ဖီးဒ်ဘတ်စ် (Fieldbus ) ဆိုသည်မှာ လက်ရှိ အချိန်နှင့် တပြေးညီ အလုပ်လုပ်သော ဖြန့်ကျက် ထိန်းချုပ်မှု (distributed control) စနစ် များတွင် အသုံးပြုသော စက်ရုံအလုပ်ရုံသုံး ကွန်ပျူတာ ကွန်ယက် ပရိုတိုကောလ် မိသားစုဖြစ်ပြီး ယခုအခါ IEC 61158 ဖြင့် စံသတ်မှတ်ထားသည်။

ရှုပ်ထွေးပြီး အလိုအလျောက် မောင်းနှင်ရသော ကုန်ထုတ်လိုင်းများတွင် အစီအစဉ် ကျနစွာ အဆင့်ဆင့် ထိန်းချုပ်ရသော ထိန်းချုပ်မှု စနစ် လိုအပ်သည်။ ထိုသို့သော စနစ် အဆင့်ဆင့်၌ ထိပ်ဆုံးအဆင့်တွင် အိတ်ချ်အမ်အိုင် ခေါ် လူနှင့် စက်တို့ ဆက်သွယ်ရသော အလွှာ ရှိသည်။ ထိုအလွှာမှ တဆင့် ကုန်ထုတ်လိုင်းကို မောင်းနှင်ထိန်းချုပ်သူသည် လိုင်း၏ အခြေအနေကို လေ့လာပြီး ထိန်းချုပ် မောင်းနှင် နိုင်သည်။ ထိုမှတဆင့် အလယ်ပိုင်း အဆင့် ဖြစ်သော ပီအယ်လ်စီ များသို့ အီသာနက် ကဲ့သို့သော အချိန်နှင့် အညီ လိုက်ပါ ထိန်းချုပ်ရန် မဖြစ်မနေ မလိုအပ်သော ဆက်သွယ်ရေး စနစ်ဖြင့် ဆက်သွယ်ထားသည်။ ထိုသို့ ထိန်းချုပ်မှု အလွှာ၏ အောက်ဆုံးအဆင့်တွင် ဖီးဒ်ဘတ်စ် ရှိပြီး ဖီးဒ်ဘတ်စ်မှ ပီအယ်လ်စီများကို အမှန်တကယ် အလုပ်လုပ်သော အာရုံခံ ကိရိယာများ၊ အက်ကျူရေတာများ၊ လျှပ်စစ်မော်တာများ၊ ခလုပ်များ၊ ဘားများ စသည်တို့ဖြင့် ဆက်သွယ်ပေးလေ့ ရှိသည်။