ဖိအားမြှင့်ချက်ပြုတ်အိုး

ဖိအားမြှင့်ချက်ပြုတ်အိုး (အင်္ဂလိပ်: Pressure cooker)ဆိုသည်မှာ လေဖိအားနှင့် အပူချိန်များဖြင့် ချက်နိုင်ပြီးလေလုံကာ အပူချိန်မြင့်မားသည့်အတွက် မည်သည့်ပစ္စည်းကိုချက်စေကာမူ အချိန်နည်းနည်းဖြင့် လျင်မြန်စွာနူးနပ်စေသော ချက်ပြုတ်အိုးတစ်မျိုး ဖြစ်သည်။ ၎င်းအိုးဖြင့် ချက်ပြုတ်ခြင်းဖြင့် အပူရှိန်လုံ၍ အပူရှိန်များ လိုအပ်သည်ထက် ပိုမိုရရှိသောကြောင့် အစားအစာများကို လျင်မြန်စွာ ကျက်စေနိုင်သည်။ ဖိအားမြှင့်ချက်ပြုတ်အိုးမှာ အလုံပိတ်ချက်ပြုတ်ရသောကြောင့် အပူရှိန်ကြောင့် ဆူပွက်လေ အိုးအတွင်းဖိနှိပ်အားများလေ၊ ရေဆူမှတ်မြင့်တက်လေဖြစ်ကာ အစားအစာများကို လျင်မြန်စွာနူးနပ်စေသည်။

ဖိအားမြှင့်ချက်ပြုတ်အိုး

ဖိအားမြှင့်ချက်ပြုတ်အိုးဖြင့် ချက်ပြုတ်ခြင်းကြောင့် အသား၊ ငါး၊ အသီးအရွက်များ လျင်မြန်စွာ နူးနပ်စေပြီး၊ သာမန်ချက်ပြုတ်ချိန်၏သုံးပုံတစ်ပုံသာ အချိန်ကုန်စေသည်။ အိုးအတွင်းသို့ အရည် (သို့) အသား (သို့) အသီးအရွက်များကို အိုး၏ထက်ဝက်ထက် ကျော်လွန်၍ မထည့်ရပါ။ သို့မှသာ အတုံးမပျက် ရရှိနိုင်ပြီး အခြားအန္တရာယ်များ ကင်းဝေးနိုင်မည်ဖြစ်သည်။ အိုး၏အဖုံးတွင် အန္တရာယ်ကင်းစေရန်အတွက် ပစ္စည်းနှစ်မျိုး တပ်ဆင်ထားသည်။ အလေးချိန်ညွှန်ပြဖိတုံး (Indicator weight) နှင့် အလိုအလျောက် လေဝင်လေထွက်အပေါက် (Automatic air vent) တို့ ဖြစ်သည်။ အပူရှိန်မလျှော့ပဲ ဖိအားသည် လိုသည်ထက် ပိုလာပါက အိုးအဖုံးပေါ်မှ ဖိတုံးကလေးမှာ အလိုအလျောက် ကြွတက်၍ထွက်သွားစေခြင်းဖြင့် ဖိအားကိုလျော့စေနိုင်သည်။ နောက်တစ်မျိုးဖြစ်သော အလိုအလျောက် လေဝင်ပေါက်မှ အငွေ့များထွက်ခြင်းဖြင့် အိုးအတွင်းမှ ဖိအားကိုလျော့စေနိုင်သည်။ ဖိအားမြှင့်ချက်ပြုတ်အိုးဖြင့် စွပ်ပြုတ်များ၊ ဟင်းချိုများ၊ ချဉ်ရည်များ၊ အသားဟင်း၊ ငါးဟင်း၊ ကြက်၊ ဘဲများ စသည်များကို အချိန်တို⁠တိုဖြင့် ချက်ပြုတ်နိုင်သည်။