော်စွာ (ဒါရိုက်တာကျော်ဇောလင်း အတွေးပုံရိပ်)၊ (၅) ဦးမြခိုင်(မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအတွင်းရေးမှူး (၁)၊ လျှပ်တစ်ပြက်သတင်းဂျာနယ်၊ မော်နီတာသတင်းဂျာနယ်၏ အယ်ဒီတာချုပ်)၊ (၆) ဦးတင်အေး (တရားရုံးချုပ်ရှေ့နေ၊ ဥပဒေအကြံပေး)၊ (၇) ဦးမောင်မောင်ဦး (မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း ဗဟို အလုပ်အမှုဆောင်၊ Asian Fame Co.Ltd ၏ ဒုဥက္ကဋ္ဌ)၊ (၈) ဦးဝင်းငြိမ်း (ရွှေအမြုတေမဂ္ဂဇင်း၊ အလင်းတန်းဂျာနယ်၊ Teen ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း အယ်ဒီတာချုပ်)တို့ ဖြစ်သည်။

ပြေတီဦးပညာရေးဖောင်ဒေးရှင်း
ပြေတီဦးဖောင်ဒေးရှင်းလိုဂို
ဖွဲ့စည်းခြင်း၃၀ နိုဝင်ဘာ ၂၀၁၀ (၂၀၁၀-၁၁-၃၀)
တည်ထောင်သူပြေတီဦး

ကိုယ်ရည်ကိုယ်သွေး ထူးချွန်သော်လည်း ငွေကြေးမပြေလည်မှုကြောင့် အားငယ်နေသူများအတွက် ထောက်ပံကူညီနိုင်ရန် အဓိကရည်ရွယ်၍ တည်ထောင်ခဲ့သည်။ ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကျင်းပသော ပြေတီဦးမွေးနေ့ အငြိမ့်ဖြန့်ချိခြင်းမှ ရရှိသော အမြတ်ငွေသိန်း ၈၀ နှင့် စိန်ဌေးဗီဒီယို ထုတ်လုပ်ရေးမှ ကျပ် ၁၀ သိန်း၊ ခရေဖြူဗီဒီယိုထုတ်လုပ်ရေးမှ ငွေကျပ် ၁၀ သိန်း၊ စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ ဖြင့် စတင်မတည်ခဲ့ပြီး ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် မင်္ဂလာဆောင်လက်ဖွဲ့မှ ရရှိငွေ၊ MRTV-4 မှ လှူဒါန်းငွေ ၃၅ သိန်းနှင့် Garnier မှလှူဒါန်းငွေ ၄၆,၅၇၅,၀၀၀ ကျပ် တို့ကိုလည်း ဖောင်ဒေးရှင်းအတွက် လှူဒါန်းခဲ့သည်။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကရဝိတ်နန်းတော်၌ ပြုလုပ်ကျင်းပခဲ့သော အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် ကျောင်းသား ၁၀ ဦးအား တစ်ဦးလျှင် ငွေကျပ် ၅ သောင်းစီဖြင့် လစဉ်ထောက်ပံ့ပေးအပ်သွားခဲ့သည်။ ၎င်းပွဲတွင် ပြေတီဦးဖောင်ဒေးရှင်းအတွက် လှူဒါန်းငွေများ စတင်လက်ခံခဲ့သည်။ ထိုပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်ခဲ့သည်။ [၁] နောက်ပိုင်းတွင် လျှောက်ထားလာသော ပညာထူးချွန်ကျောင်းသား၊ကျောင်းသူများကိုလည်း ဆက်လက်ထောက်ပံ့သွားမည်ဟု ပြေတီဦးဖောင်ဒေးရှင်း ဝက်ဆိုဒ်တွင် ရေးသားထားသည်။

လက်ရှိဖောင်ဒေးရှင်း ဥက္ကဋ္ဌမှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီပြေတီဦး ဖြစ်ပြီး၊ ဒုတိယဥက္ကဋ္ဌမှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ ဖြစ်ကြသည်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၈) ဦးအတွက် ပညာသင်ဆုအဖြစ် ငွေကျပ် (၈၄) သိန်း ထောက်ပံ့ခဲ့ပြီး အလှူရှင်များက ကျောင်းသား၊ ကျောင်းသူ (၂၇) ဦးအတွက် ပညာသင်ဆု အဖြစ် ငွေကျပ် (၁၆၂) သိန်း ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

ရည်ရွယ်ချက် ၇ ချက် ပြင်ဆင်ရန်

  • ကိုယ်ရည်ကိုယ်သွေး ထူးချွန်သော်လည်း ငွေကြေးမပြေလည်မှုကြောင့် အားငယ်နေသူများအတွက် ထောက်ပံ့ကူညီနိုင်ရန်။
  • မြန်မာနိုင်ငံတော် အတွင်း အရည်အချင်းရှိသော ပညာရှင်များနှင့် ပညာတတ်ပုဂ္ဂိုလ်များအား နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားခြင်းမရှိအောင် ကာကွယ်ရန်။
  • နိုင်ငံသား၊ လူမျိုးအချင်းချင်း ရိုင်းပင်းကူညီတတ်သောစိတ်ဓာတ်နှင့် အင်အားရှိသူက အင်အားနည်းသူကို ကူညီတတ်သောစိတ်ဓာတ် နိုးကြားလာစေရန်နှင့် ပြုစုပြိုးထောင်ပေးရန်။
  • အမှန်တကယ်လိုအပ်နေသူများအတွက် လှူဒါန်းထောက်ပံ့ရန်နှင့် စဉ်ဆက်မပြတ် လှူဒါန်းရေးအတွက်ဆောင်ရွက်နိုင်ရန်။
  • ဖောင်ဒေးရှင်းမှ ပေါ်ထွက်လာသော ဆရာဝန်များ အနေဖြင့် ဖောင်ဒေးရှင်းကို ဆက်လက်ရှင်သန် အကောင်အထည်ဖော်သွားလျှက် ရေရှည်တည်တံ့စေနိုင်ရန်။
  • စိတ်ပါဝင်စားသူ အခြားအလှူရှင်များက ထည့်ဝင်လှူဒါန်းငွေများကို လက်ခံရန်နှင့် ဆေးကျောင်းသားအရေအတွက်များကို တိုးချဲ့ထောက်ပံ့သွားရန်။
  • မြန်မာနိုင်ငံအတွင်း လူမျိုးမရွေး၊ ဘာသာမရွေး မည်သည့်ဆေးကျောင်းသားများကို မဆို ဉာဏ်ပညာထူးချွန်သူများအတွက် အလှူဒါနအဖြစ် ထောက်ပံ့လှူဒါန်းရန်။

ဖောင်ဒေးရှင်း ရန်ပုံငွေပွဲ ပြင်ဆင်ရန်

ပြေတီဦး ဖောင်ဒေးရှင်း ရန်ပုံငွေပွဲအဖြစ် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေတွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ အနုပညာရှင်များ သီဆိုပွဲ၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ၏ မုတိတာလွင်ပြင်အငြိမ့်နှင့် ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)၏ လွဲခဲတယ်နော် ပြဇာတ်တို့ကို ကပြခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့အလင်းသတင်းစာ (၁.၁၂.၂၀၁၁)