ဗယ်လေသည် အနောက်တိုင်း သဘင်လောက၌ ထင်ရှားသော ပြဇာတ် တမျိုးဖြစ်သည်။ တဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့နှင့်သော်လည်းကောင်း ကပြကြရသည်။ အများစုသိသော ဘဲလေးအကနှင့် မတူကွဲပြားသည်။ တစ်နည်းအားဖြင့် ဗိုက်သားလှုပ်အကဟုလည်း ခေါ်ကြသည်။

အနုပညာရှင်တစ်ဦး၏ ဗယ်လေအကပညာ ဖြင့် ကပြ ဖျော်ဖြေနေပုံ

အခေါ်အဝေါ် ပြင်ဆင်ရန်

ဗယ်လေသည် ပြင်သစ်စကားလုံးဖြစ်၍ ရှေးလက်တင်စကား "ဗယ်လာရီ"(ကရန်)မှ ဆင်းသက်လာသည်။ ဇာတ်လမ်းဇာတ်ကွက်ကို၎င်း၊ ဇာတ်ကောင်၏ စိတ်အခြေအနေကို ၎င်းအဆိုအပြောမပါဘဲ အကနှင့် ဟန်အမူအရာတို့ဖြင့် သရုပ်ဖော် အကဟု ဆိုကြသည်။ ဗယ်လေတွင် အဓိကအချက်သည် ဂီတဖြစ်သည်။ အချို့က ဗယ်လေသည် တေးဂီတကို သရုပ်ဖော်သော အကဟု ဆိုကြသည်။ ဗယ်လေတခုအတွက် ယင်းနှင့်ဆိုရာ တေးဂီတတို့ကို စပ်ဆိုကြရသည်။ တစ်ခါတရံ ဇာတ်လမ်းပါသော တေးဂီတတို့ကို ဗယ်လေဖြင့် သရုပ်ဖော်ကြသည်။


တေးဂီတအပြင်၊ အဝတ်အစား၊ အခမ်းအနား၊ အလင်းအမှောင်၊ မီးရောင်အယူအဆတို့သည်လည်း ဗယ်လေအတွက် အရေးပါသော အစိတ်အပိုင်းများ ဖြစ်ကြလေသည်။ ဗယ်လေကပွဲအတွက် ကကြိုးကကွက် ဟန်အမူအရာ စသည်တို့ကို တီထွင်စီစဉ်ညွှန်ကြားသူအား ကော်ရီယိုဂရပ်ဖာ၊ သို့မဟုတ် ဗယ်လေဒါရိုက်တာ ဟု ခေါ်သည်။ ထူးချွန်သော ကော်ရီယိုဂရပ်ဖာများ၏ ထွင်ဉာဏ်၊ ပြင်ဉာဏ်တို့ကို အကြောင်းပြု၍ ဗယ်လေတွင် တိုးတက်မှုများစွာ ရှိခဲ့လေသည်။

 
ရဂ်ရှာကီအကမယ်တစ်ဦး၏ ဖြေဖျော်ဟန်


ဗယ်လေသည် ရှေးရောမနှင့် ဂရိတို့၏ ပန်တိုမိုင်းခေါ် ဟန်ဇာတ်တစ်မျိုးမှ ဆင်းသက်လာ၍ အီတလီနိုင်ငံတွင် ခရစ်နှစ် ၁၄၅၀ ခန့်ကစပြီး ပေါ်ပေါက်လာသည်။ အလွန်ငွေကုန်ကြေးကျများသော ကပွဲမျိုးဖြစ်၍ ထိုစဉ်က မင်းစိုးရာဇာ အထက်တန်းစားလောက၌သာ ခေတ်စားခဲ့သည်။ နောက် အနှစ်တရာခန့်အတွင်း ဗယ်လေသည် အီတလီနိုင်ငံတွင် ဖွံ့ဖြိုး ထွန်းကားလာသည်။ ၁၆ ရာစု အစပိုင်းတွင် အီတာလျံ မင်းသမီး ကတ်သရင်းဒါမဲဒီချီသည် ပြင်သစ်လုရင်၏ မိဖုရားဖြစ်လာသောအခါ ဗယ်လေသည် ပြင်သစ်နန်းတွင်း၌ ခေတ်စားလာသည်။


ယင်းသို့ဖြင့် ဗယ်လေသည် အီတလီနိုင်ငံမှတဆင့် ပြင်သစ်နိုင်ငံသို့ ကူးစက်ပျံ့နှံ့သွားသည်။ ပြင်သစ်ဘုရင် ၁၄ဆက်မြောက် လူဝီသည် ဗယ်လေကို ချီးမြှင့်မြှောက်စားသည်။ ကိုယ်တော်တိုင် ဗယ်လေကဇာတ် တစ်ခု၌ ခေါင်းဆောင်ပါဝင်ခဲ့သည်။ လူဝီဘုရင်သည် ဂီတနှင့် အကအကယ်ဒမီကျောင်းများကို တည်ထောင်ခဲ့ရာ၊ ထိုကျောင်းသည် ခေတ်သစ်ဥရောပ ဗယ်လေစတင်ပေါက်ဖွားရာဌာန ဖြစ်ခဲ့သည်။ ထို့ပြင် ဗယ်လေသည် တော်သုံးအဖြစ်မှ လူထုသုံး သဘင်တရပ်လည်း ဖြစ်လာလေသည်။ ထိုစဉ်က ဗယ်လေတွင် အကတလှည့် အဆို၊ သို့မဟုတ် လင်္ကာရွတ်ခြင်းတလှည့်ဖြစ်သည်။


၁၆၀၀ ပြည့်နှစ်ခန့်တွင် အော်ပရာခေါ် ဂီတပြဇာတ်ကို စတင်ရေးသားပြသခဲ့ရာ၊ ဗယ်လေကို အော်ပရာဇတ်ကွက်အလယ်၌သော်လည်းကောင်း၊ ခေတ္တရပ်နားချိန်ပသော်လည်းကောင်း ကပြ အသုံးတော်ခံလေ့ရှိကြသည်။ ၁၆ ရာစုနှစ်အတွင်း ကြေးသားဗဘ်လေ ကခြေသည်များပေါ်ပေါက်လာသည်။ ပထမတွင် အမျိုးသား၊ နောင်အခါ အမျိုးသမီး ကခြေသည်များ ပါရှိလာသည်။ ၁၄ ဆက်မြောက် လူဝီဘုရင်၏ လက်ထက်တွင် ဖွံ့ဖြိုးခဲ့သော ဗယ်လေသည် နောင်အခါတွင် စည်းကမ်းစနစ်၊ အသိုင်းအဝိုင်းများ များလွန်းပြီးလျှင် သမရိုးကျအတိုင်း ရှိနေ၍ မတိုးတက်ဘဲ နေခဲ့ရာ ၁၈ ရာစုနှစ်ထဲတွင် ဇန်းဇော့ဇက်နိုဗားသည် ဗယ်လေကို အဆိုအပြောမပါဘဲ အကနှင့် ဟန်အမူအရာ သက်သက်ဖြစ်အောင် ပြုပြင်လိုက်သည်။


ဗယ်လေ ကပြသူတို့အား ရှေးစံနစ်ဖြစ်သော မျက်နှာဖုံးစွပ်ခြင်းကိုလည်း မပြုစေတော့ပေ။ ထို့ပြင် အဝတ်တန်ဆာများကို ပို၍လှပအောင် ပြုပြင်ပြီးလျှင် အမူအရာတို့ကို ပို၍ သဘာဝကျစေခဲ့သည်။ ၁၈ ရာစုနှစ် အလယ်ပိုင်းလောက်တွင် ဗယ်လေသည် ဥရောပတိုက်၌ အတန်ငယ် ခေတ်တိမ်လာသည်။ ယင်းသို့ မှေးမှိန်လာသော ဗယ်လေကို ပြန်လည် အရောင်ထွက်စေသူမှာ ရုရှမှ ကောရီယိုဂရပ်ဖာ(ဗယ်လေဒါရိုက်တာ) တစ်ဦးဖြစ်သော မီရှယ် ဖိုးကင်းဖြစ်သည်။ မီရှယ် ဖိုးကင်းသ ည် ရှေးရိုးဗယ်လေကို ဆန်းသစ်လှသော ဗယ်လေသဘင်ဖြစ်လာအောင် စီစဉ်မွမ်းမံတီထွင်လိုက်သည်။


ဗယ်လေကဇာတ်သည် ရုရှားသို့လည်း ပြန့်ပွားရောက် ရှိခဲ့ရာ ၁၇၃၅ ခုနှစ်ခန့်က ရုရှားတွင် အင်ပီးရီးယယ် ဗယ်လေအတတ်သင်ကျောင်းတည်ထောင်ခဲ့သည်။ ထိုကျောင်း၌ သင်ပြသော ဆရာကောင်းများကြောင့် ရုရှားနိုင်ငံတွင် ဗယ်လေသည် များစွာတိုးတက်ခဲ့သည်။ နိုင်ငံ၇ပ်ခြားမှ ဗယ်လေဒါရိုက်တာ အကျော်အမော်တို့သည် ရုရှဗယ်လေကို အဆင့်အတန်း မြင့်သည်ထက် မြင့်အောင် ဖန်တီးသင်ကြားပေးကြသည်။ သို့သော် ၁၈ ရာစုနှစ်အလယ်ပိုင်းတွင် ဗယ်လေသဘင် ညှိုးမှိန်လာရာ မီရှယ်ဖိုးကင်းက ပြန်လည်မြှင့်တင်ပေးခဲ့လေသည်။

 
မော်ရိုကိုနိုင်ငံ ရှိ ဗယ်လေ အကမယ်တစ်ဦး


မီရှယ်ဖိုးကင်းသည် ဆီယာဂျီ ဒယာဂျီလျက် စီမံအုပ်ချုပ်သော ဗယ်လေအဖွဲ့ကို ၁၉၀၉ ခုနှစ်တွင် ပါရစ်မြို့၌ ပွဲထုတ်စေခဲ့ရာ၊ ဆန်းသစ်လှပသော ရုရှဗယ်လေသည် အလွန်ကျော်ကြားသွားလေသည်။ ယင်းအဖွဲ့တွင် အမျိုးသားဗယ်လေအကဝိဇ္ဇာ ညီဇင်းစကီးနှင့် အမျိုးသမီး ဗယ်လေအကဝိဇ္ဇာ အန္ဒာ ပါဗလိုဗာတို့ ပါဝင်သည်။ ယင်းတို့အဖွဲ့ ကပြတင်ဆက်သော ဗယ်လေကဇာတ်တို့မှာ ရှီဟာရာဇားဒီး၊ ပထရောရှကား၊ မီးငှက်၊ ငန်းရေအိုင် စသည်တို့ဖြစ်၍ ထူးကဲလှပတင့်ဆန်း လှပေသည်။ ယင်းတို့ကို နှစ်ပေါင်းများစွာ မရိုးတမ်း ကပြခဲ့ရ လေသည်။ ဒယာဂျီလျက် ခေါင်းဆောင်သော ယင်းတို့အဖွဲ့သည် အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စု၌ လည်း ကပြအသုံးတော်ခံခဲ့၍ အလွန်တရာ ချီးကျူးအားပေးမှုကို ခံခဲ့ရပြီးသော် ကမ္ဘာကျော်ကြားခဲ့လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း