ဗိုလ်သခင်ဆရာအမည်ခံ စာရေးဆရာ၊ သတင်းစာဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ သခင်တင်ဦးကို မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့၊ မိချောင်းရဲကျေးရွာ၌ အဖဦးဘသစ်၊ အမိဒေါ်အေးတင်တို့မှ ၁၉၂၂−ခုနှစ်၊ နိုဝင်ဘာလ၊ ၂၂−ရက်နေ့တွင် မွေးဖွားသည်။ ငယ်စဉ်က တောင်တွင်းကြီးမြို့၊ နတ်မှီတောရကျောင်းနှင့် အမျိုးသားကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ကာ သခင်တင်ဦးအဖြစ် ဒေသဆိုင်ရာနိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်းတွင် သခင်အောင်ဆန်း အပါအဝင် အခြားသခင်များနှင့် အတူ ဖက်ဆစ်နှင့် နယ်ချဲ့ဆန့်ကျင်မှု တော်လှန်ရေးများ၌ ပါဝင်ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း နာယကအဖြစ်ဆောင်ရွက်သော ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရင်း တစ်ဖက်မှလည်း စာရေးဆရာ၊ သတင်းစာဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဘဝတွင် ကျင်လည်ခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ တက်ကြွသော အမှုဆောင်တစ်ဦးအဖြစ် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသော အာရှစာရေးဆရာညီလာခံသို့ ဦးထွန်းဖေ (ဝန်ကြီးဟောင်း၊ ထွန်းနေ့စဉ် ဦးထွန်းဖေ) အပါအဝင် အခြားစာရေးဆရတို့နှင့် အတူ ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ရုပ်ရှင်မြို့တော် ဘုံဘေ (ယခု မွန်ဘိုင်း)တွင် လင်ကုန်ကူးမယ် ရုပ်ရှင်ဇာတ်ကားကြီး သွားရောက်ရိုက်ကူးစဉ် အိန္ဒိယနိုင်ငံ သမ္မတကြီး ဒေါက်တာရာဂျင်ဒရယ်ပရာဆတ်၊ ဝန်ကြီးချုပ် ပန်ဒစ်နေရူး အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ ကမ္ဘာကျော် အိန္ဒိယရုပ်ရှင်မင်းသား၊ မင်းသမီးများ ဖြစ်ကြသော ရသ်ချ်ကပူး၊ နာဂစ်တို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။

ဗိုလ်သခင်ဆရာသည် စာပေရေးသားခြင်းကို ငယ်စဉ်ကတည်းက ဝါသနာထုံခဲ့ပြီး ၎င်းဖြတ်သန်းရာ ခေတ်ထဲမှ အမြင်မတော်မှုများကို မထိတရိ ကလိတိတိ သရော်ရာတွင် အထူးကျွမ်းကျင်သည်။ ထိုစဉ်က ထွက်ရှိသော ရှုထောင့်ဂျာနယ်နှင့် ရွှေတူဂျာနယ်တို့တွင် တစ်ခန်းရပ်ပြဇာတ်များ၊ နေ့စဉ်မှတ်တမ်းများကို အပတ်စဉ် ရေးသားခဲ့သည်။ နောက်ပိုင်းတွင် ရှုမဝ၊ မြဝတီမဂ္ဂဇင်းတို့၌ ဟာသကွက်စိပ်များ လစဉ်ရေးသားခဲ့သည်။ ဗိုလ်သခင်ဆရာကလောင် အမည်အပြင် ဆရာကျင်ခဲအမည်ဖြင့်လည်း ရေးသားသည်။ ဗိုလ်သခင်ဆရာ၏ ထင်ရှားသော လက်ရာများမှာ အဲ...ဟုတ်ပေါင်ယောင်လို့" လုံးချင်းဝတ္ထုရှည်၊ ဟာသကွက်စိတ်ယောက်ျားနှင့်မိန်းမဟာသအဘိဓာန်၂၀ ရာစုဇာတ်သဘင် စာအုပ်များ ဖြစ်သည်။ အဲ...ဟုတ်ပေါင်ယောင်လို့'သည် ကိုယ်တိုင်ကျင်လည်လှုပ်ရှားနေသော ရုပ်ရှင်လောက နောက်ခံ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာတို့နှင့် ပတ်သက်သည့် ဘဝသရုပ်ဖော် ဝတ္ထုဖြစ်သည်။ ထိုဝတ္ထုကို ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ဘယ်ဆုတောင်းမလဲ ချစ်သူ အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့သည်။ ဟာသအဘိဓာန်သည် အမေရိကန်ကြည်းတပ် လက်ရွေးစင် စာအုပ်ဖြစ်သည့် THESAURUS of HUMOUR မှ Mildred Meiers Jack Knapp တို့၏ စာများကို ဘာသာပြန်ထားခြင်း ဖြစ်သည်။

ဗိုလ်သခင်ဆရာသည် ၁၉၉၀-ပြည့်နှစ်က အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားပြီး နှစ်ရှည်လများ နေထိုင်ခဲ့သည်။ ၂၀၀၉-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး စာပေ၊ သဘင်၊ အနုပညာနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲပြုလုပ်၍ မြန်မာပြည်၏ ထင်ရှားကျော်ကြားသူများကို ရုပ်တုပြုလုပ်ကာ သက်ဆိုင်ရာနေရာများ၌ ဂုဏ်ပြုထားရှိရန် ဆွေးနွေးခဲ့သည်။

ဗိုလ်သခင်ဆရာသည် ၂၀၁၅-ခုနှစ်၊ ဒီဇင်ဘာလ ၁၀-ရက်တွင် ရန်ကုန်မြို့၊ ဝိတိုရိယဆေးရုံ၌ ကွယ်လွန်သည်။ ဇနီးဒေါ်ညွန့်ညွန့်ဆွေနှင့် သားသမီး နှစ်ယောက် ကျန်ရစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၆)