ဒုကနိပါတ် - ၆။ ဒဠှဝဂ် -၂၀၁ - ဗန္ဓနာဂါရဇာတ်။ ။ တဏှာ အချုပ်ထောင်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်သော သူဆင်းရဲအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

ခိုးသားနှောင်မြင် လျှောက်ထားတင် ပြင်ဆင်ရန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးသည် ဖမ်းဆီးယူဆောင်လာသော သူခိုးတို့အား ထောင်ဟူသော အနှောင့်အဖွဲ့၊ သံခြေချင်း ဟူသော အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့စေကုန်၏။

ထိုအခါ ဇနပုဒ်သားရဟန်းတို့သည် ဇေတဝန်ကျောင်းတော်သို့ မြတ်စွာဘုရားကို အဖူးအမြော် လာကြကုန်ရာ နက်ဖြန်နေ့၌ ဆွမ်းခံကုန်သည်ရှိသော် နှောင်အိမ်သို့ ရောက်ကြသဖြင့် နှောင်ဖွဲ့ထားသော သူခိုးတို့ကို မြင်ခဲ့ကြကုန်၏။

ညချမ်းသောအခါ မြတ်စွာဘုရားအထံတော်သို့ ဆည်းကပ်ပြီးလျှင် “အရှင်ဘုရား ... ယနေ့နံနက်အခါ ဆွမ်းခံသွားသည်ရှိသော် နှောင်ဖွဲ့ထားသော သူခိုးတို့ကို မြင်ခဲ့ကြရပါကုန်၏။ ထိုသူခိုးတို့သည် အနှောင်အဖွဲ့ကိုဖြတ်၍ မပြေးနိုင်ကြကုန်။ ထိုအနှောင်အဖွဲ့ထက် သာလွန်သော အနှောင်အဖွဲ့တို့သည် ရှိပါကုန်သေးသလော” ဟု လျှောက်ထားကြကုန်၏။

နှောင်ဖွဲ့အဆ-ရာ လောဘသာ ပြင်ဆင်ရန်

မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ... ထောင်၊ သံခြေချင်း စသော အနှောင့်အဖွဲ့တို့မှာ အဘယ်မှာ အနှောင်က ဖွဲ့မည်ကုန်အံ့နည်း၊ ဥစ္စာ၊ စပါး၊ သားမယား စသည်တို့၌ စွဲလမ်းတပ်မက်သော တဏှာကိလေသာ အနှောင်အဖွဲ့သာလျှင် ထိုထောင်၊ သံခြေချင်း စသော အနှောင်အဖွဲ့တို့ထက် အဆရာထောင်အားဖြင့် သာလွန်မြဲမြံသော အနှောင်အဖွဲ့ ဖြစ်သည်။ ရှေးအခါ ပညာရှိတို့သည် ထိုအနှောင် အဖွဲ့ကို ဖြတ်ကုန်၍ ဟိမဝန္တာတောသို့ဝင်ကာ ရသေ့ရဟန်း ပြုကြကုန်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

ရဟန်းပြုလို မယားပြောဆို ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဆင်းရဲမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အဖကွယ်လွန်သောအခါ အမိကို အခစားလုပ်၍ ကျွေးမွေးကာ နေလေ၏။ အမိသည် သားအလိုမရှိဘဲ အမျိုးသမီးငယ် တစ်ယောက်နှင့် လက်ထပ်ပေးစား၍ နောင်အဖို့၌ အမိလည်း ကွယ်လွန်လေ၏။ မယား၌လည်း ပဋိသန္ဓေကိုယ်ဝန်တည်လေ၏။

သူဆင်းရဲသည် မယား၌ ပဋိသန္ဓေကိုယ်ဝန်တည်နေသည်ကို မသိသည်ဖြစ်၍ မယားအား “နှမ ... သင်သည် အခစားလုပ်၍ အသက်မွေးရစ်လော့၊ ငါကား ရသေ့ရဟန်းပြုမည်” ဟု ပြောဆိုလေ၏။ မယားလည်း လင်အား “အရှင် ... အကျွန်ုပ်မှာ ကိုယ်ဝန်တည်ရှိနေပြီ၊ ဆိုင်းပါဦး၊ သားဖွားပြီးသော် သားကိုကြည့်ရှု၍ ရသေ့ရဟန်းပြုလတ္တံ့” ဟု ပြောဆိုကာ တားမြစ်လေ၏။ သူဆင်းရဲလည်း ကောင်းပြီဟု ဝန်ခံကာ ဆိုင်းငံ့လျက်နေ၏။

တဏှာလွတ်ရေး တောထွက်ပြေး ပြင်ဆင်ရန်

ချမ်းသာစွာ သားဖွားပြီးသောအခါ “နှစ်မ ... သင်ကား ချမ်းသာစွာ သားဖွားပြီးသောအခါ “နှမ ... သင်ကား ချမ်းသာစွာ သားဖွားပြီးလေပြီ၊ ယခုအခါ ငါရသေ့ရဟန်း ပြုတော့မည်” ဟု ပြောဆိုပြန်၏။ မယားလည်း “အရှင် ... သားငယ် နို့ခွာသည်တိုင်အောင် ဆိုင်းငံ့ပါဦး”ဟု တားမြစ်သဖြင့် ဆိုင်းငံ့လျက်နေပြန်ရာ တစ်ဖန်ပဋိသန္ဓေကိုယ်ဝန် ရှိပြန်၏။

ထိုအခါ သူဆင်းရဲသည် ငါကား ဤမိန်းမကို ခွင့်တောင်းနေလျှင် ဘယ်တော့မှ သွားရတော့မယ်မဟုတ်၊ ခွင့်မတောင်းဘဲ ထွက်ပြေးကာ ရဟန်းပြုတော့မည်ဟု ကြံစည်ပြီးလျှင် မယားကို အကြောင်းမကြားတော့ဘဲ မယားအိမ်ပျော်နေခိုက် ညဉ့်အခါ ထ၍ပြေးလေ၏။

မြို့စောင့်တို့ ဖမ်းဆီးကြလေသော် “အရှင်တို့ ... ကျွန်ုပ်ကား အမိကိုလုပ်ကျွေးသောသူဖြစ်၍ လွှတ်ကြပါ” ဟု တောင်းပန်၍ လွှတ်စေပြီးလျှင် မြို့မှထွက်၍ ဟိမဝန္တာတောသို့ဝင်လျက် ရသေ့ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေလျက် ဈာဉ်ယာဉ်ဖြင့် ပျော်မွေ့ကာ နေလေ၏။

ရသေ့သည် ဟိမဝန္တာ၌နေစဉ် “သံဖြင့်ပြုအပ်သော သံခြေချင်း အနှောင်အဖွဲ့၊ ဖြူဆံမြက် စသည်ဖြင့် ပြုအပ်သော ကြိုးအနှောင်အဖွဲ့၊ ဤအနှောင်အဖွဲ့တို့ကို ပညာရှိတို့သည် မြဲသော အနှောင်အဖွဲ့ဟု မဆိုကြကုန်၊ တန်ဆန်ဆင်အပ်သော သားမယား ပစ္စည်းဥစ္စာ စသည်တို့၌ သာယာနှစ်သက် တပ်မက် စွဲလမ်းခြင်း တဏှာကိလေသာ အနှောင်အဖွဲ့ကိုသာ မြဲသော အနှောင်အဖွဲ့ဟု ဆိုကြကုန်၏။

အပါယ်လေးဘုံသို့ ဆောင်တတ်သော လျော့သော်လည်း အဖြေရခက်သော ထိုတဏှာ ကိလေသာ အနှောင်အဖွဲ့ကိုစဉ်လျက်လည်း ပညာရှိတို့သည် ဖြတ်တောက်ကာ ကာမဂုဏ်ချမ်းသာကို မငဲ့ကွက်ဘဲ ပယ်စွန့်၍ ရသေ့ရဟန်း ပြုနိုင်ကြကုန်၏” – ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးလေ၏။

ဤဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာကို ပြတော်မူသည့်အဆုံး၌ တချို့ရဟန်းတို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာအဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ အမိသည် - ယခုအခါ မဟာမာယာ။

အဖသည် - သုဒ္ဓေါဒနမင်းကြီး။

မယားသည် - ရာဟုလာမယ်တော်။

သားသည် - ရာဟုလာ။

မယားကိုစွန့်၍ ရဟန်းပြုသော ယောကျ်ားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) ခြေချင်း၊ ထောင်,ကြိုး၊ နှောင်ဖွဲ့မျိုး၊ မြဲရိုးမရှိပေ။

(၂) သား,မယား,ဥစ္စာ၊ ခင်တဏှာ၊ လျော့စွာမြဲဖွဲ့လေ။

(၃) မြဲဖွဲ့တဏှာ၊ ပယ်စွန့်ခွာ၊ တော်မှာပျော်ကဝေ။

ဗန္ဓနာဂါရဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ