ဗောဓိဝိုင်းဘုရားသည် မင်းကွန်းမြို့မြသိန်းတန်ဘုရားနှင့် မင်းကွန်းခေါင်းလောင်းတော်ကြီးကြားတွင် တည်ရှိ လေသည်။ ဘိုးတော်ဘုရားသည် မဇ္ဈိမမှ ပင့်ဆောင်လာသော ဗောဓိပင်ပျို နှစ်ပင်ကို စိုက်ထားခဲ့သည်။ မူလတံတိုင်း နှစ်ထပ်၊ မုဒ်ဝင် မုဒ်ကူး အုတ်ပြဿဒ်(၇)ဆူ၊ တံတိုင်းလေးထောင့် အုတ်ပြဿဒ်(၂)ဆူ၊ အရံစောင့်နတ်(၁၂၈)ရုပ်နှင့် လုပ်ဆောင်ပြီး ကမ္ဗည်းရေးထိုးထားခဲ့သည်။

ဗောဓိဝိုင်း ကျောင်းတိုက်

မင်းတုန်းမင်းလက်ထက်တွင် ထိုဗောဓိပင်နှစ်ပင် လဲပြိုသွားသည်။ ဗောဓိပင်၏ အရံတံတိုင်းများလည်း ပျက်စီးပြီး ခြုံနွယ်ပိတ်ပေါင်းများ ဖုံးအုပ်နေသည်။ ထို့အတွက် မန္တလေးအနောက်ပြင် ပုလိုင်းအရပ်မှ လွှစက်ပိုင်ရှင် ဦးရေပေါ်+ဒေါ်ရွှေမှုံ မိသားစုက တာဝန်ယူကာ ရှင်းလင်းပေးသည်။ သို့အတွက် ချမ်းသာကြီးဆရာတော် ဘဒ္ဒန္တပဏ္ဍဝါဘိ သီရိသဒ္ဓမ္မဓဇ ကိုယ်တော်တိုင် ကြပ်မတ်ပြီး ဗောဓိပင်များနေရာတွင် စေတီကြီးတစ်ဆူ တည်ခဲ့သည်။ ဘုရားသခင်၏ ဓာတ်တော်များ၊ အရိယာ သာဝကတို့၏ ဓာတ်တော်များ၊ ရုပ်ပွားတော်များ၊ ဓမ္မခန္ဓာများကို သွတ်သွင်းဌာပနာထားလေသည်။

အချင်း ၃၄-တောင်၊ အဝန်း (၁၀၂)တောင်၊ အမြင့် ၄၁-တောင် ရှိသည်။ ဘွဲ့တော်မှာ မဟာဗောဓိစေတီဖြစ်သည်။ ဗောဓိပင်များ စိုက်ရာဝိုင်းထဲတွင် တည်ထားသောဘုရားဖြစ်၍ ဗောဓိဝိုင်းစေတီဟု ခေါ်နေကြခြင်း ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မင်းကွန်းဘိုးဘွားရိပ်သာအကြောင်း သိကောင်းစရာ စာအုပ်မှ၊ စာ-၃၀