ဗိုလ်စံသိန်း
ဗိုလ်စံသိန်းသည် ကောဇာ သက္ကရာဇ် ၁၂၈၉ ခု တပေါင်းလဆန်း (၉)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ဖက်ရဲရွာတွင် ဖွားမြင်ခဲ့ပြီး သတ္တမတန်း ကျောင်းပညာကို အောင်မြင်ခဲ့သည်။ မွေးချင်းမောင်နှာမများမှာ ဆရာမနန်းထွေး၊ ဦးဖိုးလွန်၊ ဦးစံဖဲနှင့် နန်းခင်ဝေသီ တို့ဖြစ်သည်။ ဗိုလ်စံသိန်းသည် အိမ်ထောင်ဇနီး ဒေးနန်းခွန်နှင့်အတူ သားသမီး (၆)ဦးထွန်းကားခဲ့သည်။ ၎င်းတို့မှာ နန်းယွန်း၊ နန်းဆွေ၊ ဗိုလ်မှူးခွန်ကျော်ဆွေ၊ နန်းရီ၊ နန်းဒေဝီနှင့် နန်းလှရင် တို့ဖြစ်သည်။
ဗိုလ်စံသိန်းသည် မြင်းခြံခရိုင်တွင် ခရိုင်ကော်မတီတာဝန်ခံအဖြစ်လည်းကောင်း၊ တောင်ကြီးခရိုင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့(ပအလဖ) တာဝန်ခံအဖြစ်လည်းကောင်း၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ တရုတ်ဖြူစစ်ဆင်ရေးတွင် ပအလဖ စစ်ရေးတာဝန်ခံ အဖြစ်လည်းကောင်း တာဝန်ယူလှုပ်ရှားခဲ့သည်။
၁၉၅၈ ခုနှစ်မေလတွင် ပအလဖ အလင်းဝင်ရာတွင် ဗိုလ်စံသိန်းက ဖဆပလ အစိုးရကို အယုံအကြည်မရှိသဖြင့် ပအလဖ ရဲဘော်တချို့နှင့် တောတွင်းတွင် ဆက်ပုန်းနေခဲ့သည်။ ဗိုလ်စံသိန်းသည် ၁၉၆၆ တွင် ပအလဖ၏ ရဲဘော်ဟောင်းများကို ပြန်လည်စည်းရုံးပြီး ဒုတိယအကြိမ် လက်နက်ကိုင် ပအိုဝ်းတော်လှန်ရေးကို ဦးဆောင် လှုပ်ရှားခဲ့သည်။ ၁၉၆၇ တွင် ဗိုလ်လှမောင်ဦးဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တပ်ဖွဲ့က ပအိုဝ်းဒေသတွင်းတွင် ဝင်ရောက်ကျူးကျော်လာသဖြင့် ဗိုလ်စံသိန်းဦးဆောင်သော ပအလဖ တပ်ဖွဲ့က ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ ၁၉၆၇ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပအလဖ အမည်ကို ဖျက်သိမ်း၍ ဥက္ကဋ္ဌ ဗိုလ်စံသိန်း အတွင်းရေးမှူး ဆရာလှစိန် တို့သည် ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
၁၉၆၈ ခုနှစ် ဇန္နဝါရီလတွင် မန်းရှာလာဖန်းနှင့် စောသမိန်ထွန်းတို့ ပါဝင်ဦးဆောင်သည့် ကေအဲန်ယူပီ၏ မြောက်ပိုင်းခရီးစဉ်သည် တောင်ကြီးနယ်ဘက်သို့ ရောက်လာသောအခါ ရလလဖ ဥက္ကဋ္ဌ ဗိုလ်စံသိန်းနှင့် ဗိုလ်မှူးကာလယ်တို့က လက်ခံတွေ့ဆုံခဲ့သည်(ဤအချိန်တွင် ဗိုလ်မှူးရာထူးဖြင့် ဗိုလ်မှူးစံသိန်း)။ ထိုအချိန်ကာလတွင် ဗကပ တပ်ဖွဲ့သည် ရလလဖ အဖွဲ့(ပအိုဝ်းနီတပ်ဖွဲ့)မှ လူတချို့ကို စည်းရုံးပြီး ဗကပ ကို ထောက်ခံလာအောင်နှင့် စည်းရုံးမရ၍ ဆန်ကျင်မှု သဘောရှိသူများကို အပြုတ်တိုက်ထုတ်ရမည် ဆိုသည့် ပေါ်လာစီကြောင့် ရလလဖ တပ်ဖွဲ့တွင် မညီမညွတ်မှု ဖြစ်လာခဲ့သည့် အချိန်ကာလနှင့် တိုက်ဆိုင်နေသည်။ ထိုသို့သော ပေါ်လာစီကို ဗကပ ကျင့်သုံးမှုကြောင့် တော်လှန်ရေးဆင်နွဲနေသော ပအိုဝ်းတိုင်းရင်းသားတို့၏ အင်အားစုကို အားနည်းသွားစေခဲ့သည်။
၁၉၆၈ ခုနှစ် အောက်တိုဘာလ(၁၀)တွင် မောက်မယ်မြို့နယ်၊ ကန်တူးဒေသ၊ ပန်ကိုင်းရွာတွင် ဗိုလ်လှခင် ဦးဆောင်သော ရှမ်းတပ် Shan United Revolution Army (SURA) နှင့် ဗိုလ်စံသိန်းဦးဆောင်သော ရလလဖတပ်ဖွဲ့တို့သည် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ရာမှ အပြန်အလှန်ပစ်ခတ်ကြပြီး နှစ်ဘက်ခေါင်းဆောင်ဖြစ်သော ဗိုလ်လှခင်နှင့် ဗိုလ်စံသိန်းတို့ ကျဆုံးခဲ့ရသည်။
ထိုတိုက်ပွဲတွင် ပါဝင်သည့် ဆီဆိုင်မြို့နယ် လိုင်းပေးရွာနေ ရလလဖ ရဲဘော်ဟောင်း ဆရာခေတ်၏ ပြန်ပြောပြချက်အရ “ဗိုလ်စံသိန်းကို ရှမ်းတပ်က ပစ်တာမဟုတ်ဘူး သူ့လူတစ်ယောက်ယောက်က သူ့နောက်ကနေ ပစ်တာပါ။ ကျဉ်ဆံဒဏ်ရာက ရှေ့ဘက်ကနေလာတာ မဟုတ်ဘူး နောက်ဘက်ကနေ လာတာပါ” ဟု ဆို၏။ ဤတိုက်ပွဲတွင် ပါဝင်သော SURA ရဲဘော်တယောက်ကို ကွဏ်းခေါ်စာစောင်မှ တွေ့ဆုံမေးမြန်းပြီး ရှမ်းဘာသာဖြင့် ပြန်ရေးထားရာတွင် ဗိုလ်စံသိန်းကို သူတို့တပ်ဖွဲ့ မပစ်ရကြောင်း ထိုရဲဘော်၏ ပြန်ပြောပြသည်ကို ရေးသားထားသည်။
ဗိုလ်စံသိန်းနှင့် သိကျွမ်းသည့် ဟိုနမ်းဇာတိ ဆရာတော်တစ်ပါးကလည်း “ဗိုလ်စံသိန်းကို ပစ်သတ်တာက သူ့လူ ဗိုလ်လှမောင်” ဟု ဆို၏။ ခရီးသွားလင်မယားနှစ်ဦးသည် တိုက်ပွဲဖြစ်စဉ်တွင် သူတို့ပုန်းနေသည့်နေရာရှေ့တွင် ဗိုလ်စံသိန်းနှင့် ဗိုလ်လှမောင် ဖြတ်သွား၍ မကြာမှီ သေနတ်သံကြားပြီး ဗိုလ်စံသိန်းက ကျဉ်ဆံဒဏ်ရာဖြင့် အကြီးအကျယ်ရသွားကြောင်း ပြန်ပြောပြ၏။ ဗိုလ်လှမောင်သည် တချိန်က ဗကပ တပ်ဖွဲ့ကို ဦးဆောင်ပြီး အင်းလေးဒေသ၌ လှုပ်ရှားစဉ်တွင် ဗိုလ်စံသိန်း တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် အပြတ်ချေမှုန်းခဲ့သည်ကို ဗိုလ်လှမောင်က မကျေနှပ်ဘဲ ပြန်ကလည့်စားချေခြင်းဖြစ်သည်ဟု အဆိုပါဆရာတော်က သုံးသပ်သည်။ ဗိုလ်စံသိန်းသည် ဗိုလ်လှမောင်ကို စစ်တုံပန်းအဖြစ် မထားဘဲ ၎င်းတပ်ဖွဲ့ထဲသို့ စည်းရုံးဝင်စေခဲ့သည်။ ဗိုလ်စံသိန်းကျဆုံးပြီးနောက် ဗိုလ်လှမောင်သည် ရလလဖ ဥက္ကဋ္ဌဖြစ်လာသည်နှင့် တပြိုင်တည်း ရလလဖ အပေါ် ဗမာပြည်ကွန်မြူနစ်ပါတီ ဩဇာ လွမ်းမိုးလာခဲ့လေသည်။
ကျမ်းကိုး
ပြင်ဆင်ရန်• ပြည်ထောင်စုထဲ့က ပအိုဝ်း။ • ဆရာကြီး စကောလယ်တောနှင့် မြောက်ပိုင်းခရီးစဉ် ((ကေအဲန်ယူ) မြောက်ပိုင်းခရီးစဉ် မှတ်တမ်း) • ဟဝ်သေထွိုက်ငါး စွိုးခွို့အွဉ်ငါ အားဇားနည်း ခေါင်းဆောင်တန်သီး ဘဝမတ်တန့်အအဲဉ်း