ဖျက်စု-ခက်စု-ခဲစု-မမြဲစုများ

ဖျက်စု၊ ခက်စု၊ ခဲစု၊ မမြဲစုများကို တောင်ဖီလာဆရာတော် အရှင်ဥပါလိ
ရှင်သာမဏေဘွဲ့ (ရှင်မုနိန္ဒဃောသ) (မြန်မာ ၉၄၀-၁၀၁၃) က ရေးသားတော်မူခဲ့သည်။

ဖျက်စု -၂၀ ပြင်ဆင်ရန်

၁။ စေတီမှန်းထား၊ မြတ်ဘုရား၊ တည်ထားကောင်းလျက်၊ ညောင်ပင်ဖျက်သည်။

၂။ မြစ်မရေနက်၊ သောင်ပြင်ဖျက်သည်။

၃။ မင်းကောင်းပါလျက်၊ မင်းမြှောင်ဖျက်သည်။

၄။ လက်ဆုံစား၊ မယားကောင်းလျက်၊ အပြောင်ဖျက်သည်။

၅။ မောင်းသွင်းခူနင်း၊ ရေလျင်သွင်း၊ ပျိုးခင်းကောင်းလျက်၊ မြောင်တောင်ဖျက်သည်။

၆။ လက်ဆက်တကူ၊ လှေမူခိုင်လျက်၊ မီးပိုးဖျက်သည်။

၇။ လက်တီးကြမ်းပြင်၊ ဆင်ဝင်ကောင်းလျက်၊ ဝဲလင်းဖျက်သည်။

၈။ ဣတ္ထိယမူ၊ ရူပကောင်းလျက်၊ ဆံထုံးဖျက်သည်။

၉။ ဓမ္မသတ်တရား၊ ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက်၊ လက်ဆောင်ဖျက်သည်။

၁၀။ ရဟန်းတရား၊ ကျင့်ပါငြားလျက်၊ အစားဖျက်သည်။

၁၁။ သီလငါးပါး၊ ကျင့်သူအားကို၊ စီးပွားရမက်၊ လောဘဖျက်သည်။

၁၂။ သုခမိန်ဟု၊ ကျော်ရှိန်နှံ့သိ၊ ပညာရှိ၊ ကြီးဘိအမျက်၊ ဒေါသဖျက်သည်။

၁၃။ တိုက်နှင့်ကျီကျ၊ ထုပ်လျောက်စသည်၊ ခိုင်လှပေလျက်၊ ပေါင်းကွပ်ဖျက်သည်။

၁၄။ ပြည်ရွာတိုင်းကား၊ စည်ပင်ငြားလည်း၊ ခေါင်းပါးခေါင်လျက်၊ စပါးဖျက်သည်။

၁၅။ ပဉ္စင်တူရိယာ၊ နှဲခရာ၊ သာယာပေလျက်၊ လင်ကွင်းဖျက်သည်။

၁၆။ လက်သင်လှော်ကား၊ လှော်ပေငြားလျက်၊ အသွားကောင်းလျက်၊ လှေပဲ့ဖျက်သည်။

၁၇။ ဘောစဉ်ငါးပါး၊ ပျားအရသာ၊ ကောင်းပါပေလျက်၊ ဆားငန်ဖျက်သည်။

၁၈။ ဆီမီးတန်ဆောင်၊ ဝင်းပြောင်ပေလျက်၊ လေဆိုးဖျက်သည်။

၁၉။ ဣတ္ထိယမူ၊ ရူပလက္ခဏာ၊ ကောင်းပါပေလျက်၊ ရောဂါနှိပ်စက်၊ အနာဖျက်သည်။

၂၀။ သူကောင်းဖြစ်ငြား၊ မူထားကောင်းလျက်၊ အပေါင်းဖျက်သည်။

ခက်စု - ၂၄ ပြင်ဆင်ရန်

၁။ တင်ပေဘူးသည်၊ ကျေးဇူးရှိလျက်၊ အဆပ်ခက်။

၂။ မယားရှိလျက်၊ အလှည့်ခက်။

၃။ ဧည့်သည်ညဥ့်နက်၊ အအိပ်ခက်။

၄။ ပစ်ခွာခဲ့လျက်၊ အပြန်ခက်။

၅။ လာခဲ့ခေါ်လျက်၊ အနှင်ခက်။

၆။ ပေးပါပြီးလျက်၊ အယူခက်။

၇။ ချောင်းရေလျှံတက်၊ အကူးခက်။

၈။ ရင်ဆိုင်တွေ့လျက်၊ အပြေးခက်။

၉။ သံသာချိုမြွက်၊ စကားခက်။

၁၀။ ကြောက်လန့်ပြေးတက်၊ အဆင်းခက်။

၁၁။ ကန့်ကူကျောက်ထွက်၊ အရေးခက်။

၁၂။ မျဉ်းတံကောက်လျက်၊ အသားခက်။

၁၃။ သန္ဓေပြည့်နှက်၊ ဆေးကုခက်။

၁၄။ ခရီးညွန်ထက်၊ အသွားခက်။

၁၅။ တံတားကျိုးပျက်၊ အလျှောက်ခက်။

၁၆။ ရေအိမ်ပြိုပျက်၊ အပြင်ခက်။

၁၇။ သားမြေးဆိုးလျက်၊ အစွန့်ခက်။

၁၈။ ထွေးပြန်ပြီးလျက်၊ အမြိုခက်။

၁၉။ မြတ်သည်သုံးပါး၊ မှန်းထားပြီးလျက်၊ အသုံးခက်။

၂၀။ ဆူးငြောင့်တွင်းကျင်း၊ ကျုံးတွင်းပြည့်နှက်၊ အဝင်ခက်။

၂၁။ အသားမည်းနက်၊ အဆင်ခက်။

၂၂။ ဆိုးသည်သတင်း၊ သားချင်းရှိလျက်၊ အပြောခက်။

၂၃။ ပက်ပယ်လှေဖျက်၊ အတိုက်ခက်။ ၂၄။ ကွဲပြားအယူ၊ နားကင်းထူ၊ သုံးလူရှင်လျက်၊ အဟောခက်။

ခဲစု - ၁၀ ပြင်ဆင်ရန်

၁။ လူအဖြစ်ကို၊ စင်စစ်မလွဲ၊ ရမည်ခဲ။

၂။ ရပါလှည့်လည်း၊ အင်္ဂါပြည့်ဝ၊ ပုရိသဟု၊ မုချမလွဲ၊ ရမည်ခဲ။

၃။ ပုရိသစစ်၊ ဖြစ်လင့်ကစား၊ မြတ်တရားကို၊ တိုးပွားနှိုက်နဲ၊ သိမည်ခဲ။

၄။ သိငြားသော်လည်း၊ ပျက်ချော်မလွဲ၊ တော်မည်ခဲ။

၅။ တော်ပါငြားလည်း၊ ရှေ့နောက်စိတ်ထဲ၊ တတ်မည်ခဲ။

၆။ ဂတိလေးပါး၊ ထိုတရားကို၊ စွန့်စားရှောင်လွဲ၊ ကျင့်မည်ခဲ။

၇။ မိစ္ဆာယူမှား၊ အပါယ်လားသော်၊ တရားမစွဲ၊ ကျွတ်မည်ခဲ။

၈။ အရှင်မင်းက၊ မှူးမတ်စသည်၊ ပြည်မလူများ၊ မတရားက၊ တိုင်းကားပြည်ထဲ၊ စည်မည်ခဲ။

၉။ ဝေဘူတောင်ဖျား၊ ပတ္တမြားကို၊ စွန့်ထားညွန်ပေါ်၊ နှစ်တုံသော်လည်း၊ တေဇော်ညွန်ထဲ၊ နစ်မည်ခဲ။

၁၀။ ပညာလွန်ကျူး၊ ဂုဏ်အထူးနှင့်၊ ကျေးဇူးရှိမှု၊ ထိုသသူအား၊ ခေါင်းပါးဆင်းရဲ၊ ရှိမည်ခဲ။

မမြဲစု - ၆ ပြင်ဆင်ရန်

၁။ ရူပလက္ခဏာ၊ ကိုခန္ဓာ၊ များစွာဖောက်လှဲ၊ တည်မမြဲ။

၂။ လောကီဥစ္စာ၊ ရတနာကို၊ များစွာသိမ်းဆဲ၊ နေမမြဲ။

၃။ ပုထုဇဉ်လူ၊ မောဟထူကို၊ အယူစွပ်စွဲ၊ မှတ်မမြဲ။

၄။ သူယုတ်တို့အား၊ ချစ်သနား၍၊ ချီစားမြှောက်ကဲ၊ ရာမမြဲ။

၅။ သစ်ကိုင်းခက်မြိုင်၊ ကမ်းမနိုင်၊ ပြိုယိုင်ရေထဲ၊ တည်မမြဲ။

၆။ ငါတကားဟု၊ ကြိမ်းဝါးမောင်းမဲ၊ မှတ်မမြဲ။

ကိုးကား ပြင်ဆင်ရန်

[၁]

  1. ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြခံပညာ ဦးစီးဌာန။ စက်တင်ဘာ ၁၉၉၂။ pp. ၁၂၂။