ပွန်ဇီစနစ် Ponzi Scheme ဆိုသည်မှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့်ဆိုင်သော လိမ်လည်လှည့်ဖြား နည်း တစ်ခုဖြစ်သည်။ ထိုနည်းတွင် လိမ်လည်လှည့်ဖြားသူသည် ရင်းနှီးမြှုပ်နှံသူများအား ၎င်းတို့ စတင် ထည့်ဝင်ထားသောငွေနှင့် နောက်ထပ်တိုးပွားလာသော ရင်းနှီးမြှုပ်နှံသူတို့၏ငွေများထဲမှ တချို့တဝက်ကို (လစဉ်နှစ်စဉ်) အကျိုးအမြတ်အဖြစ် လိမ်ညာ၍ပြန်ပေးကာ ကျန်ငွေများကို လှည့်ဖျားယူခြင်းဖြစ်သည်။ ပုံမှန်စီးပွားရေးလုပ်ငန်းများနှင့် ပုံမှန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ မရနိုင်သော အကျိုးအမြတ်ပုံစံ (ဥပမာ။ အချိန် အနည်းငယ်အတွင်း အကျိုးအမြတ်များစွာ ရရှိနိုင်ခြင်း၊ တစ်ကြိမ်ရင်းနှီးမြှုပ်နှံထားရုံနှင့် ရေရှည်အကျိုးအမြတ်ရနိုင်ခြင်း) တို့ဖြင့် မက်လုံး ပေးကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လေ့ရှိသည်။ ရင်းနှီးမြှုပ်နှံသူများမှ နောက်ထပ်တိုး၍ ရင်းနှီးမြှုပ်နှံလေလေ၊ ရင်းနှီးမြှုပ်နှံသူအသစ်များ တိုးပွားလာလေလေ လိမ်လည်လှည့်ဖျားသူ အတွက် အကျိုးအမြတ်ရလေလေဖြစ်သည်။

၁၉၁၀ တွင် ရဲမှတ်တမ်းအဖြစ်ရိုက်ကူး ထားသော en:Charles Ponzi ၏ပုံ

လုံလောက်သော ရင်းနှီးမြှုပ်နှံသူအသစ်များ တိုးပွားမလာခြင်း၊ ရင်းနှီးမြှုပ်နှံသူများမှ အစုများကို ပြန်လည်ထုတ်ယူလိုခြင်း (ငွေပြန်ထုတ်လိုခြင်း) စသည်တို့ကြောင့် ပွန်ဇီစနစ်မှာ အလွယ်တကူ ပြိုလဲသွားတတ်သည်။ သံသယရှိဖွယ် မက်လုံးများကြောင့်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူများအား တရားမဝင်သည့် အစုရှယ်ယာများအား ရောင်းချတတ်ကြောင့်သော်လည်းကောင်း၊ ၎င်းပွန်ဇီစနစ် မပြိုကွဲခင်မှာပင် အာဏာပိုင်များက ဝင်ရောက်စစ်ဆေးကာ တားဆီးပိတ်ပင်ပြစ်တတ်သည်။ ဤသံသယရှိဖွယ် ရင်းနှီးမြှုပ်နှံမှုစနစ်တွင် ရင်းနှီးမြှုပ်နှံသူများ တိုးပွားလာလေလေ၊ အာဏာပိုင် တို့၏လေ့လာစောင့်ကြည့်မှုမှာ များလာလေလေဖြစ်သည်။

ပွန်ဇီစနစ်ကို နာမည်ဆိုးဖြင့်ကျော်ကြားသော လူတစ်ယောက်၏အမည်ကိုယူကာ ပေးထားခြင်း ဖြစ်သည်။ ထိုသူ၏ အမည်မှာ Charles Ponzi ဖြစ်ပြီး ၁၉၀၃ ခုနှစ်တွင် အီတလီမှ အမေရိကသို့ ပြောင်းရွှေ့လာကာ ဤစနစ်ကို အသုံးပြုခဲ့သူဖြစ်သည်။ သူသည်ပွန်ဇီစနစ်အား စတင်တီထွင်သူ မဟုတ်သော်လည်း ငွေးကြေးရင်းနှီးမှုမြောက်မြားစွာပါဝင် သော သူ၏စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပထမဆုံးသုံးခဲ့သဖြင့် အမေရိကတွင်နာမည်ကျော်ကြားခဲ့သည်။ ထိုစီးပွားရေးလုပ်ငန်းမှာ အဖွဲ့ဝင် နိုင်ငံအချင်းချင်းတွင် အပြန်အလှန်အသုံးပြုနိုင်သော စာပို့တံဆိပ်ခေါင်းများကို ထိုနိုင်ငံတို့၏ မတူညီသော ငွေလဲလှယ်မှုအပေါ်အခြေခံ၍ အစုရှယ်ယာများအဖြစ် ရောင်းဝယ်ခြင်းလုပ်ငန်း ဖြစ်သည်။ သို့သော်နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံသူတို့၏ငွေများကို သူပိုင်ငွေကြေးဓနထဲသို့ ပြောင်းလိုက်ခြင်း၊ အစဦးဆုံးရင်းနှီးမြှုပ်နှံသူတို့အား အကျိုးအမြတ်အဖြစ်ခွဲပေးခြင်း စသည်တို့ကို တရားမဝင် ပြုလုပ်ခဲ့သည်။


ရဲမှတ်တမ်းအဖြစ်ရိုက်ကူး ထားသော en:Bernard Madoff ၏ပုံ

ယခုနောက်ဆုံး ဤစနစ်ကိုသုံး၍ လိမ်လည်သူမှာ အမေရိကန်မှ NASDAQ ဥက္ကဋ္ဌဟောင်း Bernard Madoff ဆိုသူဖြစ်သည်။ ပြီးခဲ့သောနှစ်ပေါင်း ၃၀ အတွင်း US$ 65 billion(£40 billion) ကို ပွန်ဇီစနစ် သုံး၍အလွဲသုံးစားလုပ်ခဲ့ သဖြင့် ထောင်ဒဏ်နှစ် ၁၅၀ နှင့် လျော်ကြေး US$ 170 billion ပေးဆောင်ရန် တရားရုံးမှ ၂၀၀၉ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။






ကိုးကား ပြင်ဆင်ရန်

https://en.wikipedia.org/wiki/Ponzi_scheme