ဖလော်ရင့်စ် နိုက်တင်ဂေးလ်

(ဖလော်ရင့်(စ)နိုက်တင်ဂေးလ် မှ ပြန်ညွှန်းထားသည်)

ဖလော်ရင့်စ် နိုက်တင်ဂေးလ်(Florence Nightingale)(၁၈၂၀-၁၉၁၀) ကို အီတလီပြည်၊ ဖလော်ရင့်(စ)မြို့၌ ၁၈၂၀ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ထိုခေတ်က ဗြိတိန်နိုင်ငံသားများသည် သား သမီးမွေးဖွားလျှင် မိမိတို့၏ မြို့ရွာဒေသ၏အမည်ဖြင့် မှည့် ခေါ်သည့် စိတ်အစွဲရှိကြသူများ ဖြစ်သောကြောင့် သမီးဖြစ်သူ ကို သူ့မိဘများမှ ဖလော်ရင့်(စ)နိုက်တင်ဂေးလ်ဟု အမည်ပေး ခဲ့သည်ဟူ၏။

ဖလော်ရင့်စ် နိုက်တင်ဂေးလ်
ဖလော်ရင့်စ် နိုက်တင်ဂေးလ် (၁၈၆၀ ခုနှစ်ခန့်)
မွေးဖွား(1820-05-12)၁၂ မေ၊ ၁၈၂၀
ဖလောရန့်စ်မြို့
ဆုံးပါး၁၃ ဩဂုတ်၊ ၁၉၁၀(1910-08-13) (အသက် ၉၀)
မေဖဲ၊ လန်ဒန်မြို့၊ အင်္ဂလန်
နိုင်ငံလူမျိုးဗြိတိသျှ
နယ်ပယ်ဆေးရုံ သန့်ရှင်းရေး၊ စာရင်းအချက်အလက်များ
အဖွဲ့အစည်းဌာနSelimiye Barracks, Scutari
King's College London[၁]
ကျော်ကြားမှုအရင်းခံခေတ်ပေါ်သူနာပြုရှေ့ဆောင်
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များတော်ဝင်ကြက်ခြေနီ (၁၈၈၃)
Lady of Grace of the Order of St John (LGStJ) (1904)
Order of Merit (1907)
လက်မှတ်
မှတ်စု

ဖလော့ရင့်(စ)၏ မိဘများသည် ချမ်းသာကြ၏။ အထက်တန်းလွှာ အသိုက်အဝန်း၌ ဝင်ဆံ့ကြ၏။ နိုင်ငံရေးနှင့် လူမှုရေးလောကတွင် ဦးဆောင်ဦးရွက် ပြုနေကြသည့် ပုဂ္ဂိုလ် ကြီးများအထိ ရင်းနှီးကျွမ်းဝင်ကြ၏။ မတောင့်မတ မကြောင့် မကြ လိုတရ ဘဝများနှင့် ကြီးပြင်းခဲ့ရသည်။ ဖလော်ရင့်(စ) သည် ကျောင်းပညာအရာ၌လည်း သူ့ခေတ်က ပညာတတ် အမျိုးသမီးလောကတွင် ထိပ်တန်းမှ ရှိခဲ့သည်ဆို၏။ မိတ်ဆွေလည်း ပေါ၏။ ခရီးသွားခြင်းကို ဝါသနာပါ သဖြင့် မိမိတိုင်းပြည်သာမက နိုင်ငံရပ်ခြား တိုင်းပြည်များသို့ ပင် အလည်အပတ်သွားခဲ့၏။ စူးစမ်းဆင်ခြင်နိုင်သည့်သဘော ရှိသလို လူအများအကျိုးကို သယ်ပိုးဆောင်ရွက်ချင်သည့်ဆန္ဒ မှာ ပို၍ပို၍ ကြီးမားလာခဲ့သည်ဆို၏။ သို့သော် သူမသည် သူမဘဝကို ကျေနပ်အားရနိုင်ခြင်းမရှိ။ မိမိတို့မှာ ရှိသမျှသော အရာတို့သည် အချည်းအနှီးနှင့် အဓိပ္ပာယ်မဲ့သော အဆောင် အယောင် ပကာသနများသာ ဖြစ်သည်ဟူသော အတွေးသစ် တို့ ပေါ်ပေါက်ခဲ့သည်ဆို၏။ ထို့ကြောင့် အသက် ၃ဝ ကျော်အရွယ်တွင် လူသား အများတို့အား အကျိုးကျေးဇူးပြုသည့် လုပ်ငန်းတစ်စုံတစ်ရာ ပြုလုပ်ဆောင်ရွက်နိုင်မှသာလျှင် မိမိဘဝသည် တန်ဖိုးရှိသော၊ အဓိပ္ပာယ် စစ်မှန်ပြည့်ဝသော ဘဝဖြစ်မည်ဟူ၍ သူမစိတ်ထဲတွင် ဖြစ်ပေါ်လျက်ရှိခဲ့သည်ဟူ၏။ မိဘများမှာလည်း မပြော သာ၍ ကြည့်နေခဲ့ပြီး သမီးစိတ်ချမ်းသာစေရန်သာ ခွင့်ပြုခဲ့ကြ ရသည်ဆို၏။

မိဘများမှ သမီးကို ချစ်ခင်မြတ်နိုးလှသော်လည်း သမီး ဝါသနာပါနေသည့် လူမှုရေးလုပ်ငန်းဖြစ်သော သူနာပြု လုပ်ငန်းကို မလုပ်ရန် တားမြစ်ကြည့်ကြ၏။ စိတ်အပြောင်း အလဲဖြစ်စေရန် နိုင်ငံရပ်ခြား တိုင်းပြည်များသို့ စေလွှတ်ခဲ့၏။ သို့သော် မပြောင်းလဲခဲ့။ သမီးဖလော်ရင့်(စ)မှာ ထိုဝါသနာကို သာ စွဲမြဲခဲ့လေပြီ။ မိမိ စိတ်ဝင်စားခဲ့သော ထိုလုပ်ငန်းတာဝန်ကြီးကို မထမ်းဆောင်သေးမီ ဖလော်ရင့်(စ)သည် သူဝင်ရောက်လုပ် ကိုင်မည့် ဆေးရုံများ၊ သူနာပြုစုနေသည့် သူနာပြုများ၏ဘဝ များစွာကို လေ့လာခဲ့လေ၏။ ထိုခေတ်က သူနာပြုများ၏ဘဝ သည် လူနာများပေါ်တွင် စေတနာမပါခဲ့သလို ဝတ္တရားကျေ လုပ်သည့်အပြင် ထိုလုပ်ငန်းသည် အောက်ဆုံးအလွှာသူဆင်းရဲ များသာ လုပ်သည့်အချိန် ဖြစ်သည်ဆို၏။ လူတကာရွံရှာ၍ ရှောင်ရှားသည့်လုပ်ငန်း။ ထိုလုပ်ငန်းကိုမှ ဖလော်ရင့်(စ) စိတ်ဝင်စားခဲ့ခြင်း။ ထို့ကြောင့် ကုသပြုစုခြင်းများ မစတင်မီ မိတ်ဆွေများနှင့် ဖလော်ရင့်(စ)သည် ရောမမြို့သို့ စတင်သွားရောက်ခဲ့သည်။ ထိုရောမမြို့ကြီးတွင် ကမ္ဘာ့သမိုင်းဝင် အဆောက်အဦများကို စိတ်မဝင်စား။ ဖလော်ရင့်(စ) စိတ်ဝင်စားသည်က ရိုမန်ကက် သလစ် ဘာသာဝင် သီလရှင်စစ္စတာများ၏ ကုသိုလ်ဖြစ်လုပ် ငန်းများ။ ထိုရောမမြို့ ဆေးခရက်ဟတ်ကွန်ဗင့်ကျောင်း၌ ဆယ် ရက်မျှ နေထိုင်ခဲ့ပြီး သီလရှင်တို့၏ လူမှုရေးဆိုင်ရာ စေတနာ့ ဝန်ထမ်း လုပ်ငန်းများတွင် အဖွဲ့အစည်း ပုံသဏ္ဌာန်ဖြင့် ဝင်ရောက်လုပ်ကိုင်နေကြပုံကို ကိုယ်တွေ့လေ့လာခဲ့သည်။ ထိုမှ ဂျာမနီပြည် ကိုင်ဇာစဝပ်မြို့။ ထိုမြို့၌ ဖလိဒ်နာ အမည်ရှိ ပရိုတက်စတင့် ခရစ်ယာန်ဓမ္မဆရာတစ်ဦး ဦးဆောင် လျက် ဆေးရုံသူနာပြုများအတွင်း သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ထားကြောင်း သူကြားသိခဲ့ရသည်ဆို၏။ ထိုအခါတွင် သူမတို့ အင်္ဂလန်တွင်လည်း ထိုသို့သူနာပြုလုပ်ငန်းများ စနစ် တကျ ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်မည်။ သို့သော် အီတလီ၊ ဂျာမနီတို့မှာကဲ့သို့ ဘာသာရေး အဖွဲ့အစည်း ဘောင် ထဲမှ မဟုတ်ဘဲ ပြင်ပပုဂ္ဂိုလ်များမှ ဦးဆောင်လုပ်ကိုင်သည့် လူမှုဝန်ထမ်းသက်သက် ဖြစ်စေရမည်ဟူ၍ သူမ ဆုံးဖြတ်ခဲ့ သည်ဆို၏။

ထိုကာလမှာပင် ဖလော်ရင့်(စ)သည် စေတနာ့ဝန် ထမ်းလုပ်ငန်းတွင် ဘဝတစ်လျှောက်လုံး ခင်မင်လေးစားစွာ ဆက်ဆံရမည့် မိတ်ဆွေကောင်း ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် တွေ့ဆုံ ခဲ့ရလေ၏။ ထိုပုဂ္ဂိုလ်ကြီးကား ဆစ်ဒနီဟားဗတ်။ ဟားဗတ် သည် အင်္ဂလိပ်နယ်စား မျိုးရိုး။ ဝန်ကြီးဟောင်း တစ်ဦး။ ဟားဗတ်တို့ဇနီးမောင်နှံနှင့် ဖလော်ရင့်(စ)တို့ ဆုံတွေ့မိရာမှ စိတ်သဘောထားနှင့် အယူအဆများကို သိရှိသွားပြီး လေးစား ခင်မင်မိခဲ့ကြသည်ဆို၏။

ဖလော်ရင့်(စ)အနေနှင့် သူဝါသနာပါ၍ ပြုလုပ်တော့ မည်ဖြစ်သော လုပ်ငန်းကြီးသည် သူကြီးပြင်းကျင်လည်ခဲ့ရာ ဘဝနှင့် မိုးနှင့်မြေဖြစ်နေသောကြောင့် ဆုံးဖြတ်ချက်ချရန် စတင် လုပ်ကိုင်ရန် နှောင့်နှေး၍ နေမိသည်ဆို၏။ သို့နှင့် ပြင်သစ်ပြည် ပါရီမြို့သို့ ခရီးထွက်ခဲ့ပြန်၏။ ၁၈၄၉။

ပါရီမြို့တွင်လည်း စိန့်ဗင်ဆင့်ဒပေါအသင်းမှ သီလ ရှင် စစ္စတာနှစ်ယောက်နှင့် မိတ်ဆွေဖြစ် ဆုံတွေ့ခဲ့သည်။ စစ္စတာများမှ သူမအား အီဂျစ်ပြည် အလက်ဇန္ဒီးယားမြို့တွင် အခြေစိုက်သည့် ၎င်းတို့အသင်းအကြောင်း ပြောကြားသဖြင့် စိတ်ဝင်စားကာ ဖလော်ရင့်(စ)သည် ဥရောပတိုက်ကို ဖြတ် သန်း၍ အီဂျစ်ပြည်သို့ သွားခဲ့သည်။

အီဂျစ်ပြည် အလက်ဇ`န္ဒီးယားမြို့သို့ ရောက်သော အခါ စိန့်ဗင်းဆင့်ဒပေါအသင်းမှ ထူထောင်ထားသည့် စာသင် ကျောင်းများ၊ ဆေးရုံများကို လိုက်လံကြည့်ရှုလေ့လာခဲ့သည်။ ထိုမြို့မှ ရရှိခဲ့သည့် အကျိုးကျေးဇူးများကား ဆေးရုံလုပ်ငန်း တွင် တိကျသောစည်းကမ်းနှင့် စနစ်တကျ အုပ်ချုပ်နိုင်ရေး သည် အလွန်အရေးကြီးကြောင်း သိမြင်ခဲ့ရခြင်းဖြစ်သည်။

ထိုမှအပြန် ဂျာမနီသို့ သွားရောက်ကာ ဖလိဒ်နာ၏ ပရိုတက်စတင့် ခရစ်ယာန် အမျိုးသမီးသင်းထောက်သင်တန်း ကျောင်းသို့ဝင်ပြီး လေ့လာခဲ့သေးသည်။ ထိုသူနာပြုသင်တန်း ကိုလည်း အထူးနှစ်သက် သဘောကျခဲ့ပြန်၏။

ထိုခရီးစဉ်အားလုံးတွင် ဖလော်ရင့်(စ)သည် ဆင်းရဲ ဒုက္ခရောက်နေသူများ၊ ရောဂါဝေဒနာရှင်များအတွက် မည်သို့ သော စေတနာ့ဝန်ထမ်းလုပ်ငန်းများ ရှိလေသနည်းဟု မေးမြန်း စူးစမ်းကာ တကူးတက သွားရောက်လေ့လာသည်ဟုဆို၏။

ထိုသို့ကြည့်ရှုလေ့လာခဲ့ရင်းမှ မိမိတို့တိုင်းပြည်တွင် ထိုကဲ့သို့လုပ်ငန်းမျိုးသည် အခြေခံမျှပင် မရှိကြောင်း သူတွေးမိ လာဆို၏။ မွမ်းမံရုံနှင့်မရ၊ အသစ်တည်ထွင်ရမည်ကိုလည်း သဘောပေါက်ခဲ့သည်ဆို၏။ သို့နှင့် မိဘများနှင့် အသိုက် အဝန်းကို ဖလော်ရင့်(စ)မှ ဖွင့်ဟတိုင်ပင်ရာ မိဘများမှသဘော မတူခဲ့ပေ။ သို့သော် ဖလော်ရင့်(စ)မိတ်ဆွေကြီး ဆစ်ဒနီဟား ဗတ်မှ သူမအတွက် မိဘများကို တဖြည်းဖြည်း စည်းရုံး ဖျောင်းဖျပေးခဲ့သည်။ မိဘများမှာ နောက်ဆုံးတွင် ခွင့်ပြု သဘောတူခဲ့ရသည်။

ထို့ကြောင့် ဖလော်ရင့်(စ)သည် ညီမတစ်ဦးကို အဖော် အဖြစ် ခေါ်ဆောင်ကာ ဥရောပခရီး နောက်တစ်ကြိမ်ထွက်ခဲ့ ပြန်လေ၏။ ဂျာမနီတွင် ဖလိဒ်နာ၏သင်တန်း၌ ဖလော်ရင့်(စ) သည် သင်တန်းသူအဖြစ် စာရင်းသွင်းရင်း သင်တန်းတက်ခဲ့ လေ၏။ ထိုသင်တန်းမှ သူတစ်ပါးတို့ အကျိုးအတွက် မိမိမှ အနစ်နာခံ၊ အပင်ပန်းခံရသည့် စေတနာရှင်တို့၏ဘဝကို ကိုယ်တွေ့သိရှိခဲ့ရသည်ဆို၏။ သူနာပြုဆိုင်ရာ ဗဟုသုတများ နှင့် သူမရာသက်ပန် လုပ်ကိုင်သွားမည့် လုပ်ငန်းကြီးအတွက် စိတ်ဓာတ်စွမ်းအားများ ရရှိခဲ့သည်ဆို၏။ ထိုမှ အင်္ဂလန်သို့ပြန်လာကာ လန်ဒန်နှင့် အီဒင်ဘာ ရာမြို့များရှိ ဆေးရုံများရှိ သူနာပြုလုပ်ငန်းနှင့် လိုအပ်ချက် များ၊ ပြင်သစ်ပြည်ပါရီမှ ပြင်သစ်သူနာပြု အဖွဲ့အစည်းများ အကြောင်းများကို အသေးစိတ် လေ့လာမှတ်သားခဲ့သည်။

၁၈၅၃ ခုနှစ်၊ ဩဂုတ်လတွင် ဖလော်ရင့်(စ)နိုက်တင် ဂေးလ်သည် လန်ဒန်မြို့ကြီးမှာပင် ဆင်းရဲချို့တဲ့၍ ဆွေမျိုး ဉာတိနည်းပါးသော ဂိလာန အမျိုးသမီးကြီးများအတွက် ပထမ ဦးဆုံး ရည်ရွယ်ကာ ဂိလာန အမျိုးသမီးကြီးများ စောင့်ရှောက် ရေးဌာနကို ဖွင့်လှစ်ခဲ့လေသည်။ ဟာလေလမ်း အမှတ်(၁)။

ဖလော်ရင့်(စ)သည် ကိုယ်တိုင်ဦးစီးသည့် ထိုသူနာပြု စောင့်ရှောက်ရေးလုပ်ငန်းကို သိမြင်လေ့လာခဲ့သော ကောင်းမွန် သောစည်းကမ်း အသိပညာ ဗဟုသုတများဖြင့် သန့်ရှင်းစင် ကြယ်စွာ ထားရှိမှုများနှင့် စတင်ခဲ့လေ၏။

ဖလော်ရင့်(စ)သည် ဆေးပညာရှင်တစ်ဦး မဟုတ် သော်လည်း သူ့ဆေးရုံ၌ လူနာများအား သူ့ခေတ်ကာလ ဆေးပညာအဆင့်အတန်း ရှိသမျှ အပြည့်အဝ ခံစားစေပြီး ဆေးရုံလုပ်ငန်း တာဝန်များကို အကောင်းဆုံး၊ အချောမွေ့ဆုံး၊ တိကျသော စည်းမျဉ်းများဖြင့် ပြည်သူတို့၏ အဆင့်အတန်းကို မြှင့်တင်ပေးနေသူ တစ်ဦးအဖြစ် အသိအမှတ် ပြုလာခဲ့ကြရ သည်ဆို၏။

သူမ၏စွမ်းဆောင်အောင်မြင်မှုများကို ဆေးဘက်ဆိုင် ရာမှ အထူးပင် လေးစားခဲ့ကြသည်။ ထိုကာလနှစ်များမှာပင် ကရိုင်းမီးယားစစ်ပွဲကြီး ဖြစ်ပေါ်ခဲ့လေ၏။ ရုရှားနှင့် တူရကီ၊ ပြင်သစ်၊ အင်္ဂလိပ်တို့ စစ်ပွဲကြီး။ ၁၈၅၄ ခုနှစ်။

ထိုတိုက်ပွဲကြီး၏ သတင်းများမှာ ဖလော်ရင့်(စ)ကို စစ်မြေပြင်သို့ သွားရောက်ရန် သတိပေးသလို ဖြစ်ခဲ့လေ၏။ စစ်မြေပြင်တွင် သေဆုံးသူများ၊ ဒဏ်ရာရသူများအတွက် ဆရာဝန် မလုံလောက်၊ ဆေးဝါး မလုံလောက်၊ တာဝန်ယူ မည့်သူမရှိ ဆိုသည့်သတင်းများ။ ထိုအချိန်မှာပင် စစ်ဝန်ကြီး ဖြစ်နေသော ဆစ်ဒနီဟားဗတ်မှ ဖလော်ရင့်(စ)ထံသို့ စာရေး၍ အကူအညီ တောင်းခံခဲ့လေ၏။ ထူးခြားသော တိုက်ဆိုင်မှု။ သူမက ထိုကိစ္စကို လက်ခံခဲ့၍ သူနာပြုဆရာမချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ခန့်စာရရှိပြီး ၁၈၅၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာပင် စကူတာရီမြို့ (အစ္စတန်ဘူလ်)သို့ ဖလော်ရင့်(စ) သည် အရည်အချင်းပြည့်ဝသော သူနာပြုစေတနာ့ဝန်ထမ်း ၃၈ ဦးတို့နှင့် ထွက်ခွာသွားခဲ့သည်။ ထိုသတင်းကြောင့် ဖလော်ရင့်(စ) နိုက်တင်ဂေးလ်ကို တိုင်းပြည်မှ အထူးပင် ချီးကျူး ဂုဏ်ပြုကြသည်။

စကူတာရီသို့ နိုဝင်ဘာလ ၄ ရက်နေ့တွင် ရောက်ရှိ ခဲ့ကြပြီး ခရီးရောက်မဆိုက်မှာပင် တိုက်ပွဲမှ ဒဏ်ရာရသူများ ကို လက်ခံကုသခဲ့ရာ လူပေါင်းထောင်ချီခဲ့သည်ဆို၏။ ဖလော် ရင့်(စ)အတွက် ရန်ပုံငွေများ၊ အထောက်အကူပစ္စည်းများ ပေးပို့ကူညီခဲ့သည်ဆိုသော်လည်း ကြန့်ကြာမှုရှိခဲ့သဖြင့် ထို အရာအားလုံးကို မိမိဉာဏ်ဖြင့် အလုပ်ဖြစ်အောင် လုပ်ခဲ့သည်၊ ညွှန်ကြားသည် ဆို၏။

သန့်ရှင်းရေးပစ္စည်းနှင့်ဆေးဝါးများ အဝတ်အစားများ စွာအတွက် ပင်မင်းလုပ်ငန်းများ၊ ဝတ်စုံများ၊ လူနာများထားရန်၊ အဆောက်အဦများရရှိရန် အကြောင်းများစွာကို ရုံးပုံစံနှင့် မဆုံးဖြတ်ဘဲ ကိုယ်ပိုင်အသိနှင့် အဆောတလျင် ပြီးဆုံးအောင် ဆောင်ရွက်ခဲ့သည်။ မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် အများနှင့်လုပ်သော လုပ်ငန်းကြီးပင် ဖြစ်လင့်ကစား စည်းကမ်း နှင့်သာ သတ်မှတ်သည်။ လူနာပြုစုရေးနှင့် သန့်ရှင်းစင်ကြယ် ရေးသည်သာ အဓိကဟူသောမူနှင့် ကုသခဲ့သောကြောင့် လူနာ အသေအကျေပျောက်နှုန်းမှာ သိသိသာသာကြီး ကွာဟခဲ့သည် ဟူ၏။ ၄၀% မှ ၂%သို့။ ဆေးပညာနှင့် ကုသရေး၊ စောင့်ရှောက်ရေး၊ အုပ်ချုပ် ရေး၊ စီမံခန့်ခွဲမှုတို့၏ ယှက်နွယ်မှုကို သိမြင်လာခဲ့ကြခြင်း။ ဆေးရုံ၊ ဆေးဝါး၊ ပရိဘောဂများကို သန့်ရှင်းအောင်ထားခြင်း၊ လူနာများကို ဆေးကုသမှု မှန်ကန်သလို အစာအာဟာရနှင့် နေထိုင်မှု၊ ပြုစုမှုတို့သည်လည်း ညီညွတ်မျှတမှသာ အောင် မြင်နိုင်သည်ဟူသော အသိကို ဖလော်ရင့်(စ)မှ အားလုံးသို့ သိရှိစေခဲ့သည်ဆို၏။


ဖလော်ရင့်သည် ထိုကာလများ၌ စတင်၍ နေ့စဉ်နာရီ ၂၀ နှုန်း အလုပ်လုပ်ခဲ့သည်ဆို၏။ ညဆိုလျှင်လည်း မီးအိမ် တစ်လုံးနှင့် ကိုင်ဆောင်လှည့်လည်၍ လူနာများ၏ အခြေအနေ ကို စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သလို ပြုစုဆောင်ရွက်ပေးလေ့ ရှိသည်ဆို၏။ ထိုအခြင်းအရာကို အကြောင်းပြု၍ မီးအိမ်ရှင်မ အဖြစ် တဖြည်းဖြည်း ပြောစမှတ်ပြုခံခဲ့ကြသည်ဆို၏။ နောင် သောအခါ ဆေးရုံပြင်ပလောကသို့ပါ ပျံ့နှံ့ခဲ့ရာ ဖလော်ရင့်(စ) အား မီးအိမ်ရှင်မ နိုက်တင်ဂေးလ်အဖြစ် ကမ္ဘာမှပင် အသိ အမှတ် ပြုခဲ့ကြရသည်။

ဖလော်ရင့်(စ)သည် ဒဏ်ရာရစစ်သည်များသာမဟုတ်၊ စစ်မြေပြင်သို့ပင် သွားရောက်ကာ ဒဏ်ရာရသူများအား ပိုမို ထိရောက်မြန်ဆန်မည့်နည်းများ၊ အစီအစဉ်သစ်များ ချမှတ် ပေးခဲ့သည်။ နာလန်ထလူမများအတွက်လည်း စာအုပ်စာတမ်း များ၊ ဖျော်ဖြေမှုများ၊ ကာယလေ့ကျင့်ခန်းများ တီထွင်ပေးခဲ့ သည်။ ထိုကာလတွင် ဖလော်ရင့်(စ)သည် အပင်ပန်းခံလွန်း သဖြင့် ရောဂါကြီးစွာနှင့် ဖျားခဲ့လေ၏။ နေကောင်းခဲ့သော် လည်း ယခင်ကလောက် ပင်ပင်ပန်းပန်း မလုပ်နိုင်တော့ပေ။ ထိုသို့နှင့် ၁၈၅၆ ခုနှစ် ဇူလိုင်လအထိ ဆက်လက်လုပ်ကိုင် နေခဲ့သည်။ တူရကီမှ ပြန်လာခဲ့သော ဖလော်ရင့်(စ)ကို အင်္ဂလန်မှ အထူးပင် လေးစားကြည်ညိုခဲ့ကြသည်။ ကရိုင်း မီးယားစစ်မြေပြန် သူမအတွက် တိုင်းပြည်မှ စုဆောင်းကောက် ခံ ချီးမြှင့်သည့်ငွေများကို ကိုယ်တိုင်မယူဘဲ စိန့်သောမတ် ဆေးရုံတွင် သူနာပြုသင်တန်းသူများအတွက် နိုက်တင်ဂေးလ် သင်တန်းကျောင်းနှင့် အဆောင်တစ်ခု ဆောက်လုပ်ရန် မတည် ပေးခဲ့သည်။ သူမ၏ နည်းစနစ်သစ်များကို အင်္ဂလန်ပြည်မှ ခေတ် သစ်သူနာပြုစနစ်ကို စတင်ပုံဖော်ခဲ့သူအဖြစ် အသိအမှတ်ပြုခဲ့ ကြရသည်။


ဖလော်ရင့်(စ)သည် သူ့ဘဝ တစ်လျှောက်လုံးတွင် သူနာပြု အတတ်ပညာနှင့် ဆေးရုံစီမံ အုပ်ချုပ်မှုပညာဆိုင်ရာ စာအုပ်စာတမ်းများ ရေးသားပြုစုခြင်း၊ နိုင်ငံတကာရှိ သူနာပြု အသင်းအဖွဲ့များနှင့် အဆက်အသွယ်ပြုခြင်း၊ လုပ်ပုံကိုင်ပုံ နည်းနာများ ဝေငှပေးခြင်း၊ နည်းနာယူခြင်း၊ အကြံဉာဏ်များ ပေးခြင်းတို့ကို အသက်အရွယ် ကြီးမြင့်သည်အထိ ဆောင်ရွက် ခဲ့လေသည်။ ထိုသို့နှင့် မီးအိမ်ရှင် ဖလော်ရင့်(စ)နိုက်တင်ဂေးလ် သည် ၁၉၁၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် ကွယ်လွန်ခဲ့လေသည်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. Florence NightingaleKing's College London။ 8 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2015 တွင် ပြန်စစ်ပြီး။
  2. Florence Nightingale 2nd rendition, 1890 – greetings to the dear old comrades of BalaclavaInternet Archive။ 13 February 2014 တွင် ပြန်စစ်ပြီး။
  3. Florence Nightingale's Voice, 1890။ Florence Nightingale Museum London။ 7 April 2022 တွင် ပြန်စစ်ပြီး။
  4. သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ