ကာတွန်း အလင်္ကာကျော်စွာ ဦးဘဂျမ်း (၂၀ ဖေဖော်ဝါရီ ၁၉၀၂ - ၁၈ ဖေဖော်ဝါရီ ၁၉၅၃) သည် မြန်မာကာတွန်း၊ ရုပ်ပြောင်ကာတွန်းများတွင် ထင်ရှားကျော်ကြားသော ကာတွန်းဆရာ တစ်ဦးဖြစ်သည်။ သူ၏ ကာတွန်းများသည် မတရားမှု၊ မာနကြီးခြင်း၊ ရိုင်းစိုင်းခြင်း၊ ပျင်းရိခြင်း စသော လူ့သဘာဝအားနည်းချက်များနှင့် ဖြစ်ရပ်များအပေါ် သရော်သော ကာတွန်းများ ဖြစ်သည်။

အလင်္ကာကျော်စွာ
​ဦးဘဂျမ်း
အလင်္ကာကျော်စွာ ဦးဘဂျမ်း
မွေးဖွား(1902-02-20)ဖေဖော်ဝါရီ ၂၀၊ ၁၉၀၂
ညောင်တုန်းမြို့ဗြိတိသျှဘားမား
ကွယ်လွန်ဖေဖော်ဝါရီ ၁၈၊ ၁၉၅၃(1953-02-18) (အသက် ၅၀)
မိခင်ကျောင်းရန်ကုန်ကောလိပ်
အလုပ်အကိုင်ကာတွန်းဆရာ
မိဘ(များ)ဦးပန်၊ ဒေါ်မြစ်
ရရှိသည့်ဆုများအလင်္ကာကျော်စွာဘွဲ့(၁၉၅၅)

ဦးဘဂျမ်းကို မြန်မာသက္ကရာဇ် ၁၂၆၃ ခုနှစ် တပို့တွဲလဆန်း ၁၃ ရက်၊ ခရစ်နှစ် ၁၉၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ၂၀ ရက်နေ့တွင် ညောင်တုန်းမြို့မှ ပိုးကုန်သည် ဦးပန်၊ ဒေါ်မြစ်တို့က မွေးဖွားခဲ့သည်။ သားသမီး ၆ ဦးအနက် အငယ်ဆုံးဖြစ်သည်။ ငယ်စဉ်က ညောင်တုန်းမြို့အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းတွင် စတင်ပညာသင်ကြား ပြီးနောက် ရန်ကုန်မြို့ ကူရှင်ကျောင်းသို့ရွှေ့ပြောင်းပညာဆည်းပူးရာ၊ ထိုကျောင်းမှပင် ဆယ်တန်းအောင်ခဲ့သည်။ ခရစ် ၁၉၂၄ ခုနှစ်ခန့်တွင် ရန်ကုန်ကောလိပ်သို့ရောက်၍၊ အိုင်အေ အထက်တန်းအထိ ဆက်လက် ပညာဆည်းပူးခဲ့လေသည်။ ဦးဘဂျမ်း တက္ကသိုလ်သို့ရောက်သောအခါ မိမိရှေ့၌ထိုင်နေသော ကျောင်းသူများ၏ဆံထုံးပုံအမျိုးမျိုး ၊ ဝတ်စားဆင်ယင်ပုံအမျိုးမျိုး၊ ကိုယ်နေကိုယ်ဟန်အမျိုးမျိုး တို့ကိုလေ့လာရေးဆွဲလေ့ရှိသည်။

ထို့နောက် ကျောင်းမှထွက်ကာ၊ စက်ရုံရှိရေနွေးအိုး စစ်ဆေးရေး အရာရှိချုပ်ရုံးတွင် တစ်နှစ်ကျော်ခန့်အလုပ်လုပ်သည်။ ယင်းကဲ့သို့အစိုးရဌာန တစ်ခု၌ ဝင်ရောက် အလုပ်လုပ်ကိုင်ရာ၊ မလွတ်လပ်မှု၊ ချုပ်ချယ်မှုများကို တွေ့ကြုံလာရသည်။ ထိုစဉ်အတွင်း ငယ်စဉ်က ဝါသနာပါခဲ့သော ကာတွန်း ပညာကို လေ့လာလိုက်စားခဲ့သည်။ ထို့နောက် အစိုးရအလုပ်မှ နုတ်ထွက်လိုက်ကာ၊ ကာတွန်းများကို ရေးဆွဲပြီးလျှင် ထိုစဉ်က ရန်ကုန် ဂေဇက် သတင်းစာအယ်ဒီတာချုပ် မစ္စတာ စမိုင်းထံ တင်ပြသည်။ မစ္စတာ စမိုင်းသည် ကာတွန်း ၃ ပုံကို ငွေ ၆ဝ ပေး၍ ယူလိုက်သည်။ ထိုအခါမှစ၍ ကိုဘဂျမ်းသည် ပန်းချီ ဗလာအနုပညာဖြင့် အသက် မွေးရန် စိတ်ပိုင်းဖြတ်ပြီးသော် ကာတွန်းများ ရေးဆွဲခဲ့ရာ အချို့ကာတွန်းများကို ရန်ကုန် ဂေဇက်သတင်းစာက ထည့်သွင်းဖော်ပြခဲ့လေသည်။

တစ်နေ့တွင် မြန်မာကာတွန်းများကို ပထမဆုံး ရေးဆွဲခဲ့သူ မစ္စတာ မာတင်ဂျုန်းနှင့် တွေ့ဆုံရသည်။ မာတင်ဂျုန်းသည် မီးရထားဌာန လက်ထောက်မင်းကြီးဖြစ်၍ ပန်းချီအနုပညာ အလွန်ဝါသနာ ပါပြီးလျှင် မိမိ၏ ပညာကိုလည်း ဝေငှဖြန့်ဖြူးပေးသူ ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးသည် ရေဆေးနှင့် အကချင်းပန်းချီတို့ကို နိုင်နင်း၍ ကာတွန်းဘက်တွင် စပပြောင်မြောက်သူ ဖြစ်သည်။ ထိုစဉ်က ဘားမားအတ်ကလပ်ခေါ် မြန်မာပြည် ပန်းချီ အသင်းတွင်လည်း ဥက္ကဋ္ဌဖြစ်၍ အသင်းတိုက်တွင် ပန်းချီသင်တန်းများ ပေးနေသည်။ မာတင်ဂျုန်းက ကိုဘဂျမ်း၏ လက်စွမ်း လက်စကို တွေ့မြင်သဖြင့် ကိုဘဂျမ်းနှင့် တွေ့ဆုံနိုင်အောင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ မာတင်ဂျုန်းသည် ကိုဘဂျမ်း၏ လက်စွမ်း လက်စကို တွေ့မြင်ပြီးဖြစ်၍ အလားအလာကို သိသဖြင့် မြေတောင်မြှောက်ပေးလိုသောကြောင့် မိမိ၏ သင်တန်းများသို့လာ၍ တက်ရန်ခေါ်သည်။ ထို့ကြောင့် ကိုဘဂျမ်းသည် ပန်းချီ သင်တန်းများကို တက်ရောက်ခဲ့ရာ၊ ထိုစဉ်က ထိုသင်တန်းများတွင် နောင်အခါ ကျော်ကြားသော အနုပညာသည်ကြီးများ ဖြစ်လာကြမည့် ကိုဘဇော်၊ ကိုအုန်းလွင်၊ ဆရာမြ၊ ကိုဟိန်စွန်းတို့လည်း တက်ရောက် ပညာဆည်းပူးလျက် ရှိကြလေသည်။

သုည ဟူသော ကလောင်အမည်ဖြင့်လည်း ဝတ္ထုတို၊ ဆောင်းပါး စသည်တို့ကို ရေးသားခဲ့၍ ညီမလေး အမည်ဖြင့် လုံးချင်းဝတ္ထု ထုတ်ခဲ့ဖူးသည်။ နာမည်ကျော် ဟာသ·စာရေးဆရာ သော်တာဆွေက မိမိ၏ ဟာသဝတ္ထုအချို့တွင် ဦးဘဂျမ်း၏ စိတ်ကူး၊ အကြံဉာဏ်ပေးချက်များ ပါရှိကြောင်း ဖွင့်ဟဝန်ခံဖူးသည်။ ဦးဘဂျမ်းသည် ဘလောက်တိုက် တစ်ခုလည်း တည်ထောင်ဖူး၍ ကိုယ်ပိုင် ကာတွန်းစာ စောင်ကိုလည်း ထုတ်ဝေခဲ့ဖူးသည်။

ဟာသကာတွန်းများသာမက၊ ကြော်ငြာကာတွန်းများ၊ ပုံပြင်ကာတွန်း ရုပ်စုံ များ၏ကိုလည်း ရေးသားခဲ့သည်။ ပဲရော့ ရုပ်ရှင်တွင် ပထမဆုံး မြန်မာကာတွန်းရုပ်ရှင် အသူရာ နှင့် ကြက်တောင်ကွ ဇာတ်ကားများကို စီစဉ်ရေးသား ရိုက်ကူးခဲ့လေသည်။

ဝဲ မှ ယာ - ဦးဘမော် (အကို)၊ ဦးဘသော် (အကိုကြီး) နဲ့ ကာတွန်းဆရာ ဦးဘဂျမ်း

ဒုတိယကမ္ဘာစစ်ကြိုခေတ်တွင် သုရိယသတင်းစာမှ ဦးဖျောက်ဆိပ် ကာတွန်းနှင့် စစ်ပြီးခေတ် ဟံသာဝတီ သတင်းစာမှ ချရာဏသီ ကာတွန်းများကို အလွန်လူကြိုက်များသည်။ မြန်မာလူမျိုးတို့၏ စိတ်နေစိတ်ထား၊ မြန်မာနိုင်ငံရေး အခြေအနေတို့ကို အထေ့အငေါ့ ကလေးများဖြင့် သရော်ထားခြင်းဖြစ်ရာ၊ အဓိပ္ပာယ်ပေါ်လွင်၍ ထိလှမိလှပြီးလျှင် အကွက်ဆိုက် ခွင်ကျဝင်လှသော ကာတွန်းများ ဖြစ်ကြပေသည်။ သူ၏ ကာတွန်းရုပ်များကပင် အသက်ပါပါနှင့် ရယ်ရွှင်ဖွယ်ရာ ကောင်းသည်။ အထူးသဖြင့် ဦးဖျောက်ဆိပ် သည် သတင်းစာဖတ် ပရိသတ်၏ ပျော်တော်ဆက် အချစ်တော် ကာတွန်းဇာတ်လိုက်တစ်ဦး ဖြစ်ခဲ့သည်။ စစ်ကြိုခေတ် ကြီးပွားရေး မဂ္ဂဇင်းမှ ကိုပြူးနှင့် မပြုံး၊ စစ်ပြီးခေတ် ယုဝတီဂျာနယ်မှ ဂွက်တော်၊ ရှုမဝမဂ္ဂဇင်းမှ လိပ် ကမ္ဘာမကြီး၊ နှမမုန့်ရောင်း မောင်မုန့်ထောင်း၊ နေကြဉာနန်းရှင် ရောင်စုံကာတွန်း ပုံပြင်တို့သည်လည်း ကလေးပရိသတ်များ၏ အသည်းစွဲများ ဖြစ်ကြသည်။

၁၂၉၈ ခုနှစ်တွင် ပဲခူးမြို့သူ မခင်ကြည် နှင့် လက်ဆက်ခဲ့သည်။ ဦးဘဂျမ်းနှင့် ဒေါ်ခင်ကြည်တို့၏ အိမ်ထောင်ရေးသည် လွန်စွာ ချမ်းမြေ့သာယာခဲ့သည်။ ဇနီးသည်အားလည်း အလွန်ကြင်နာမြတ်နိုးသည်။ ၁၃၁ဝ ပြည့်နှစ်တွင် ဒေါ်ခင်ကြည်သည် သားဦးယောက်ျားကလေး မွေးဖွားပြီးနောက် မကြာမီ ကွယ်လွန်ရာ ဦးဘဂျမ်းသည် အလွန်စိတ်ထိခိုက်သွားရှာသည်။ ထို့ကြောင့် ဦးဘဂျမ်း၏ ဇာတ်လိုက်ကျော်ကြီး ဦးဖျောက်ဆိပ် သည် ရသေ့ဝတ်ဖြင့် ရသေ့ကြီး ဦးဖျောက်ဆိပ် ဖြစ်လာသည်။ ယင်းသို့ဖြင့် ဦးဘဂျမ်းသည် ဇနီးသည်အတွက် စိတ်ထိခိုက်ကာ သံဝေဂ ရနေကြောင်း သိရသည်။ သို့သော်မရွှင်သည့် နှလုံးဖြင့်ပင် စာဖတ်ပရိသတ်များကို သူ၏ ကာတွန်းဇာတ်လိုက်များဖြင့် ရွှင်ပြုံးနိုင်အောင် ကြိုးစားဆောင် ရွက်ခဲ့သည်။

၁၉၄၈-၁၉၄၉ ခုနှစ်များတွင် တိုင်းပြည်မငြိမ်မသက်ဖြစ်နေသည့်အချိန်တွင် နိုင်ငံတော်အစိုးရ၏ တောင်းပန်ချက်အရ၊ ဦးဘဂျမ်းသည် ကာတွန်းများ ရေးဆွဲ၍ ပြည်သူလူထု စိတ်ဓာတ် မကျဆင်းရလေအောင် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးသည်။ ၁၉၅ဝ ပြည့်နှစ်တွင် အမြတ်တော်ခွန် ကောက်ယူပုံကို မကျေနပ်သဖြင့်၊ ၃ လခန့်ကာတွန်းများ မရေးဆွဲဘဲ ထိုင်သပိတ် မှောက်နေခဲ့ရာ၊ စာနယ်ဇင်းများနှင့် စာဖတ်ပရိသတ်များ၏ တောင်းပန်မှုကြောင့် ကာတွန်းများ ပြန်လည် ရေးဆွဲခဲ့သည်။

၁၃၁၄ ခုနှစ် တပို့တွဲလပြည့်ကျော်ခန့်တွင် အနာ့ပဆုပ်ပေါက်ကာ မကျန်းမမာ ဖြစ်လာပြီးလျှင် ထိုနှစ် တပေါင်းလဆန်း ၆ ရက် ဗုဒ္ဓဟူးနေ့( ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့) တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ နိုင်ငံတော် အစိုးရက ကွယ်လွန်ပြီး နောက်တစ်နှစ်တွင် အလင်္ကာကျော်စွာ ဘွဲ့ဖြင့် ချီးမြှင့်လေသည်။ ဦးဘဂျမ်းနှင့် ဒေါ်ခင်ကြည်တို့မှ သားတစ်ယောက် ကျန်ရစ်လေသည်။[]

 
ဦးဘဂျမ်းလမ်း (၇၃)ကြိမ်မြောက် တန်ဆောင်တိုင် ကာတွန်းမီးထွန်းပွဲ
 
ဦးဘဂျမ်းလမ်း ကာတွန်းမီးထွန်းပွဲ

တန်ဆောင်တိုင်ပွဲတော်တွင် မြန်မာပြည်အနှံ့အပြား၌မီးပုံးများချိတ်ဆွဲခြင်းစသည့် မီးပုံးအလှဆင်ခြင်းများပြုတတ်ကြရာ လမ်းမတော်မြို့နယ် ၁၃လမ်း၊ ပြည်သူတို့အခေါ်မှာ (ဦးဘဂျမ်းလမ်း) တစ်လျှောက်တွင်မူ မီးပုံးများအပြင် ဦဘဂျမ်း၏လက်ရာကာတွန်းများနှင့် သတိရအောင်းမေ့ဖွယ်ရာများကို ဖော်ပြခင်းကျင်းလေ့ရှိသည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  2. လူထုဒေါ်အမာရဲ့ 'လွမ်းသူ့စာ' စာအုပ်မှ "မသေသော ဦးဘဂျမ်း" ဆောင်းပါး (၂ဝဝ၃ ဖေဖော်ဝါရီလ)