ဗာရဟာဂီရီ ဗန်ကတ ဂီရီ
၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ် ဩဂုတ်လအထိ အိန္ဒိယနိုင်ငံ သမ္မတကြီးအဖြစ် ငါးနှစ်တာတင်မြောက်ခြင်းခံခဲ့ရသော ရှရီဂီရီကို ၁၈၉၄ ခုနှစ်တွင် ဩရိဿပြည်နယ် ဘာချင်ပူမြို့တွင် မွေးဖွားသည်။ ဇာတိမြို့ရှိ ကာလီကာတ် တက္ကသိုလ်နှင့် အိုင်ယာလန်ပြည် ဒဗ္ဗလင်မြို့ရှိ အမျိုးသားကောလိပ်တို့တွင် ပညာသင်ကြား ခဲ့သည်။ ဝတ်လုံတော်ရ စာမေးပွဲကိုလည်း အောင်မြင်ခဲ့သည်။
မဒရပ်တရားလွှတ်တော်တွင် ရှေ့နေလိုက်ခဲ့သည်။ ထို့နောက် အလုပ်သမားအရေးများတွင် ပါဝင်ဆောင် ရွက်ခဲ့၍ ထင်ရှားသော အလုပ်သမားခေါင်းဆောင် ဖြစ်လာသည်။ ၁၉၂၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ မီးရထားအစည်းအရုံး ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၄၂ ခုနှစ်တွင် အလုပ်သမားကွန်ဂရက်ဥက္ကဋ္ဌအဖြစ်ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ထိုနောက် ဗဟိုဥပဒေပြု ပါလီမန်အမတ်အဖြစ် ၁၉၃၄ ခုနှစ်မှ ၁၉၃၇ ခုနှစ်အထိ ရွေးကောက် တင်မြှောက်ခံရပြီး မဒရပ်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ခန့်အပ်ခံရသည်။ အလုပ်သမားဌာန၊ စက်မှုလက်မှုဌာန၊ သမဝါယမနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနများ၏ ဝန်ကြီးအဖြစ် ၁၉၃၇-၃၉ ခုနှစ်နှင့် ၁၉၄၆-၄၇ ခုနှစ်များအတွင်း ဆောင်ရွက်ခဲ့သည်။
သီဟိုဠ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ရာထူးကို ၁၉၄၇ ခုနှစ်မှ ၁၉၅ဝ ပြည့်နှစ်များတွင် ထမ်းဆောင်ခဲ့သည်။ အိန္ဒိယ ပြည် ဗဟိုအစိုးရအဖွဲ့တွင် တာဝန်အမျိုးမျိုးတွင် ထမ်းဆောင်ခွင့် ရခဲ့သော ရှရီဂီရီသည် ပြည်နယ်ဘုရင်ခံမင်းကြီး ရာထူးကိုလည်း ရခဲ့ဖူးသည်။
၁၉၅၇-၆ဝ ပြည့်နှစ်တွင် ဩရိဿပြည်နယ်ဘုရင်ခံ၊ ၁၉၆ဝ-၆၅ ခုနှစ်တွင် ကေရာလာပြည်နယ် ဘုရင်ခံ၊ ၁၉၆၅-၆၇ ခုနှစ်တွင် မိုက်ဆိုပြည်နယ် ဘုရင်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၆၇-၆၉ ခုနှစ်များတွင် ဒုတိယသမ္မတ တင်မြှောက်ခံရပြီး ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်တွင် သမ္မတကြီးအဖြစ် တင်မြှောက်ခံရသည်။
၁၉၈ဝ ပြည့်နှစ် အသက် ၈၅ နှစ်အရွယ်တွင် မဒရပ်မြို့၌ ကွယ်လွန်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)