ဒဂုဏ်ပ ဦးဘတင် [၁၈၉၄ - ၁၉၆၁]

ပြင်ဆင်ရန်

ဘိလပ်ပြန် ဘွဲ့ရ ခရိုင် ဆရာဝန်ကြီး အက်စ်အေ ရာမန် [S.A. Rahman] ခေါ် (တထောင့်တညပုံပြင်များကို စတင်မိတ်ဆက်ပေးခဲ့သူ မြန်မာမွတ်စ်လင်) ဦးဖိုးသာဇံနှင့် ဆရာဝန် ကတော် မမယု (သရက် မြို့ဝန်၏ သမီး) တို့က ၁၈၉၄ ခု ဧပြီ ၉ ရက်နေ့တွင် ဖွားမြင် ခဲ့သည်။ အမည်ရင်း ဦးဘတင် အပြင် မောင်မောင်တင် ဟုလည်း ခေါ်ခဲ့ ကြသည်။ အိန္ဒိယပြည် ကလကတ္တား ပရယ်စီဒင်းစီ တက္ကသိုလ်တွင် 'မက်ထရစ် စကောလားရှစ်' ဆု ရရှိ ခဲ့သည်။ ၁၉၁၄ - ၁၇ နှစ်များတွင် ရန်ကုန် ကောလိပ်၌ ပညာ သင်ခဲ့သည်။ ၁၉၁၆ ခုတွင် အစိုးရ နော်မံ ကျောင်းမှ စက္ကင်ဒရီ ဆရာဖြစ်သင် စာမေးပွဲကို မြန်မာပြည်တွင် ဒုတိယ ရရှိ အောင်မြင် ခဲ့သည်။ ပျဉ်မနား အေဘီအမ်ကျောင်း၊ ရန်ကုန် စိန်ပေါကျောင်း တို့တွင် ကျောင်းဆရာ လုပ်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ပထမ တက္ကသိုလ် ကျောင်းသား သပိတ်တွင် ပါဝင် ခဲ့သည်။

တက္ကသိုလ် ကျောင်းသား ဘဝတွင် အဆိုအက ဝါသနာ ပါသူ ဖြစ်၍ ကျောင်းကပွဲ များတွင် မင်းသား အဖြစ် အကြိမ်ကြိမ် ကပြ ခဲ့ဖူးသည်။ မြန်မာ ရုပ်ရှင် ပေါ်ဦးစ ၁၉၂၀ ပြည့်လွန်နှစ် အသံတိတ် ခေတ်တွင် ရုပ်ရှင် လောက ထဲသို့ ခြေစုံပစ် ဝင်ခဲ့သည်။ "ဘားမားအတ် ဖလင် ကုမ္ပဏီ" အတွက် ဒါရိုက်တာ အဖြစ် 'တကယ့် မောင်' ၊ 'ရွှေမေတ္တာ'၊ 'ရွှေမြင်းမိုရ်'၊ 'စကြာဝံသ' နှင့် 'ရွှေစက်တော်' ဇာတ်ကားများ၊ "မြန်မာ့ ညွှန့်ပေါင်း ရုပ်ရှင် ကော်ပိုရေးရှင်း လီမိတက်" ကို ကိုယ်ပိုင် တည်ထောင်၍ 'ခင်ခင့် အမှားတော်ပုံ' (၁၉၂၀)၊ 'သုဓမ္မစာရီ ဖြတ်ထုံး' (၁၉၂၂)၊ 'အိမ်တွင်း မင်းမဟာဂီရိ' (၁၉၂၄) ဇာတ်ကား များတွင် ကိုယ်တိုင် ဇာတ်လိုက် မင်းသား ပြုလုပ်ကာ ဒါရိုက်တာ အဖြစ် ရိုက်ကူး ခဲ့သည်။ ၁၉၂၁ - ၃၂ အထိ ရုပ်ရှင်နယ်တွင် သံသရာ လည်ခဲ့သည်။ ဘားမား ဖလင်မှ ဒါရိုက်တာ ဦးတုတ်ကြီး ရိုက်ကူးသည့် 'ခင်ခင့် အမှားတော်ပုံ' သည် ပထမဆုံး နှစ်ကိုယ်ခွဲကား ဖြစ်သည်ဟု "မြန်မာ ရုပ်ရှင် သမိုင်း" စာအုပ်တွင် ဖော်ပြ ထားသည်။

ဂျပန် ခေတ်တွင် ဝါဒ ဖြန့်ချိရေး ဌာန၌ ရုပ်ရှင်နှင့် ပြဇာတ် ဒါရိုက်တာ အဖြစ် သုံးနှစ်မျှ လုပ်ဆောင် ခဲ့သည်။ အင်္ဂလိပ်များ ပြန်ဝင် လာစဉ် ကက်စဘီ အုပ်ချုပ်မှု အောက်တွင် ဆက်သွယ်ရေး အရာရှိ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၄၇ တွင် ပြန်ကြားရေး ဌာန မြန်မာဘက် ဆိုင်ရာ အယ်ဒီတာ အဖြစ် သုံးလေးလခန့် အမှု ထမ်းခဲ့သည်။ ထို့နောက် လူထု ပညာရေး ကောင်စီတွင် အလုပ် ဝင်ခဲ့ ပြန်သည်။ လူထု ပညာရေး ကောင်စီ လက်ထောက် အုပ်ချုပ်ရေးမှူး အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။


၁၉၄၈ ခုတွင် လွတ်လပ်ရေး အောင်ပွဲ သဘင် ချစ်ကြည်ရေး မိတ်ဆက် အဖြစ် အိန္ဒိယ နိုင်ငံသို့ လည်းကောင်း၊ ၁၉၅၀ ပြည့်နှစ်တွင် ယိုးဒယား ဘုရင် နန်းတက်ပွဲသို့ လည်းကောင်း၊ ၁၉၅၄ ခုတွင် ယူနက်စကို ပညာတော်သင် အဖြစ် ရုပ်မြင် သံကြား လေ့လာရန် လည်းကောင်း၊ ၁၉၅၉ တွင် ယဉ်ကျေးမှု မစ်ရှင် ခေါင်းဆောင် အဖြစ် အမေရိကန် ပြည်ထောင်စု၊ အင်္ဂလန် နိုင်ငံနှင့် ပြင်သစ် နိုင်ငံများသို့ လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ် တရုတ် - မြန်မာ နယ်နိမိတ် စာချုပ်စဉ် ခြင်းလုံး အဖွဲ့ ခေါင်းဆောင် အဖြစ် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့ လည်းကောင်း သွားရောက် ခဲ့သည်။


ဤသို့ ဖြင့် ဇာတ်သဘင်၊ ရုပ်ရှင် တို့တွင် အတွေ့အကြုံများသူ ဖြစ်သောကြောင့် စစ်မဖြစ် မီကပင် ကဝိမျက်မှန် မဂ္ဂဇင်း၌ ရုပ်ရှင် ပညာနှင့် ပတ်သက်၍ လစဉ် ရေးခဲ့ သည်မှာ ၁၉၃၀ ပြည့်နှစ် မေလ အထိပင် ဖြစ်သည်။ အငြိမ်းစား ယူပြီးသည့် နောက်တွင်လည်း မဂ္ဂဇင်း၊ ဂျာနယ်များ၌ ဆောင်းပါး ရေးခြင်းကို ကွယ်လွန်ချိန် အထိ ဆောင်ရွက် ခဲ့သည်။ ပြုစု ခဲ့သည့် စာအုပ်များမှာ ဒဂုဏ်ပ အသံ - မြန်မာမှု (၁၉၅၁)၊ ယဉ်ကျေးမှု ပေါင်းကူး တံတား (၁၉၆၁)၊ ကျွန်ုပ်နှင့် မြန်မာ ရုပ်ရှင် လောက (၁၉၆၇) တို့ ဖြစ်ကြသည်။ 'ဒဂုဏ်ပ အသံ - မြန်မာမှု' သည် ပညာရေး ဌာနတွင် ကျောင်းသားကိုင်၊ ဆရာကိုင် အထွေထွေ ဖတ်စာ အဖြစ် ပြဋ္ဌာန်း ခံခဲ့ ရသည်။


ဒဂုဏ်ပ ဦးဘတင်မှာ အိမ်ထောင် နှစ်ဆက် ရှိခဲ့သည်။ ပထမ အိမ်ထောင်ဖြင့် သား ဒဂုဏ်ပ ဦးမြသောင်းကို မွေးသည်။ ဒုတိယ အိမ်ထောင်မှာ ဒေါ်ဒေါ်လှိုင် ဖြစ်၏။ သားသမီး မထွန်းကား ခဲ့ချေ။


၁၉၆၁ ခု ဇွန် ၅ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး၌ အစာအိမ် ရောဂါဖြင် ကွယ်လွန် ခဲ့သည်။


[စာညွှန်း ။ ။ (၁) ဒဂုန် ရွှေမျှား။ ဒဂုဏ်ပ ဦးဘတင်၊ ငွေတာရီ (မတ် ၁၉၆၇)။ စာ ၄၄-၄၈။

(၂) ကျော်ညွှန့်မိုး။ ဒဂုဏ်ပ ဦးဘတင်၊ ငွေတာရီ (ဇွန် ၁၉၆၆)။ စာ ၆၁-၆၄။

(၃) ဒဂုဏ်ပ ဦးဘတင်။ ပသီပုံပြင် ဝတ္ထုကို ပထမဆုံး ရေးသားသူ၊ ရှုမဝ (ဖေဖော်ဝါရီ ၁၉၅၉)။ စာ ၁၇၂-၁၇၆။

(၄) သီရိပျံချီ ဦးသာမြတ်။ တို့မြန်မာ မူစလင် ကြီးများ၏ လက်ရာများ၊ မြဝတီ (ဖေဖော်ဝါရီ ၁၉၅၉)။ စာ ၄၀-၄၃။

(၅) မောင်မောင် (ရန်ကုန်)။ အယ်ဒီတာ ခင်ဗျား၊ ငွေတာရီ (ဧပြီ ၁၉၆၇)။ စာ ၂၅၁။

(၆) စာတည်း အဖွဲ့။ သဝဏ်လွှာ၊ ရှုမဝ (ဇူလိုင် ၁၉၆၁)။ စာ ၂၆၆။

(၇) မောင်သန်းဆွေ (ထားဝယ်)၏ ပြောပြချက်များ (၁၃၊ ၃၊ ၂၀ဝ၅)။

(၈) မြန်မာ့ ရုပ်ရှင် သမိုင်းစဉ်၊ ရွှေရတု ကာလ (၁၉၂၀-၁၉၄၅)။ စာ ၃၅၊ ၁၀ဝ၊ ၂၂၉။]