ဗိုနာ လော
ဗြိတိသျှနိုင်ငံပြု သုခမိန်ကြီး အန်ဒရူး ဗိုနာလောသည် ကနေဒါနိုင်ငံ နယူးဗရန်း ဇွစ်မြို့၌ ၁၈၅၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖွားမြင်သည်။ လော ၁၂ နှစ်သားအရွယ်ခန့်ကပင် စကော့တလန်ပြည်သို့ ရောက်လာ၍ ဂလပ်စဂို အထက်တန်းကျောင်းတွင်စ၍ ပညာသင်ယူသည်။ ပညာပြည့်စုံသောအခါ သံနှင့် ဘဏ်လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့၏။ သူသည် ၁၈၉၁ ခုနှစ်က အင်နီပစ်ကရင်နှင့် အိမ်ထောင်ပြုခဲ့၍ ဇနီးသည်မှာ ၁၉ဝ၉ ခုနှစ်တွင် သေဆုံးခဲ့၏။
၁၉ဝဝ ပြည့်နှစ်တွင် ဂလပ်စဂိုနယ်ဆိုင်ရာ ဗလက်ဖရိုင်ယာမြို့နယ်မှ ကွန်ဆားဗတစ်ပါတီဝင် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၁၉၁၁ ခုနှစ်တွင် ကွန်ဆားဗတစ်ပါတီ၏ ခေါင်းဆောင် ဖြစ်လာသည်။ ပထမကမ္ဘာစစ်အတွင်းကဖွဲ့စည်းသော အက်စကွစ်၏ ညွှန့်ပေါင်းအစိုးရအဖွဲ့တွင်ပါဝင်ခဲ့ရ၏။ ဗိုနာလောသည် အပြောသမားမဟုတ်၊ အလုပ်သမားဖြစ်လေသည်။ တိုင်းပြည်ကောင်းစားရေးအတွက် မည်သည့်ကိစ္စကိုမဆို ကိုယ်ကျိုးမငဲ့ကွက်ဘဲစိတ်ရောကိုယ်ပါ ဆောင်ရွက်လေ့ရှိသည်။ မှတ်ဉာဏ် ကောင်းလှသည်ဟုလည်း ကျော်ကြား၏။ လွှတ်တော်၌ စကားပြောရန်ကိစ္စရှိလျှင် စာရွက်စာတမ်းမကိုင်ဘဲ နှုတ်တိုက်ပြောသွားနိုင်သူဖြစ်သည်။ စကားပြောသည့်အခါတွင် မိမိ အမှန်တကယ်မဆောင်ရွက်နိုင်သည့်ကိစ္စများ၊ မသေချာသောကိစ္စများကို မည်သည့်အခါမျှ ထည့်သွင်းပြောဆိုခြင်းမပြုချေ။ ဗိုနာသည် ၁၉ဝ၂ ခုနှစ်အထိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဘုတ်အဖွဲ့၏ ပါလီမန်အတွင်းဝန်အဖြစ်ဆောင်ရွက်ရလေသည်။ ၁၉၁၅ - ၁၆ ခုနှစ်တွင် ကိုလိုနီဆိုင်ရာ အတွင်းဝန်အဖြစ် ခန့် ထားခြင်းခံရပြန်လေသည်။ ၁၉၁၆ ခုနှစ်တွင် လွိုက်ဂျော့၏ ညွှန့်ပေါင်းအစိုးရ ဖွဲ့သောအခါတွင်လည်း ရွှေတိုက်စိုးဝန်ကြီး(ဘဏ္ဍာရေးဝန်ကြီး)ဖြစ်လာ၏။ ၁၉၁၇ ခုနှစ်တွင် မိမိအားအပ်နှင်းသော နန်းရင်းဝန်ရာထူးကို ငြင်းပယ်ခဲ့သည်။ ၁၉၁၉ ခုနှစ်မှ ၁၉၂၁ ခုနှစ်အတွင်း တံဆိပ်တော်ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရပြန်လေသည်။ ၁၉၂၂ ခုနှစ်တွင် ကွန်ဆားဗေးတစ် အစိုးရအဖွဲ့တက်လာရာ ဗိုနာလောသည် နန်းရင်းဝန်အဖြစ်ခန့်ထားခြင်းခံရသည်။ သို့ရာတွင် ကျန်းမာရေးချို့တဲ့မှုကြောင့် ၁၉၂၂ ခုနှစ် နိုဝင်ဘာလမှ ၁၉၂၃ ခုနှစ် မေလအထိ ခုနစ်လမျှသာ နန်းရင်းဝန်ရာထူးကို လက်ခံထမ်းရွက် ရလေသည်။ နန်းရင်းဝန်ရာထူးမှ နုတ်ထွက်လိုက်ပြီးနောက် ငါးလခန့်အကြာ ၁၉၂၃ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့တွင် ဗိုနာလောကွယ်လွန်သည်။ ဗိုနာလောသည် ဝန်ကြီးသက်တမ်းတိုသော်လည်း စွမ်းစွမ်းတမံဆောင်ရွက်ချက်များကြောင့် နိုင်ငံရေးလောကတွင် အထူးပင်ကျော်ကြားသူ ဖြစ်ခဲ့လေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)