ဦးဖော်ယူးခါး (၁၉၁၄–၁၉၈၇) သည် မြန်မာနိုင်ငံသား နိုင်ငံဂုဏ်ရည် ပထမအဆင့်ရ တပ်မတော်အရာရှိဟောင်းတစ်ဦး ဖြစ်သည်။ ဦးဖော်ယူးခါးကို မိုးမောက်မြို့နယ် စိန်လုံမြို့အနီး ယောယုန်ရွာ၌ အဖ ဦးယူးခါး၊ အမိ ဒေါ်လဘန်ပရီတို့က ၁၉၁၄ ခုနှစ်၊ ဇူလိုင်လ ( ၁၄ ) ရက်နေ့တွင် မွေးဖွားသည်။

အင်္ဂလိပ် - မြန်မာ ဆဋ္ဌမတန်းအောင်သည် အထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ဗန်းမော်မြို့ ဘီအမ်ပီတပ်၌ အမှုထမ်းခဲ့သည်။ ထို့နောက် ၁၉၃၉ ခုနှစ်တွင် ဘီအက်ဖ်အက်ဖ်တပ် အပြောင်းရွှေ့အမှုထမ်းရာ ဗိုလ်ကြီး အဆင့် အထိ ရောက်ရှိခဲ့သည်။

ဖက်ဆစ်တော်လှန်ရေး ကာလအတွင်း သန်လျင်၌ အက်ဖ်အက်ဖ် ( ၇ ) စစ်ကြောင်းဖြင့် ဂျပန်များကို တိုက်ခိုက်ခဲ့သည်။ ထို့နောက် အမေရိကန်တပ်များနှင့် အတူ ရိန်းဂျားတပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် အမှုထမ်းခဲ့သည်။ ထိုမှတစ်ဆင့် ဗန်းမော်မြို့ စစ်ရဲတပ်တွင် တပ်ရင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ဗမာ့တပ်မတော် အမှတ် ( ၄ ) ကချင် သေနတ်ကိုင်တပ်ရင်းသို့ ပြောင်းရွှေ့အမှုထမ်းခဲ့သည်။ ဦးဖော်ယူးခါးသည် နဂါးနိုင်ငံ၊ ဘုရင့်နောင်၊ ရန်ကြီးအောင်၊ စစ်ဆင်ရေးများတွင် ပါဝင်ဆင်နွဲခဲ့သူ ဖြစ်သည်။ ထိုစစ်ဆင်ရေးများတွင် ခွဲမှူး ဦးစီးတာဝန်၊ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လုံခြုံရေး အရာရှိ၊ စစ်ဘက်ဥပဒေ အရာရှိ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဦးဖော်ယူးခါးသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ် ( ၁ ) မှ ရွေးချယ်ခံခဲ့ရပြီး ၁၉၇၄ ခုနှစ်မှ စ၍ ကချင်ပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့ရာ ၁၉၈၁ ခုနှစ်အထိ ဖြစ်သည်။ ထို့နောက် နိုင်ငံတော် ကောင်စီဝင် အဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရသည်။ ဦးဖော်ယူးခါးသည် ၁၉၈၅ ခုနှစ်တွင် နိုင်ငံရေး တာဝန်များမှ အငြိမ်းစားယူခဲ့သည်။ ဦးဖော်ယူးခါးသည် တပ်မတော်တွင် အမှုထမ်းနေစဉ် ကာလအတွင်း စစ်မှုထမ်းခြင်း နှင့် သက်ဆိုင်သည့် တံဆိပ်များ ဖြစ်သော လွတ်လပ်ရေး တံဆိပ်၊ နိုင်ငံတော် အမှုထမ်းတံဆိပ်၊ ပြည်ပရန်နှိမ် တံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ် စသည်တို့ကို ရရှိခဲ့သည်။

ထို့ပြင် ၁၉၈၅ ခုနှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီက ဦးဖော်ယူးခါးအား နိုင်ငံ့ဂုဏ်ရည် ( ပထမဆင့် ) ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ နိုင်ငံ့ဂုဏ်ရည် ( ပထမဆင့် ) ရ နိုင်ငံတော်ကောင်စီဟောင်း ဦးဖော်ယူးခါးသည် ၁၉၈၇ ခုနှစ်၊ ဩဂုတ်လ ( ၁၂ ) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခေါ်ဒွဲ နှင့် သားငါးယောက် ၊သမီးငါးယောက် ကျန်ရစ်သည်။

ကိုးကား ပြင်ဆင်ရန်