ဖန်ခုန်တမ်း ကစားနည်း
ဖန်ခုန်တမ်း ကစားခြင်းကိုလည်း မြန်မာကလေးများကစားလေ့ ရှိကြသည်။ ဤကစားနည်းတွင် မိန်းကလေးများချည်း သာ ကစားလေ့ရှိကြလေသည်။ ကစားရာတွင် ဦးစွာ၌ မိန်းကလေးနှစ်ဦးက မြေကြီးပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်ကြရပြီးမှ ခြေထောက်များကို ဆင်းထား ကြပြီးလျှင် ခြေဖဝါးချင်းထိသည် အထိ ပြင်၍ ထိုင်ကြသည်။ ထိုနောက် ခြေထောက်တစ်ဘက်၏ ခြေချောင်းကလေး များပေါ်တွင် အခြားခြေထောက်တစ်ဘက်၏ ဖနောင့်ကို တင်လိုက်ပြီးလျှင် အခြားတစ်ယောက်ကလည်း သူ၏ ခြေထောက်၏ ဖနောင့်ကို ပထမ ကစားသူ၏ ဒုတိယ ခြေထောက်၏ ခြေဖျားများပေါ်တွင် တင်လိုက်သည်။ ပြီးလျှင် နောက်ခြေတစ်ဘက်၏ ဖနောင့်ကိုပါ ပထမ ခြေထောက်၏ ခြေချောင်းများပေါ်တွင် တင်လိုက်ပြန်သည်။ ထိုသို့ ခြေဖဝါးလေးခု တစ်ခုပေါ်တစ်ခု တင်ထားသည်ကို ကစားသူတယောက်က လွတ်အောင်ခုန်ရလေသည်။ ထိုသို့ခုန်လိုက်ရာတွင် လွတ်လျင် မျက်နှာချင်းဆိုင်ထိုင်သော ကစားသူနှစ်ဦးအနက် တစ်ဦးက သူ၏ လက်ကို တင်လိုက်ပြီးလျှင် လက်မကို ခြေမပေါ်တွင်တင်၍ အပေါ်သို့မြှောက်၍ ထွားထားလိုက်လေသည်။ ပြီးလျှင် ခုန်သူကို အခုန်ခိုင်းသည်။ ခုန်ရာ၌ လွတ်လျင် နောက်တစ်ဖန် ကျန်လက်တစ်ဘက်ကို ပထမ လက်တစ်ဘက်ကဲ့သို့ ထွားထားပြန်သည်။ ပြီးလျှင် ခုန်စေပြန်သည်။ ထိုအချိန်၌လည်း လွတ်သေးလျှင် အခြားတစ်ယောက်၏ လက်ကို ထွာစေပြီးလျှင် အခုန်ခိုင်းပြန်သည်။ ထိုအချိန်၌လည်း လွတ်အောင် ခုန်နိုင် သေးလျှင် အခြားလက်တစ်ဘက်ဖြင့် ထွာထားပြန်သည်။ ပြီးလျှင် ခုန်စေပြန်သည်။ လွတ်အောင်မခုန်နိုင်လျှင် ထိုသူသည် ထိုင်သူအဖြစ် ဆောင်ရွက်ရသည်။ မျက်နှာချင်းဆိုင် နှစ်ယောက်၏ ခြေလေးဘက်နှင့် လေးထွာကို လွတ်အောင် ခုန်နိုင်လျှင် ဘေးမှ ကစားသူ တစ်ယောက်က ထိုင်နေသူနှစ်ယောက်အနက် တစ်ယောက်အနီးဘေးတွင် ဝင်ထိုင်လိုက်ပြီးလျှင်ကူ၍ ထွာပေးရလေသည်။ ထိုနှစ်ထွာကိုပင် လွတ်အောင်ခုန်နိုင်လျှင် အခြားကစားသူ တစ်ဦးက ဝင်ကူသူနှင့်မျက်နှာချင်းဆိုင်ဘက်ရှိ ကစားသူ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီးလျှင် သူ၏ အထွာများဖြင့် ကူ၍ မြင့်စေလေသည်။ လွတ်အောင်မခုန်နိုင်သူက ခြေထောက်များကိုဆင့်၍ ပေးခြင်းဖြင့် တစ်လှည့်စီ ကစားသွားနိုင်လေသည်။ ထိုသို့ အမြင့်ခုန်နိုင်သောအခါတွင် မျက်နှာချင်းဆိုင် ထိုင်နေသော ကစားသူနှစ်ဦးသည် သူတို့၏ ခြေထောက်များကို ကားလိုက်ကြလေသည်။ ထိုအခါ ခြေထောက်လေးချောင်းသည် လေးထောင့်နီးပါး ဖြစ်နေလေသည်။ ထိုသို့ဖြစ်နေသည့် ကွက်လပ်အတွင်းသို့ ခုန်သူ၏ ခြေထောက်တစ်ဘက်ကို ထားပြီးလျှင် ကျန်တစ်ဘက်ကို အပြင်တွင်ထားလေသည်။ ထိုနောက် ခုန်ပြီး လျှင် ခြေထောက်ချင်းကိုလဲလိုက် ရလေသည်။ တစ်ခါတစ်ရံတွင် ထိုသို့ မခုန်ဘဲ ခြေထောက်လေးချောင်းကြောင့် ဖြစ်ပေါ်နေသော လေးထောင့်နီးပါးကို အတွင်းသို့ ခြေထောက်မကျစေဘဲ လွတ်အောင်ခုန်ရလေသည်။ ပထမနည်းဖြင့် ခြေထောက် တစ်ဘက်စီကို တစ်လှည့်စီ အတွင်းနှင့်အပြင်သို့ ကျအောင် ခုန်စဉ်တွင် မူးစေ့၊ မတ်စေ့၊ ကျပ်ပြား၊ ဒဂသ္မါး၊ မုံ့ဝယ်စား၊ ဗိုက်ကား၊ သေလိုက်ဟူ၍ တစ်ခါခုန်လျှင် တစ်မျိုးစီ ဆိုသွားလေ့ရှိသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)