ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း (Statement of Financial Position) ဆိုသည်မှာ လုပ်ငန်းတစ်ခု၏ ဘဏ္ဍာရေးအခြေအနေများဖြစ်သည့် ကြွယ်ဝချမ်းသာမှု၊ အကြွေးကျန် အစရှိသည်တို့ကိုဖော်ပြသည့် ဘဏ္ဍာရေးရှင်းတမ်းဖြစ်သည်။ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းသည် စာရင်းကိုင်ပညာညီမျှခြင်းတစ်ခုဖြစ်သော ရပိုင်ခွင့် = ပိုင်ဆိုင်ခွင့် + ပေးရန်တာဝန်များ အပေါ်အခြေခံကာ ဘဏ္ဍာအခြေအနေပြရှင်းတမ်းကို စာရင်းစံနှုန်းများနှင့်အညီပြင်ဆင်ရေးဆွဲရပြီး နိုင်ငံတကာစာရင်းစံနှုန်းများအပိုဒ်-၁ (IAS-1) အရ အောက်ပါအတိုင်းသတ်မှတ်ထားသည်။

ဘဏ္ဍာရေးအခြေအနေရှင်းတမ်း
ရပိုင်ခွင့်များ
ပုံသေရပိုင်ခွင့်များ
ဒြပ်ရှိ ပုံသေရပိုင်ခွင့်များ xx
ဒြပ်မဲ့ ပုံသေရပိုင်ခွင့်များ xx
စုစုပေါင်းပုံသေရပိုင်ခွင့်များ xxx
လက်ငင်းရပိုင်ခွင့်များ
ကုန်စည်လက်ကျန် xx
ရရန်ရှိသောအကြွေးများ xx
အခြားရရန်ရှိသောအကျိုးအမြတ်များ xx
ငွေသားနှင့်ငွေကြေးဆိုင်ရာလက်ကျန် xx
စုစုပေါင်းလက်ငင်းရပိုင်ခွင့်များ xxx
စုစုပေါင်းရပိုင်ခွင့်များ xxxx
ပိုင်ဆိုင်ခွင့်
လုပ်ငန်း၏မတည်ငွေ xx
- အစုရှယ်ယာတန်ဖိုး x
- အစုရှယ်ယာအပိုကြေး x
- လုပ်ငန်း၏ရန်ပုံငွေများ x
- အစုရှယ်ယာအပေါ်ခွဲဝေမှုများ (x)
လုပ်ငန်း၏အမြတ် xx
လုပ်ငန်းမှထုတ်ယူသုံးစွဲမှုများ (xx)
စုစုပေါင်းပိုင်ဆိုင်ခွင့် xxx
ပေးရန်တာဝန်များ
ကာလရှည်ပေးရန်တာဝန်များ
ချေးငွေ/ငွေချေးစာချုပ်/အပေါင်စာချုပ် xx
ကာလတိုပေးရန်တာဝန်များ
ပေးရန်ကျန်သောအကြွေးများ xx
အခြားအကျိုးအမြတ်ဆုံးရှုံးမှုများ xx
ပိုထုတ်ငွေရှိသောဘဏ်လက်ကျန် xx
စုစုပေါင်းကာလတိုပေးရန်တာဝန်များ xxx
စုစုပေါင်းပေးရန်တာဝန်များ xxx
စုစုပေါင်းရပိုင်ခွင့်နှင့်ပေးရန်တာဝန်များ xxxx

ရပိုင်ခွင့် (အင်္ဂလိပ်: Assets) ဆိုသည်မှာ လုပ်ငန်းတစ်ခုသည် ၎င်းအနေဖြင့် စာရင်းကိုင်ပညာရှုထောင့်အရ အကျိုးအမြတ်ရရှိစေခြင်းဖြစ်သည်။

ပုံသေရပိုင်ခွင့် (အင်္ဂလိပ်: Non-current Assets) ဆိုသည်မှာ စာရင်းကာလတစ်ခု(ယျေဘုယျအားဖြင့် ၁ နှစ်)ကိုကျော်လွန်သွားသည့်တိုင်အောင် လုပ်ငန်းအပေါ် စာရင်းကိုင်ပညာရှုထောင့်အရ အကျိုးအမြတ်ရရှိစေသည့် ရပိုင်ခွင့်များဖြစ်သည်။ ပုံသေရပိုင်ခွင့်ကို ဒြပ်ရှိပုံသေရပိုင်ခွင့်နှင့် ဒြပ်မဲ့ပုံသေရပိုင်ခွင့်ဟူ၍ နှစ်မျိုးခွဲခြားသတ်မှတ်ထားသည်။

  • ဒြပ်ရှိပုံသေရပိုင်ခွင့် (အင်္ဂလိပ်: Tangilble Non-current Assets) တွင် ယျေဘုယျအားဖြင့် အိမ်၊ ခြံ၊ မြေ၊ တိုက်တာအဆောက်အအုံကဲ့သို့ မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ လုပ်ငန်းအတွက် အသုံးပြုနေသည့် စက်ပစ္စည်းကိရိယာများ၊ မော်တော်ယာဉ်များ အစရှိသည်တို့ပါဝင်သည်။
  • ဒြပ်မဲ့ပုံသေရပိုင်ခွင့်တွင် (အင်္ဂလိပ်: Intangible Non-current Assets) ဆိုသည်မှာ ပုံသဏ္ဍာန်အားဖြင့် မတည်ရှိသော်လည်း စာရင်းကိုင်ပညာရှုထောင့်အရ လုပ်ငန်း၏ အကျိုးအမြတ်ရရှိမှုအပေါ် အထောက်အပံ့ပေးသည့် ပုံသေရပိုင်ခွင့်များဖြစ်ကြသည်။ ဥပမာ - ဂုဏ်သိက္ခာ၊ နာမည်ကောင်း၊ အမှတ်တံဆိပ်၊ ထင်ပေါ်ကျော်ကြားမှု၊ မူပိုင်ခွင့်။

လက်ငင်းရပိုင်ခွင့် (အင်္ဂလိပ်: Current Assets) ဆိုသည်မှာ စာရင်းကာလတစ်ခု(ယျေဘုယျအားဖြင့် ၁ နှစ်)အတွင်း၌ လုပ်ငန်းအပေါ် စာရင်းကိုင်ပညာရှုထောင့်အရ အကျိုးအမြတ်ရရှိစေသည့် ရပိုင်ခွင့်များဖြစ်ပြီး ၎င်းတို့မှာ လုပ်ငန်း၏ ပုံမှန်စီးပွားရေးလုပ်ဆောင်ချက်များတွင် အသုံးခံများဖြစ်ကြသည်။ ၎င်းတို့မှာ ကုန်စည်များ၊ ငွေသားများ၊ အစရှိသည်တို့ပါဝင်သည်။

  • ကုန်စည်လက်ကျန် (အင်္ဂလိပ်: Inventory) ဆိုသည်မှာ လုပ်ငန်း၏ စီးပွားရေးလုပ်ဆောင်ချက်မှ အကျိုးအမြတ်ရရှိစေရန် အသုံးပြုသော အဓိကကုန်စည်များဖြစ်ကြသည်။ ၎င်းတို့တွင် အရောင်းအဝယ်ကုန်ပစ္စည်းများ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ အစရှိသည်တို့ဖြစ်ကြသည်။
  • ရရန်ရှိသောအကြွေးများ (အင်္ဂလိပ်: Trade Receivables) ဆိုသည်မှာ လုပ်ငန်း၏ ပင်မစီးပွားရေးလုပ်ဆောင်ချက်များတွင် လုပ်ငန်းအနေဖြင့် ငွေကြေးရရန်ရှိသည့် စာရင်းလက်ကျန်များဖြစ်ကြသည်။
  • အခြားရရန်ရှိသောအကျိုးအမြတ်များ (အင်္ဂလိပ်: Other Receivables) ဆိုသည်မှာ လုပ်ငန်းအနေဖြင့် ငွေကြေးအဖြစ်သော်လည်းကောင်း (သို့မဟုတ်) ငွေကြေးမဟုတ်သည့်အကျိုးအမြတ်အဖြစ်သော်လည်း ရရန်ရှိသည့်လက်ကျန်များ ဖြစ်သည်။ ဥပမာဆိုရလျှင် မိမိလုပ်ငန်းသည် အင်တာနက်ကုမ္ပဏီသို့ ဝန်ဆောင်ခ ၃ လစာကြိုတင်ပေးသွင်းထားသည်ဆိုပါက မိမိအနေဖြင့် နောင်သုံးလတွင် ဝန်ဆောင်ခပေးရမည်မဟုတ်ဘဲ ၎င်းတို့၏ အင်တာနက်ဝန်ဆောင်မှုကို ခံစားရမည်ဖြစ်သည်။ စာရင်းကိုင်ပညာ၏ သဘောတရားအရ ၎င်းကြိုတင်ပေးသွင်းထားသောလ ၃ လသည် ယခုစာရင်းကာလ၌ မပါဝင်ခဲ့လျှင် ယင်း ၃ လစာအတွက် ကြိုတင်ပေးသွင်းထားသည့် စရိတ်မှာ အခြားရရန်ရှိသောအကျိုးအမြတ်များပင် ဖြစ်သည်။
  • ငွေသားနှင့်ငွေကြေးဆိုင်ရာလက်ကျန် (အင်္ဂလိပ်: Cash and Cash Equivalents) ဆိုသည်မှာ လုပ်ငန်း၌ လက်ရှိထိန်းသိမ်းထားသော ငွေစက္ကူ(ငွေသားလက်ကျန်)များ၊ ဒြပ်မရှိသော ဘဏ်ကဲ့သို့ ငွေကြေးစနစ်တစ်ခုခု၌ စာရင်းလက်ကျန်များ၊ လက်တလောတွင် ဒြပ်မရှိသည့် ကာလတိုရင်းနှီးမြှုပ်နှံမှုများ အစရှိသည်တို့ပါဝင်သည်။