ဗျာဒိတ်ဟူသော စကားမှာ ဗျာကရဏဟူသော ပါဠိမှ ဖြစ်ပွါးလာ၍၊ တဆူဆူသော ဘုရားရှင်က တဦးဦးသော ဘုရားအလောင်း ပစ္စေကဗုဒ္ဓါအလောင်း သာ၀ကအလောင်းအတွက် ဤမည်သော ကမ္ဘာ၌ ဤအမည်ဖြင့် ဘုရားဖြစ်လိမ့်မည် ပစ္စေကဗုဒ္ဓါဖြစ်လိမ့်မည်... အစရှိသည်ဖြင့် မြေလက်ခတ်မလွဲ မှန်ကန်သည့် အထူးပိုင်းခြား မိန့်ကြားအပ်သော စကားကို ဗျာဒိတ်ဟူ၍ ခေါ်ဆိုသည်။

ဗျာဒိတ်စကား ဘယ်ကလာသလဲ ပြင်ဆင်ရန်

ဗျာဒိတ်ဟူသော စကားကို ပါဠိမှ ဆင်းသက်လာသော စကားဟူ၍ အများ ယူဆလျက် ရှိသည်။ အလောင်းမင်းတရားလက်ထက် စိန္တကျော်သူဘွဲ့ခံ စာဆိုပညာရှိ ဦးဩသည် မိမိရေးသားသော ကဝိလက္ခဏသတ်ပုံကျမ်းအဆုံး အမှာစကားရပ်တွင် - “ဗျာဒိတ်ဟူသော စကားနှင့်စပ်၍ ရှေးသတ်ပုံကြီးက (ပ)သတ်နှင့် (ဗျာဒိပ်)ဟု စပ်ဆိုထားသည်၊ ပညာရှိအများတို့က (တ)သတ်နှင့် (ဗျာဒိတ်)ဟုသာ စပ်ဆိုကြသည့်အပြင် သဒ္ဒါမှာလည်း ဗျာဒိတဟူ၍၎င်း ဗျာကတဟူ၍၎င်း ရှိသည်။ သို့ဖြစ်၍ (တ)သတ်ကိုသာ မှတ်ယူသင့်ကြောင်း” ရေးသားထား၏။

ဤရေးသားချက်အလို (ကောဇ၀)ဟူသော ပါဠိမှ(ကော်ဇဝ် = ကော်ဇော)ဟူသော မြန်မာဝေါဟာရ ဖြစ်ပေါ်လာသကဲ့သို့၊ (ဗျာဒိတ)ဟူသော ပါဠိမှ (ဗျာဒိတ်)ဟူသော မြန်မာဝေါဟာရ ဖြစ်ပေါ်လာသည်ဟု ဆိုလိုရင်းဖြစ်သည်။[၁]

ကျမ်းဂန်၌ လာသော ပါဠိစာလုံး ပြင်ဆင်ရန်

ကျမ်းဂန်တို့၌ ဘုရား အထူးဟောကြားတော်မူအပ်သော စကားတော်ကို ဗျာကရဏဟူ၍၎င်း ဗျာကတဟူ၍၎င်း သုံးစွဲရိုးရှိသည်၊ (ဗျာဒိတဟူ၍ သုံးစွဲရိုးမရှိ။) ဗျာဒိတ်ရသော ပုဂ္ဂိုလ်ဟု ပြဆိုလိုလျှင်“လဒ္ဓဗျာကရဏော”ဟု ကျမ်းဂန်တို့၌ ပြဆိုသည်။ ထိုပါဠိကို ရအပ်သော ဗျာဒိတ်ရှိသော (သို့မဟုတ်) ဗျာဒိတ်ရပြီးသောသူဟူ၍ ဆရာ့ဆရာတို့ အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ကြ၏။ သို့ဖြစ်၍- ယခု အများသုံးနှုန်းနေသော ဗျာဒိတ်ဟူသော မြန်မာစကားသည် ပါဠိမဟုတ်၊ ဗျာကရဏဟူသော ပါဠိ ဗျာကတဟူသော ပါဠိတို့ကို ရှေးဆရာကြီးများ ပါဠိနှင့် အဆင်တူရုံ လိုက်နိုင်သမျှလိုက်၍ အနက်မြန်မာ ပြန်ဆိုခဲ့ကြသော စကားဖြစ်သည်။[၁]

အရှေ့ကျွန်းဦး သစ်ပင် ပြင်ဆင်ရန်

ဥပမာပြရသော်.. ကမ္ဘာ့သစ်ပင်(ကျွန်းဦးသစ်ပင်)တို့တွင် အရှေ့ကျွန်းဦး၌ ပေါက်သောသစ်ပင်မှာ ကမ္ဘာ့သစ်ပင်ပင် ဖြစ်သော်လည်း ၎င်းကို ကပ္ပရုက္ခဟု မခေါ်၊ အများအပြား ထင်ရှားရှိ၍ အများသိဖြစ်သော (ပါဠိလို) သိရိသခေါ် သစ်ပင်ဖြစ်၍၊ မြန်မာလို ကုက္ကိုပင်ပင် ဖြစ်ရကား ပါဠိ၌ ထိုကျွန်းဦးသစ်ပင်ကို သိရိသရုက္ခဟုသာ ခေါ်ဆိုသုံးစွဲသည်။ မြန်မာဘာသာ ပြန်ဆိုရာ၌လည်း ကုက္ကိုပင်ဟူ၍သာ ပြန်ဆိုတော်မူကြသည်။[၁]

တောင်ကျွန်းဦး သစ်ပင် ပြင်ဆင်ရန်

ထို့အတူ တောင်ကျွန်းဦး၌ပေါက်သော သစ်ပင်မှာလည်း ကမ္ဘာ့သစ်ပင်ပင် ဖြစ်သော်လည်း ကပ္ပရုက္ခဟု ပါဠိလို မခေါ်ပဲ၊ အများအပြား ထင်ရှားရှိ၍ အများသိဖြစ်သော ပါဠိလို ဇမ္ဗု = မြန်မာလို သပြေပင်ဖြစ်ရကား ပါဠိ၌ ဇမ္ဗုရုက္ခ = မြန်မာလို သပြေပင်ဟူ၍ ခေါ်ဆိုသုံးစွဲသည်။ ။ဤအရာ၌- တောင်ကျွန်းဦးမှာပေါက်သော သစ်ပင်ကို သပြေပင်ဟူ၍သာ မခေါ်ကြပဲ “ဇမ္ဗုသပြေ”ဟု ခေါ်နေပြီးလျှင် သပြေပင်သာမညမဟုတ်၊ ထူးဆန်းသော သပြေဟု မှတ်ယူနေကြ၏။ အမှန်မှာ သပြေတမျိုးမဟုတ်၊ ပါဠိအခေါ် ဇမ္ဗုနှင့် မြန်မာအခေါ် သပြေတို့ကို တွဲစပ်ကာ ဇမ္ဗုသပြေဟု ခေါ်ခြင်းဖြစ်သည်။ (ဗုဒ္ဓဘုရားဟု ခေါ်ခြင်းနှင့် တူ၏။)[၁]

အနောက်ကျွန်းဦး သစ်ပင် ပြင်ဆင်ရန်

အနောက်ကျွန်းဦးမှာပေါက်သော သစ်ပင်သည်လည်း ကမ္ဘာ့သစ်ပင်ပင် ဖြစ်စေကာမူ ကပ္ပရုက္ခဟု ပါဠိလိုမခေါ်ပဲ အများအပြား ထင်ရှားရှိ၍ အများသိဖြစ်သော ပါဠိလို ကဒမ္ဗ = မြန်မာလို ထိန်ပင်ဖြစ်ရကား ပါဠိ၌ ကဒမ္ဗ = မြန်မာလို ထိန်ပင်ဟူ၍ ခေါ်ဆိုသုံးစွဲသည်။[၁]

မြောက်ကျွန်းဦး သစ်ပင် ပြင်ဆင်ရန်

မြောက်ကျွန်းဦးမှာပေါက်သော သစ်ပင်သည်ကား .. ဤအပင်မျိုး မည်သည့်မြေမှာမှ မရှိချေ။ အခြား သစ်ပင်ဟူသမျှသည် မိမိတို့ဆိုင်ရာ ဗီဇနိယာမအတိုင်း အပွင့်အသီး တမျိုးတို့ကိုသာ ပွင့်ကြသီးကြ၍ ဤမြောက်ကျွန်းဦး သစ်ပင်သည်ကား အလိုရှိသောသူတို့၏ လိုလားရာကို သီးပွင့်ပေးသော အပင်ဖြစ်၏။ သို့ဖြစ်၍ ဤအပင်ကို တခုတည်းသော အကြောင်းဗျုပ္ပတ်ဖြင့် အမည်ထူးမှည့်ရန် မဖြစ်နိုင်သည့်အတွက် “ကပ္ပရုက္ခ = ကမ္ဘာ့သစ်ပင်”ဟူ၍သာ အမည်ပေးခဲ့ကြလေသည်။[၁]

ပဒေသာဟူသည် မြန်မာစကား ပြင်ဆင်ရန်

ရှေးဆရာကြီးများက ဤ ကပ္ပရုက္ခဟူသော ပါဠိကို မြန်မာဝေါဟာရ သီးခြားတည်ထွင်၍ “ပဒေသာပင်” ဟု မြန်မာပြန်ဆိုခဲ့ကြ၏။ ထိုသို့ ပြန်ဆိုခဲ့ကြသည့် ပဒေသာဟူသော စကားမှာ ပါဠိပင်ဖြစ်သည်ဟု ထင်မှတ်ဖွယ်ရှိ၏။ စင်စစ်မှာ ပါဠိမဟုတ်။ ပါဠိဖြစ်သော ပဒေသသဒ္ဒါကား.. (၁) လက်ညှိုးဖြင့် ထွာရသော အတိုင်းအရှည်ပမာဏ၊ (၂) တစိတ်တပိုင်းအရပ် ဤအနက်နှစ်ပါးကို ဟောသည်။ မြောက်ကျွန်းဦး သစ်ပင်၏ အခြင်းအရာမှာ လက်ညှိုးထွာနှင့်လည်း မဆက်စပ်၊ တစိတ်တပိုင်းအရပ်လည်း မဟုတ်။ ဤသစ်ပင်မှာ အလိုရှိအပ်သော ဝတ္ထုပစ္စည်းကို ရနိုင်ခြင်းသာ သစ်ပင်၏ ဂုဏ်ထူးဖြစ်သည်။ သို့ဖြစ်၍ ပဒေသာဟူသော စကားသည် ပါဠိမဟုတ်၊ ရှေးဆရာကြီးများ ဝေါဟာရတခုအဖြစ် သတ်မှတ် ခေါ်ဆိုအပ်သော မြန်မာစကားသာ ဖြစ်သည်ဟု ယူဆထိုက်ပေသည်။[၁]

ဗျာဒိတ်ဟူသည်မှာလည်း ပါဠိစကား မဟုတ် ပြင်ဆင်ရန်

ဤ ပဒေသာဟူသော စကားနှင့် ဗျာဒိတ်ဟူသော စကားတို့သည် တနည်းအားဖြင့် ပါဠိမဟုတ်ပဲလျက် ပါဠိဟု ထင်မြင်ရခြင်း သဘောတူညီကြ၏။ ဤသို့လျှင် ဗျာဒိတ်ဟူသော စကားသည် ဗျာဒိတဟူသော ပါဠိမှ တိုက်ရိုက် ဆင်းသက်လာသော စကားမဟုတ်၊ ဗျာကရဏဟူသော ပါဠိနှင့်သာ နှီးနွယ် ဆက်သွယ် နေသည်ဖြစ်၍ ပါဠိရင်းဖြစ်သော ဗျာကရဏသဒ္ဒါ၏ အနက်အဓိပ္ပါယ်ကိုသာ စိစစ်နားလည်ဘို့ လိုပေသည်။[၁]

ဗျာကရဏ အဓိပ္ပါယ် ပြင်ဆင်ရန်

စိစစ်သော်ကား.. ဗျာကရဏဟူသော ပုဒ်မှာ ဝိ၊ အာ၊ ကရဏ သုံးပုဒ်တို့ကို တွဲစပ်ထားသော ပါဠိဖြစ်၏။ (ဝိ = အထူး၊ အာ = ပိုင်းခြား၍ ကရဏ = ဟောဆိုခြင်း) မြတ်စွာဘုရားက အထူးပိုင်းခြား၍ ဟောကြားတော်မူခြင်းကို ဤအရာ၌ ဗျာကရဏဟု ခေါ်သည်။ ဤ သုမေဓာရသေ့သည် မည်သည့်အခါ၌ ဘုရားဖြစ်လိမ့်မည် စသည်ဖြင့် အထူးပိုင်းခြား ဟောကြားတော်မူခြင်းဟု ဆိုလိုသည်။ ထိုသို့ ဟောကြားခြင်းကိုပင် မြန်မာရှေးဆရာကြီးများက ဗျာဒိတ်ကြားခြင်းဟု အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ကြသည်။

ဤ ဗျာကရဏဟူသော ပုဒ်မှာ နာမ်ပုဒ်ဖြစ်၍ ကြိယာပုဒ်အနေအားဖြင့် ပါဠိတော် စသည်တို့၌ “ဗျာကာသိ”ဟူ၍ သုံးနှုန်းသည်၊ “ဗျာဒိတ်ကြားတော်မူပြီဟု မြန်မာပြန်ဆိုတော်မူကြသည်။ ဆိုလိုရင်းမှာ အထူးပိုင်းခြား ဟောကြားတော်မူပြီဟု ဆိုလိုသည်။

ဤ ဗျာကရဏဟူသော ပုဒ်မှာ မြတ်စွာဘုရား၏ အထူးပိုင်းခြား ဟောကြားအပ်သော (ဗျာဒိတ်)စကားကိုသာ ဟောသည်မဟုတ်သေး၊ ပါဏိနီ-စသော လောကီသဒ္ဒါကျမ်းများကိုလည်း ဆိုသည်၊ အမေးအဖြေ အရာ၌လည်း ဧကံသဗျာကရဏ = တဖို့တစုအားဖြင့် ဖြေကြားခြင်း စသည်ဖြင့် ဖြေကြားခြင်းကို ဗျာကရဏသဒ္ဒါက ဟောသည်။ မြတ်စွာဘုရား၏ တရားတော်တို့ကို အင်္ဂါအားဖြင့် (၉)ပါး ပိုင်းခြားရာ၌ ခေါ်ဝေါ်အပ်သည့် အင်္ဂါအစိတ်အပိုင်း တပါးဖြစ်သော ဝေယျာကရဏ ဟူသည်လည်း ဤဗျာကရဏပုဒ်ပင်တည်း၊ တရားတော်၏ အင်္ဂါကိုးတန်၌ ပါရှိသော ဝေယျာကရဏ အစိတ်အပိုင်းမှာ ဂါထာမဖက် စုဏ္ဏိယ (ပါဠိစကားပြေ) သက်သက်ဖြင့် အထူးပိုင်းခြား ဟောကြားအပ်သော တရားတော်စု ဖြစ်ပေသည်။ ဆိုလိုရင်းမှာ... ဗျာကရဏသဒ္ဒါက ဗျာဒိတ်ကြားခြင်း အနက်၊ လောကီသဒ္ဒါ ဗျာကရိုဏ်းကျမ်းဟူသော အနက်၊ ဖြေကြားခြင်းဟူသော အနက်၊ ဂါထာမဖက် စုဏ္ဏိယ (ဓမ္မစကြာပါဠိတော်ကဲ့သို့) ပါဠိစကားသက်သက်ဖြင့် ဟောအပ်သော တရားအစိတ်အပိုင်းဟူသော အနက်တို့ကို ဟောသည်ဟု ဆိုလိုသည်။[၁]

ရှေးမင်းများလက်ထက် ဗျာဒိတ်စကားကို သုံးကြပုံ ပြင်ဆင်ရန်

ရှေးဘုရင်မင်းများ လက်ထက်အခါ လူအများသည် ဘုရင်မင်းမြတ်ကို မြတ်စွာဘုရားနီးနီးလောက် မြှောက်စားကြပြီးလျှင် ဘုရင်မင်းမြတ် ပြောဆိုရာကို “ဗျာဒိတ်တော်မြတ်အတိုင်းပါဘုရား”ဟူ၍ ဝန်ခံကာ ဘုရင်မင်းမြတ်၏ အမိန့်စကားကိုပင် ဗျာဒိတ်ဟူသော ဝေါဟာရဖြင့် သုံးနှုန်း ခေါ်ဝေါ် ပြောဆိုကြသည်။[၁]

ဗျာဒိတ်၏ အဓိပ္ပါယ် ပြင်ဆင်ရန်

ဤဆိုအပ်ပြီးသော စကားအရပ်ရပ်တို့ကို စဉ်းစား စိစစ်ပြီးလျှင် မြတ်စွာဘုရားနှင့်စပ်၍ သုံးနှုန်းခေါ်ဆိုအပ်သည့် ဗျာဒိတ်ဟူသော စကားမှာ ဗျာကရဏဟူသော ပါဠိမှ ဖြစ်ပွါးလာ၍၊ တဆူဆူသော ဘုရားရှင်က တဦးဦးသော ဘုရားအလောင်း ပစ္စေကဗုဒ္ဓါအလောင်း သာ၀ကအလောင်းအတွက် ဤမည်သော ကမ္ဘာ၌ ဤအမည်ဖြင့် ဘုရားဖြစ်လိမ့်မည် ပစ္စေကဗုဒ္ဓါဖြစ်လိမ့်မည်... အစရှိသည်ဖြင့် မြေလက်ခတ်မလွဲ မှန်ကန်သည့် အထူးပိုင်းခြား မိန့်ကြားအပ်သော စကားကို ဗျာဒိတ်ဟူ၍ ခေါ်ဆိုကြောင်း ယုံမှားမရှိ မှတ်ယူရာ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်