ပုဂံ ဗိုလ်ချိုသည် မြန်မာနိုင်ငံ တစ်ခုလုံး နယ်ချဲ့အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့စဉ် ကာလမှ ၁၈၈၇-ခုနှစ် အထိ အင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သော မျိုးချစ်သူရဲကောင်း တစ်ဦးဖြစ်သည်။ ပုဂံဗိုလ်ချိုသည် ငါ့သရောက်ရွာသား ဖြစ်သည်။ ထိုစဉ်က ငါ့သရောက်ဒေသသည် ပုဂံစီရင်စုအတွင်းရှိ ​ဒေသတစ်ခုဖြစ်သည်။ ထို့ကြောင့် ထိုနယ်မြေဒေသမှ နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သော ဗိုလ်ချိုကို "'ပုဂံဗိုလ်ချို"'ဟု အမည်တပ်ခေါ်ဆိုခဲ့ဟန်ရှိသည်။ ပုဂံဗိုလ်ချိုသည် နယ်ချဲ့တော်လှန်ရေး လုပ်ငန်းများကို ပြောက်ကျားစနစ်ဖြင့် အရှိန်မြင့် ဆောင်ရွက်ခဲ့သဖြင့် နယ်ချဲ့တို့သည် ၁၈၈၈-ခုနှစ်တွင် ပုဂံစီရင်စုကို ဖျက်သိမ်း၍ ငါ့သရောက် ဒေသကို မြင်းခြံစီရင်စုထဲသို့ ထည့်သွင်းခဲ့သည်။

ပုဂံဗိုလ်ချို၏ ဆွေမျိုးသားချင်းများ၊ တော်လှန်ရေးသမားများ၏ ဆွေမျိုးသားချင်းများကို မြန်မာပြည် အထက်ပိုင်း မြစ်ကြီးနား၊ ဗန်းမော်၊ ကသာနှင့် မြန်မာပြည်အောက်ပိုင်း ခရမ်း၊ သုံးခွ စသော နေရာဒေသများသို့ နယ်နှင်ဒဏ် ပေးခဲ့သည်။ ထို့နောက် နယ်ချဲ့အင်္ဂလိပ်တို့သည် ပုဂံဗိုလ်ချိုနှင့် နယ်ချဲ့ဆန့်ကျင်ရေး သမားများကို စစ်အင်အား အလုံးအရင်း သုံး၍ အပြင်းအထန် ချေမှုန်းတိုက်ခိုက်ခဲ့၏။

အောင်ပွဲများ ပြင်ဆင်ရန်

ပုဂံဗိုလ်ချို၏ ပွဲဦးထွက် အောင်ပွဲမှာ ညောင်ဦးကမ်းပါးတိုက်ပွဲဖြစ်သည်။ ဗြိတိသျှစစ်သည် (၁၅)ဦးကျဆုံးပြီး တစ်ဦးသာ လွတ်မြောက်သွားခဲ့သည်။ မျိုးချစ်သူရဲကောင်း သုံးဦးကျဆုံးခဲ့သည်။ အထင်ကရ "'မှိုက်ပင်"'တိုက်ပွဲတွင် ဗိုလ်ချို ဦးစီးသော တော်လှန်ရေးမျိုးချစ်အင်အား ၅၀၀ ခန့်ကို ဗြိတိသျှ မြင်းစစ်သည် (၈၀)၊ ခြေလျင်တပ်သား ၃၀၀ ခန့်နှင့် စီးနင်းတိုက်ခိုက်ခဲ့သည်။ ဗြိတိသျှ စစ်သည် ၁၅၀ ကျော် ကျဆုံးခဲ့သည်။ ထိုတိုက်ပွဲတွင် တိုင်းပြည်အတွက် မျိုးချစ်သူရဲကောင်း ၉-ဦး အသက်ပေးလှူခဲ့ရပြီး ၁၄-ဦးသာ ဒဏ်ရာရရှိခဲ့၏။ အခြားထင်ရှားသော တိုက်ပွဲများမှာ - ပုလင်း၊ ကန်ကျော်၊ ကမ္ဘားနီ၊ ကျောက်တံခါး၊ ကျဘို့၊ ချင်းယားတောင်၊ လက်ပန်ခြေပေါ် တိုက်ပွဲများ ဖြစ်သည်။

ပုဂံဗိုလ်ချိုသည် အေဒီ ၁၈၈၆-ခုနှစ်မှ ၁၈၉၅-ခုနှစ်အထိ ဆယ်နှစ်နီးပါး နယ်ချဲ့တို့ကို ပြောက်ကျား စနစ်ဖြင့် တော်လှန်တိုက်ခိုက်ခဲ့ပြီး အင်အားနည်းပါးလာခဲ့သည်။ ပုဂံဗိုလ်ချို၊ သားဗိုလ်ဖိုးဆင်၊ ဗိုလ်ဖိုးဝင်တို့သည် ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး ယော၊ ဆောနယ်ရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတော်လှန်တိုက်ခိုက်ရန် ပုဂံသီရိပစ္စယာ ဂူပြောက်ဘုရားအတွင်း ခေတ္တစခန်းချနားနေစဉ် သစ္စာဖောက်အမျိုးယုတ်၊ ပုဆိန်ရိုးလောက်ကောင်တို့၏ သတင်းပေးမှုကြောင့် (၃၀-၆-၁၈၉၅) ရက်နေ့တွင် ဖမ်းဆီးခြင်း ခံရသည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် ပုဂံဗိုလ်ချို သားအဖ သုံးဦးတို့အား ငါ့သရောက်မြို့ရှိ မြနန္ဒာကန်တော်ကြီးကုန်းတွင် ကြိုးစင်ဆောက်၍ ကြိုးပေး ကွပ်မျက်ခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် ငါ့သရောက် နယ်သူနယ်သားတို့အား နောက်နောင်တွင် ယင်းတို့ကို ပုန်ကန်တော်လှန်မှု မပြုလုပ်ဝံ့စေရန် ရည်ရွယ်လျက် ပုဂံဗိုလ်ချိုတို့ သားအဖသုံးဦး ကြိုးပေးကွပ်မျက်မှုကို (မပျက်မကွက်) လာရောက်ကြည့်ရှုစေခဲ့သည်။

သို့သော် ပုဂံဗိုလ်ချိုသည် ကြိုးစင်သို့ တက်ရောက်လာစဉ် ငိုယိုနေသော တပ်မှူးတစ်ဦးအား ခြေတစ်ဖက်ကို ခြေကျင်းခတ်ထားလျက်ပင် ကျန်ခြေတစ်ဖက်ကို ခြေကျင်းခတ်ထားလျက်ပင် ကျန်ခြေတစ်ဖက်ဖြင့် လှမ်းခတ်လိုက်ရင်း နင်တို့ ယောက်ျား မဟုတ်လောဟု ရဲဝံ့စွာ ပြောကြားပြီး ကြိုးစင်သို့ မတွန့်မဆုတ် ရဲရဲဝံ့ဝံ့ တက်သွားခဲ့၏။ နယ်ချဲ့တို့သည် ပုဂံဗိုလ်ချိုကို ကြိုးမပေးမီ နောက်ဆုံးအခွင့်အရေး အနေဖြင့် နယ်သူနယ်သားများ နှင့် ဆွေမျိုးသားချင်းများကို အစားအစာကျွေးခွင့်နှင့် စကားပြောခွင့် ပြုခဲ့သည်။ ထိုအခါ ပုဂံဗိုလ်ချိုသည် ယင်း၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများကို ယင်းတို့သားအဖ သုံးဦးအား ရည်စူး၍ ကြိုးစင်အနီး၌ ဘုရားတစ်ဆူ တည်ထားပေးရန် ပြောကြားခဲ့၏။ ပုဂံဗိုလ်ချို၏ ဆွေမျိုးသားချင်းများနှင့် ငါ့သရောက် နယ်သူနယ်သားများသည် ပုဂံဗိုလ်ချို နောက်ဆုံးမှာကြားချက်ဆန္ဒနှင့် အညီ ယင်းတို့သားအဖ သုံးဦးအား ရည်စူးလျက် မြနန္ဒာကျောက်ထီးဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့ကြသည်။ သို့သော် နယ်ချဲ့အင်္ဂလိပ်တို့ ဆက်လက်စိုးမိုး အုပ်ချုပ်စဉ်ကာလ ဖြစ်သဖြင့် ထိုကျောက်ထီးဘုရားကြီး၏ အရှေ့တောင်ထောင့် မုခ်ဦးအထက်တွင် ပုဂံဗိုလ်ချို၏ မျက်နှာကို အင်္ဂတေ ပန်းဖြင့် ပညာသားပါပါ ထည့်သွင်းပုံဖော်ထားခဲ့၏။ လူမျက်နှာကို ကနုတ်ပန်း၊ ကနုတ်နွယ်တို့ဖြင့် ရောယှက်၍ မွမ်းမံတန်ဆာဆင်ထားသော နာရီ ခေါ် ရှေးရိုးမြန်မာ့ပန်းချီ အနုပညာတစ်မျိုး ဖြစ်သည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. အောင်တင်ဝင်း (ငါ့သရောက်) ရေး ဗိုလ်ချိုမှသည် များဇာနည်သို့ ၊ ၂၀၁၂၊ စာ-၅