ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ အချိန်မှစပြီး မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်ထားရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီမှ ၁၉၆၅ ခုနှစ်အထိ (ယခု)ပန်းဆိုးတန်းလမ်းဟုခေါ်သော ဖယ်ရာလမ်းတွင် ရုံးခန်းဖွင့်လှစ်ထားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင်ပင် ပိတ်ခဲ့ရသည်။

၁၉၈၀ ဝန်းကျင်ခန့်တွင် ဗြိတိသျှသံရုံးရှိ အခန်းတစ်ခန်းတွင် ဗြိတိသျှယဉ်ကျေးမှုဌာနအမည်ဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ ခုနှစ်မှစပြီး ဗြိတိသျှကောင်စီ(British Council)အမည်ကို ပြန်လည်အသုံးပြုခဲ့သည်။ အဆိုပါနှစ်တွင်ပင် မန္တလေးမြို့တွင် ရုံးခွဲတစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ဗြိတိသျှကောင်စီသည် ယူကေနိုင်ငံ၏ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ပြည်သူလူထုများကြားတွင် သုတပညာနှင့် အကြံဉာဏ်များဖလှယ်ခြင်းအားဖြင့် ယူကေနှင့် ဆက်ဆံရေးနှင့် ယုံကြည်မှု တိုးတက်ကောင်းမွန်နိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ အနုပညာ၊ ပညာရေး၊ အင်္ဂလိပ်ဘာသာ၊ သိပ္ပံပညာနှင့် အားကစားကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေသည်။ ဗြိတိသျှကောင်စီသည် နိုင်ငံရေးအဖွဲ့အစည်းတစ်ခု မဟုတ်သဖြင့် ဗြိတိသျှအစိုးရနှင့် လက်တကမ်းအကွာတွင်သာ လုပ်ငန်းများကို ဆောင်ရွက်သည်။

မြန်မာနိုင်ငံရှိ ဗြိတိသျှကောင်စီသည် မြန်မာလူငယ်များ၏ ရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပညာရေး၊ အင်္ဂလိပ်ဘာသာသင်ကြားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး စသည့်အခွင့်အလမ်းများကို ဖန်တီးပေးလျက် ရှိသည်။ ယူကေနိုင်ငံတွင် ပညာသင်ကြားနိုင်ရေး အကြံပြုဆွေးနွေးခြင်း၊ အင်္ဂလိပ်ဘာသာ သင်ကြားရေးနှင့် သင်ယူရေးကို တိုးတက်စေရန် အထောက်အကူပေးခြင်း၊ ယူကေစာမေးပွဲများအား ကြီးမှူးကျင်းပပေးခြင်းနှင့် ခေတ်မှီစာကြည့်တိုက် ဝန်ဆောင်မှုများပေးခြင်း စသည်တို့ကို အလေးထား ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ဗြိတိသျှကောင်စီရုံးခွဲများသို့ နေ့စဉ်လူပေါင်း ၁၀၀၀ ကျော်ခန့် လာရောက်ပြီး ဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

British Council Myanmar, Media Information Pack