ဒုကနိပါတ် - ၁၀။ သိင်္ဂါလဝဂ် -(၂၄၆) ဗာလောဝါဒဇာတ်။ ။ သတ္တဝါတို့ကို သတ်ဖြတ်၍ ပေးလှူသောဆွမ်းကို စားသောရဟန်းသည် မကောင်းမှုဖြင့် လိမ်းကျံ၏ဟု စွပ်စွဲသော သူကြွယ်မိုက်အား တရားပြ၍ ဆိုဆုံးမသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

ဘုရားကိုရှုတ်ချ နိဂဏ္ဌ ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေသာလီပြည်ဝယ် စုလစ်မွန်ချွန်တပ်သော ဇရပ်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သီဟမည်သော စစ်သူကြီးသည် မြတ်စွာဘုရားထံ ဆည်းကပ်၍ ဥပါသကာအဖြစ် ဖိတ်ကြားပြီးလျှင် နတ်ဖြန်နေ့ဝယ် အိမ်သို့ပင့်ဖိတ်ကာ ဘုရားအမှူးရှိသော သံဃာအား သားပြွမ်းဆွမ်းကို လှူဒါန်းလေ၏။

နိဂဏ္ဌသည် ဆွမ်းလှူကြောင်းသိလျှင် အမျက်ထွက်ကာ နှလုံးမသာသဖြင့် မြတ်စွာဘုရားကို ညှဉ်းဆဲလိုသည်ဖြစ်၍ ရဟန်းဂေါတမကားသိလျက် ရည်းမှန်း၍သတ်သော အသားကိုစားသည်ဟု ကဲ့ရဲ့၏။ ထို နိဂဏ္ဌ ကဲ့ရဲ့ရှုတ်ချသောစကား သံဃာ့ဘောင်၌ ထင်ရှားလေ၏။

မြတ်စွာဘုရား ကြားတော်မူလျှင် “ရဟန်းတို့ ... နိဂဏ္ဌသည် ယခုအခါ၌သာ ရည်းမှန်း၍သတ်သော အသားကို စားသည်ဟု ကဲ့ရဲ့သည်မဟုတ်၊ ရှေးအခါ၌လည်း ကဲ့ရဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

ရသေ့ကိုညှဉ်း သူကြွယ်ဖျင်း ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ရသေ့ရဟန်းပြုကာ ဟိမဝန္တာ၌နေ၍ တစ်နေ့သ၌ ချဉ်ဆားမှီဝဲရန် ဗာရာဏသီပြည်သို့သွား၍ နက်ဖြန်နေ့၌ မြို့တွင်းသို့ ဆွမ်းခံဝင်လေ၏။

ထိုအခါ သူကြွယ်တစ်ယောက်သည် ရသေ့ကို ညှဉ်းဆဲမည်ဟု အိမ်တွင်းသို့ပင့်လျက် အမဲသားဟင်းဖြင့် ဆွမ်းလုပ်ကျွေး၏။ ဆွမ်းဘုဉ်ပေးပြီးလျှင် “အရှင်ရသေ့ ... သင့်ကိုရည်မှန်း၍ သတ်အပ်သော အမဲသားမှန်းသိလျက် သင်စားဘိသည်၊ ဤအကုသိုလ်သည် ငါတို့အားသာ မဖြစ်စေလင့်၊ သင့်အားလည်း ဖြစ်စေသတည်း” ဟု ပြောဆိုပြီးလျှင် -

“အရှင်ရသေ့ ... သီလမရှိသောသူသည် သတ္တဝါတို့ကို ညှဉ်းဆဲပုတ်ခတ် သတ်ဖြတ်၍ အလှူကိုပေးလှူဘိ၏။ ဤသို့သောသဘောရှိသောဆွမ်းကို စားသော ရဟန်းသည်လည်း မကောင်းမှုဖြင့် လိမ်းကျံ၏” – ဟု - စွပ်စွဲပြောဆိုပြန်၏။ ရသေ့သည် သူကြွယ်၏ စကားကိုကြားလျှင် သူကြွယ်အား -

“ဒါယကာ ... သီလမရှိသူသည် သားမယားကိုသတ်၍ အလှူကိုပေးလှူစေကာမူ ပညာရှိသည် ထိုဆွမ်းကိုစားသော်လည်း မကောင်းမှုဖြင့် မလိမ်းကျံနိုင်” ဟု တရားဟောပြီးလျှင် နေရာမှထ၍ ဖဲသွားလေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ -

ထိုအခါ သူကြွယ်သည် - ယခုအခါ နိဂဏ္ဌ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) သတ်၍လှူမှု၊ လှူခံစု၊ အကုလိမ်းကျံလား။

(၂) သားကိုသတ်လှူ၊ အကုမြူ၊ ခံသူမလိမ်းသား။

ဗာလောဝါဒဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ