ဗုဒ္ဓဘုရားရှင်တို့၏တူညီသောအချက်များ

ဘုရားရှင်တို့တွင် တူသော အချက်များ (၃၀) ရှိသည်။

  1. အလောင်းတော်သည် နောက်ဆုံးသောဘဝ၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ ( ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့ စိတ်အထုံ လူ့ပြည်ကို ပါလာမယ် ။ အဲလိုဆိုရင်အိမ်ထောင်ပြုမှာ မဟုတ်ပါဘူး ။ အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါတယ် ။)
  2. မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင် ဖွဲ့ခွေ၍ အရှေ့သို့မျက်နှာမူပြီးနေပါသည် ။ ( အလောင်းတော်တွေဟာ သာမန်လူတွေရဲ့ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါဘူး ။ အတည့်ပဲနေပါတယ် ။ မယ်တော်ရဲ့ ဝမ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်ကိုယ့်သန္ဓေသားကို ကိုယ် ဗိုက်ကနေ ကောင်းကောင်းမြင်နေနိုင်ပါတယ် ။ ချဉ်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။ )
  3. အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားပါသည် ။ ( ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါတယ် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါတယ် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုစွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့် အတိုင်း မွေးပြီးပြီးချင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါတယ်။[ကိုးကားချက်လိုသည်] )
  4. တောအရပ်၌သာ ဖွားတော်မူပါသည်။
  5. ဖွားပြီးပြီးခြင်း မြောက်အရပ်သို. ခြေ (၇) လှမ်းကြွကာ…… “ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ “……ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘဝသို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း[ကိုးကားချက်လိုသည်] ဟု ဆို၏ ။ ဂေါတမ ဘုရားလောင်းသည် ဘဝပေါင်း (၃) ခု၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓါ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘဝ – (သုခမှတ်စု))
  6. သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်ပြီး ၊ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ ( ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက်တွင် ၁-ယောက် အပါအဝင်ဟု သတ်မှတ်ပါတယ် ။ )
  7. အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယ ကျင့်သည်။
  8. ဘုရားဖြစ်မည့်နေ့တွင် နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ ( ထိုဆွမ်းတွင် နတ်ဩဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရ ဖြစ်သည်။ ဘုရားရှင်၏ ဝမ်းထဲတွင် အစာခြေလည်း မမြန် ၊ မြန်မြန်လည်း မဆာလောင်ဘဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများအတွက် ကောင်းစွာ ထောက်ပံ့တယ်။ )
  9. မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။
  10. အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည် ။ ( ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဉာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကို လွန်စွာ ချီးမွမ်းတော်မူသည်။ ပါဠိတော်တွင်လည်း - ၁/ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ ) ၂/ မဟာသတိပဌာနသုတ် ( မ-၁ ၊ ရ၀ ) ၃/တတိယပါရာဇိက ပါဠိ ( ဝိ-၁ ၊ ၈၉ ) ၄/ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ ) ၅/ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ ) ၆/ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည် ။ )
  11. မာရ်စစ်သည်ကို အောင်တော်မူသည် ။
  12. ဗောဓိပလ္လင်၌သာ ဝိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြသည်။
  13. ဗောဓိပင်ရဲ့ ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယကျင့်တော်မူကြပါတယ်။
  14. တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။ ( ရ -သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟု ဆင်ခြင် ကြည့်တော်မူပါတယ် ။ မဟာစည်ဆရာတော်ဘုရားကတော့ ဒီနေရာမှာ မြန်မြန်တရားထူးရမယ့် သူကို ရှေးဦးစွာ ဟောဖို့ ရည်ရွယ်ချက် ဖြစ်တယ် ။ ဆင်ခြင်တဲ့ နေရာမှာ ဘုရားရှင်တွေဟာ ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောပါတယ် ။ ဘာကြောင့် ဗုဒ္ဓစက္ခု ( ဣန္ဒြိယပရောပရိယတ္တ ၊ အာသယာနုသယ ဉာဏ် (၂)ပါး ) ကို မသုံးတာလဲ ဆိုတာ မသိပါဘူး ။ ပကတိမျက်စိနဲ့ပဲ ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုပါတယ် ။ ဒီအခါ ဘုရားရှင်ဟာ မချိတင်ကဲနဲ့ တစ်လောကလုံး အန္ဓတွေကြီးပါလား လို့ ညည်းတွားတော်မူပါတယ်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟောတော့ဘူး၊ တစ်ကိုယ်တည်း ဖိုလ်ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်ပါတယ် ။ ဒီအခါမှာ ဗြဟ္မာမင်းက တရားဦးဟောရန် လျှောက်ရပါတယ်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်တယ် လို့ဆိုပါတယ်။ ဒီဃနိကယ် မှာတော့ ဝိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့တယ်လို့ အတိအလင်းရေးထားပါတယ်။ )
  15. ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြပါတယ်။
  16. တပို့တွဲ လပြည့်နေ့၌သာ ပါတိမောက် ပြတော်မူကြပါတယ် ။
  17. ဇေတဝန်မည်သော ကျောင်းတော်၌သာ သီတင်းများကြသည်။
  18. သာဝတ္ထိမြို့၌ သာ ယမိုက်ပြာဋိဟာပြတော်မူပါသည် ။ ( ယမိုက် + ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )
  19. တာဝတိံသာ၌သာ အဘိဓမ္မာတရားဟောပါတယ် ။ ( မြတ်စွာဘုရားသည် ပထမဝါကို မိဂဒါဝုန်မှာ ဝါကပ်တော်မူပြီး ဒုတိယဝါ၊ တတိယဝါ၊ စတုတ္ထဝါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမဝါကို ဝေသာလီပြည်၊ ဆဋ္ဌဝါကို မကုဠတောင် စသည့် နေရာဌာနများ၌ ဝါကပ်တော်မူသည်။ သတ္တမဝါကို တာဝတိံသာနတ်ပြည်၌ ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ဝါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူသည်။ အဘိဓမ္မာ သင်တန်းမှာ မှတ်သားမိတာကတော့ ဝါတွင်း ( ၃ ) လ မှာ - ၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက် ၂။ ဝိဘင်္ဂ (ဝိဘင်းကျမ်း)ကို ( ၁၂ ) ရက် ၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက် ၄။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ရ ) ရက် ၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက် ၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂၀ ) ရက် ရ။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ ) ရက် ဟောတော်မူခဲ့သည်။ နတ်ပြည်မှာ ဘုရားရှင် ရဲ့ နုတ်ထွက်စကားပြောနှုန်း မြှင့်ပြီးဟောလို့ရတာဟာလည်း အကြောင်းတစ်ခုလို့ ဆိုပါတယ်။ ကျွန်တော် တွက်ကြည့်တာကတော့ လူ့ပြည် (၁၀၀) နှစ် = တာဝတိသာ(၁) ရက် ယမိုက်ကျမ်း-အရ လူ့ပြည် (၁) နှစ် = လူ့ပြည် (၁၂) လ = တာဝတိသာ ( ၀.၂၄ ) နာရီ လူ့ပြည် (၃) လ = တာဝတိသာ ( ၀.၀၆ ) နာရီ = တာဝတိသာ (၃.၆) မိနစ် နတ်တွေအတွက်တော့ (၃.၆) မိနစ် ပဲကြာပါတယ် ။[ကိုးကားချက်လိုသည်]
  20. သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါတယ် ။
  21. ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါတယ် ။
  22. နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ ( နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါတယ် )
  23. အကြောင်းရှိမှ ဝိနည်းတရားတို့ကို ပညတ်တော်မူပါသည်။
  24. အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောပါသည်။
  25. ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓဝင်ကိုသာ ဟောတော်မူကြသည်။
  26. ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။
  27. ဒါယကာတို့ ဖိတ်၍ ဝါဆိုတော်မူသော် ၊ ဝါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှသာ ထွက်ခွာကြွသွားတော်မူကြသည်။
  28. နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူသည်။ ( ဗုဒ္ဓကိစ္စငါးပါး ။ ။ ၁/ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင် တို့အား အခွင့်အားလျော်စွာ အနုမောဒနာပြုခြင်း ကိစ္စ။ ၂/ ပစ္ဆာဘတ္တကိစ္စ = နေ့လွဲအခါ နဲ့ ညနေပိုင်း၌ ပူဇော်ရန်လာသူတို့၏ အပူဇော်ခံပြီး သင့်တော်သော တရားဟောခြင်းကိစ္စ။ ၃/ ပုရိမယာမ ကိစ္စ = ညဉ့်ဦးယံ၌ ရဟန်းတို့အား တရားဟောခြင်း၊ကမ္မဌာန်းပေးခြင်း စသော ကိစ္စ။ ၄/ မဇ္စိုမယာမကိစ္စ = သန်းခေါင်ယံ ၌ စကြဝဠာ တိုက်တစ်သောင်းမှ လာရောက်ကြကုန်သော နတ်၊ဗြဟ္မာတို့၏ အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုတော်မူခြင်းကိစ္စ။ ၅/ ပစ္ဆိမယာမ ကိစ္စ = မိုးသောက်ယံ ၏ ၃ ပုံ ၊ ၁ ပုံ တွင် – ပထမတစ်ပုံ၌ စင်္ကြံကြွတော်မူခြင်း ၊ ဒုတိယတစ်ပုံ၌ သီဟသေယျဖြင့် လက်ယာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိယအပုံ၌ မဟာကရုဏာဖြင့် စတုတ္ထဈာန်သမာပတ်ကို ဝင်စားတော်မူ၍ ထိုကရုဏာသမာပတ်မှ ထတော်မူသောအခါ (အရုဏ်တက်ခါနီး) ယနေ့ ချွတ်ထိုက်သော သတ္တဝါကို ဗုဒ္ဓစက္ခုဖြင့် လောက(၃)ပါးကို ကြည့်တော်မူခြင်း ကိစ္စ ။ သုတ်သီလက္ခန် အဌကထာ – မှ )
  29. ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။
  30. သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။