ဘကြီးဘဘေ(ခေါ်) ဦးဘဘေသည် ၁၉၀၆ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့အောင်သည်မှစ၍ နိုင်ငံရေး စတင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် ဝိုင်အမ်ဘီအေအသင်း၊ သူရိယသတင်းစာတို့ကို စတင် တည်ထောင်၍ ကိုလိုနီခေတ်တွင် လူထုအား နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သော ဝါရင့် နိုင်ငံရေးသမားဖြစ်သည်။ သူ၏ဝါဒမှာ ဒီမိုကရေစီဝါဒဖြစ်သည်။ မဇ္ဈိမ ပဋိပဒါလမ်းစဉ်ဖြစ်သည်။ ဦးဘဘေသည် ပြည်သူပိုင် လုပ်သောစနစ်ကို မကြိုက်နှစ်သက်ပေ။ ပြည်သူပိုင်လုပ်ငန်းသည် ပြည်သူ့လက်မှအလုပ်ကို အစိုးရလုယူခြင်းသာဖြစ်သည်ဟု ခံယူထားသည်။ ထိုနည်းတူစွာ သမဝါယမစနစ်နှင့် ဖက်ဆစ်စနစ်မှာလည်း လူထုကိုကောင်းကျိုးမပေးဘဲ လူတစုသာ အကျိုးများစေသည်ဟု ဆိုခဲ့သည်။ ထို့ပြင် လုပ်ခ စားလုပ်ကိုင်သူတို့ ဝင်ငွေနှင့်ထွက်ငွေ မျှတအောင်မဖန်တီးပေးနိုင်ပါက တနေ့ တိုင်းပြည်အကျပ်တွေ့မည်ဟု ကြိုတင်နိမိတ်ဖတ်ခဲ့သည်။

ဦးဘဘေ
အောင်ဆန်း – အက်တလီစာချုပ်မှာ တွေ့ရတဲ့ ဦးဘဘေ၊ မစ္စတာ ကဲမဲန့်လ် အက်တလီ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးတင်ထွဋ်

ဘဝ ပြင်ဆင်ရန်

ဘကြီးဘဘေ (ခေါ်) ဦးဘဘေကို ၁၈၈၃ ခုနှစ်၊ ဧပြီလ ၁၆ ရက် တနင်္လာနေ့တွင် သာယာ၀တီခရိုင် ကြို့ပင်ကောက်မြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ အဖ မြေပိုင်ရှင် ကုန်သည်ဦးအို၊ အမိ ဒေါ်မှင်တို့ဖြစ်ပြီး အထွေးဆုံးသားဖြစ်သည်။ ဖခင်မှာ ကြို့ပင်ကောက် မြူနီစပယ်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

ငယ်စဉ်က ကြို့ပင်ကောက်မြို့ အာစီအမ်သာသနာပြုကျောင်း၊ ရန်ကုန် အစိုးရဟိုက်စကူးကျောင်းနှင့် ရန်ကုန်ကောလိပ်တို့တွင် ပညာ သင်ကြားခဲ့သည်။ အသက် ၁၉ နှစ်တွင် ဘင်္ဂလားအင်ထရင့်စာမေးပွဲကို စကောလားရှစ်ဖြင့် အောင်မြင်သည်။ ၁၉၀၄ခုနှစ်တွင် ရန်ကုန်ကော လိပ် အက်ဖ်အေတန်း (ဒုတိယနှစ်) ကို စကောလားရှစ်ဖြင့်အောင်မြင်၍ ၁၉၀၆ ခုနှစ်တွင် ဘီအေ (ဝိဇ္ဇာ) ဘွဲ့ရရှိခဲ့သည်။ ထို့နောက် ရန်ကုန် ကောလိပ်တွင် ဥပဒေပညာဆက်လက်သင်ယူသည်။

၁၉၀၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ရန်ကုန်ကောလိပ်၌ ဗုဒ္ဓဘာသာအသင်းတည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ ထိုမှတဖန် ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဦးဘဘေသည် သူငယ်ချင်းများ ဖြစ်ကြသော ကိုဘရင်(ဒေါက်တာဘရင်)၊ ကိုမောင်ကြီး(ဆာမောင်ကြီး) တို့နှင့်အတူ ‘ဝိုင်အမ်ဘီအေ’(Y.M.B.A) ခေါ် ‘ဗုဒ္ဓဘာသာကလျဏယု၀’ အသင်းကို စတင်တည်ထောင်ခဲ့သည်။ အသင်းကို စတင်တည်ထောင်စဉ်က ကိုမောင်ကြီး၏နေအိမ် (အမှတ် ၈၆၊ ၂၈လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်) တွင် ကျောင်းသား ၂၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က ဝိုင်အမ်ဘီအေ တည်ထောင်ရခြင်းမှာ စွန့်စားခန်းကြီးတခုပင်ဖြစ်သည်။ ဝိုင်အမ်ဘီအေကိုတည်ထောင်ခဲ့သော ကိုဘဘေ၊ ကို မောင်ကြီး၊ ကိုဘရင်တို့ကို အာဏာပိုင်တို့က ‘ထောင်စာလေးတွေ’ဟု ပြောခဲ့ကြသည်။ ဦးဘဘေသည် ဝိုင်အမ်ဘီအေအသင်းတွင် အသင်း ၏ အကျိုးဆောင်၊ ဒုတိယဥက္ကဋ္ဌ၊ အမှုဆောင်လူကြီး စသည့်တာဝန်များကို ထမ်းရွက်ခဲ့သည်။

ထို့နောက် ၁၉၁၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက် အင်္ဂါနေ့တွင် ဦးဘဘေသည် ဦးလှဖေ (နောင်မြင်းခြံ ချည်မျှင်အထည် စက်တည်ထောင်သူ) နှင့် အတူ သူရိယသတင်းစာကို စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်က ဦးဘဘေသည် ဆေးမင်းကြီးရုံး၌ အလုပ်လုပ်နေစဉ် မျက်နှာဖြူများနှင့် မသင့်တင့်၍အလုပ်မှထွက်ခဲ့ပြီးနောက် သတင်းစာထုတ်ရန်စိတ်ကူးရှိခဲ့ရာ စိန်ပေါကျောင်းတွင် ကျောင်းဆရာအတူလုပ်ခဲ့ဖူးသော ဦးလှဖေ နှင့်တွေ့ဆုံရာမှ သတင်းစာထုတ်ရန် အကြံရခဲ့သည်။ ထိုစဉ်ကဦးလှဖေသည် ဦးမေအောင်၏ The Burman အင်္ဂလိပ်သတင်းစာ၌ အယ်ဒီ တာလုပ်ခဲ့ဖူးသည့်အတွက် အတွေ့အကြုံရှိသူဖြစ်သည်။

သို့ရာတွင် နှစ်ဦးပေါင်းမှ ငွေ ၅၀ သာရှိသည်။ ထို့ကြောင့် ပြည်ကြီးမဏ္ဍိုင်ပုံနှိပ်တိုက်တွင် “သူရိယသတင်းစာ ထုတ်တော့မည်။ ဘာသာရေး၊ နိုင်ငံရေးပါမကျန် မိမိတို့သန်ရာကိုဖတ်ရတော့မည်”ဟု ကြော်ငြာရိုက်နှိပ်၍ ခင်မင်ရာမိတ်ဆွေများကို သတင်းစာဖိုး တနှစ်စာအတွက် ၁၅ ကျပ်စီ ကောက်ခံရာ ငွေ ၅၀၀၀ ကျော်ရခဲ့သည်။ ထိုငွေဖြင့် သူရိယသတင်းစာကို စတင်မွေးဖွားလိုက်လေ သည်။ ဦးဘဘေသည် သူရိယ သတင်းစာ၏ အယ်ဒီတာအပြင် နတ်ကြီးသုံးပါးစကားပြောခန်းကို အပတ်စဉ်ရေး၍ ‘နတ်ကြီးဘဘေ’ အဖြစ် ထင်ရှားခဲ့သည်။ ထိုမှတဖန် အင်္ဂလိပ်ဘာသာဖြင့် The Burma Observer သတင်းစာကိုလည်း သူရိယသတင်းစာတိုက်မှပင် ထုတေ်၀ခဲ့သည်။ သံတော်ဆင့် ဦးသိမ်း မောင်၊ ဟံသာ၀တီ ဦးစိန်၊ ထွန်းနေ့စဉ် ဦးထွန်းဖေ၊ သမာဓိအမ် ဘိုးချိန်၊ ဦးဘသန်း (ယူပီအိုင်) နှင့် ဇ၀နတို့သည် သူရိယတိုက်မှမွေးထုတ်ပေး လုက်သော သတင်းစာဆရာများပင် ဖြစ်ကြသည်။

၁၉၁၄ ခုနှစ်တွင် ဦးဘဘေသည် ဒေါ်ဖွားမျှင်နှင့်လက်ထပ်ထိမ်းမြား၍ သားနှစ်ယောက်ထွန်းကားခဲ့သည်။

၁၉၁၇ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ဗြိတိသျှအစိုးရ အိန္ဒိယနိုင်ငံဆိုင်ရာဝန်ကြီးမွန်တေဂူ (Edwin Montagu 1879-1924)က ဗြိတိသျှ ပါလီမန်အောက်လွှတ်တော်၌ မြန်မာပြည်အပါအဝင် အိန္ဒိယနိုင်ငံအား ဗြိတိသျှအင်ပါယာအတွင်းမှ တဖြေးဖြေး ကိုယ်ပိုင်အုပ်ချုပ်ရေးပေး မည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် မွန်တေဂူ၏ ပြုပြင်ပြောင်းလဲသောအုပ်ချုပ်ရေးစနစ်ကို စုံစမ်းရန်အတွက် ဝိုင်အမ်ဘီအေအသင်းမှ ကိုယ်စားလှယ်များဖြစ်ကြသော ဦးဘဘေ၊ ဦးဘဖေ၊ ဦးမေအောင်၊ ဦးစုတို့အား ၁၉၁၇ခုနှစ် အောက်တိုဘာလတွင် ကလကတ္တားမြို့သို့ စေလွှတ်ခဲ့သည်။ သို့ရာတွင် ၁၉၁၈ ဇွန်လ တွင် မွန်တေဂူချမ်းစဖို့စီမံကိန်းအရအိန္ဒိယကို ဒိုင်အာခီအုပ်ချုပ်ရေးပေးသောအခါ မြန်မာကိုချန် ထားသည့် အစီရင်ခံစာထွက်ပေါ်လာသည်။ ယင်းနောက် ၁၉၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၈ တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံဒုတိယ ဘုရင်ခံ အဖြစ် ဆာရယ်ဂျီနယ်ကရက်ဒေါက်အားခန့်အပ်ပြီး နောက် ၁၉၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာပြည်အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲ စီမံကိန်း (Craddock Scheme) ကို ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဝိုင်အမ်ဘီအေအသင်းချုပ်၌ အထူးအစည်းအေ၀းကိုကျင်းပ၍ ကရက်ဒေါက်စီမံကိန်းကိုတိုက်ဖျက်၍ မြန်မာပြည်သူတို့ လိုလား သောအုပ်ချုပ်ရေးတောင်းဆိုရန်အတွက် ဝိုင်အမ်ဘီအေ ကိုယ်စားလှယ်များဖြစ်ကြသော ဦးဘဘေ (သူရိယ)၊ ဦးပု (ဝတ်လုံတော်ရ-ရွှေကျင်)၊ ဦးထွန်းရှိန် (ကျောင်းအုပ်ကြီး၊မန္တလေး) (ဘေ၊ ပု၊ ရှိန်) တို့ကိုရွေးချယ်၍ ၁၉၁၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် အင်္ဂလန်သို့ စေလွှတ်ခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် ဗြိတိသျှအစိုးရကဖိတ်၍ သွားသောအဖွဲ့မဟုတ်ဘဲ ကိုယ့်အစီအစဉ်ဖြင့် ကိုယ်အရေးဆိုရန် သွားသောအဖွဲ့ဖြစ်၍ ပထမတွင်လက်ခံတွေ့ဆုံမည့်သူပင်မရှိချေ။ ထို့နောက် ဘေ၊ ပု၊ ရှိန်ကိုယ်စားလှယ်အဖွဲ့သည် ၁၉၁၉ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် မွန်တေဂူနှင့်တွေ့ဆုံခဲ့ရပြီး မြန်မာတို့ရေးဆွဲထားသော မြန်မာနိုင်ငံဆိုင်ရာအုပ်ချုပ်ရေး ပြုပြင်ရေးစီမံကိန်းကို ဗြိတိသျှအစိုးရထံ တင်ပြနိုင်ခဲ့သည်။ သို့သော် အိန္ဒိယပြည်နယ်ကြီးများနှင့်တန်းတူထား၍ မြန်မာနိုင်ငံကို ဒိုင်အာခီအုပ် ချုပ်ရေးတိုးပေးမည့်ကတိကို မရခဲ့ချေ။ ဗြိတိသျှအစိုးရ၏ နောက်ဆုံးအဖြေမှာ မြန်မာနိုင်ငံအတွက် သီးခြားစဉ်းစားပေးမည်ဟုသာ ဖြစ်သည်။ ဘေ၊ ပု၊ရှိန်ကိုယ်စားလှယ်အဖွဲ့သည် မူလရည်ရွယ်ချက်ဖြစ်သော ဒိုင်အာခီအုပ်ချုပ်ရေးတိုးပေးရေးကိစ္စ မအောင်မြင်ခဲ့သော်လည်း ရွှေတိဂုံ ဘုရားကုန်းတော် အနောက်ဘက်ခြမ်းတွင် တပ်စွဲထားသော အင်္ဂလိပ်တပ်သားများ ရုပ်သိမ်းပေးရန်သဘောတူခဲ့မှုနှင့်၊ ပထမကမ္ဘာစစ်အတွင်း က မြန်မာနိုင်ငံထွက် ဆန်များရောင်းရသည့် အမြတ်ငွေ (၉) ကုဋေကျပ်ကို အိန္ဒိယအစိုးရထံမှ ပြန်လည်ရရှိခဲ့သည်။ ဘေ၊ ပု၊ ရှိန် ကိုယ်စား လှယ်အဖွဲ့၏ခရီးစဉ်သည် ကိုလိုနီခေတ်အဖိနှိပ်ခံဘ၀ကျရောက်နေသော မြန်မာပြည်သူလူထုအား နိုင်ငံရေးအသိတရား နိုးကြားစေရန်တပ် လှန့်နှိုးဆော်မှု ဖြစ်ခဲ့သည်။

၁၉၂၀ ပြည့်နှစ် မေလ ၂၉ ရက်နေ့တွင် ဝိုင်အမ်ဘီအေအသင်းနှင့် နိုင်ငံလုံးဆိုင်ရာအသင်းအဖွဲ့များ၏ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံအား ဒိုင်အာခီ (ခေါ်) ပူးတွဲတာဝန်ခံအုပ်ချုပ်ရေးရရှိအောင်တောင်းဆိုရန် ဦးဘဘေနှင့်အတူ ဦးပုနှင့် ဝတ်လုံတော်ရဦးသိမ်းမောင် (ဘေ၊ ပု၊ မောင်) ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယအကြိမ်အင်္ဂလန်သို့ စေလွှတ်ခဲ့ပြန်သည်။ ဘေ၊ ပု၊ မောင် ကိုယ်စားလှယ်အဖွဲ့သည် မစ္စတာမွန်တေဂူကို မြန်မာပြည်မှ ပေးပို့လိုက်သော စာတမ်းကိုတင်သွင်း၍ အိန္ဒိယနိုင်ငံထက် မနိမ့်ကျသောအဆင့်ဖြင့် မြန်မာနိုင်ငံအား ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန် တင်ပြနိုင်ခဲ့သည်။ ဗြိတိသျှတို့က အိန္ဒိယနှင့် တန်းတူအုပ်ချုပ်ရေးပေးမည်ဟု ကတိပေးခဲ့သည်။

၁၉၂၂ ခုနှစ် ဩဂုတ်လတွင် ဂျီစီဘီအေအတွင်း၌ ဦးဘဘေဦးဆောင်သော ၂၁ ဦးဂိုဏ်းသားတို့သည် ဒိုင်အာခီစနစ်ကိုလက်မခံဟု ဆုံးဖြတ် ချက်ချကြသော ဂျီစီဘီအေအသင်းသားများ၏ဆန္ဒကို ဖီလာပြု၍ ဂျီစီဘီအေမှခွဲထွက် ဂိုဏ်းသီးခြားထောင်ခဲ့သည်။ ထိုဂိုဏ်းသားများကို ဂျီစီဘီအေအ ဖွဲ့သားများက ‘ဒိုင်သမား’ဟူ၍ ရှုတ်ချကဲ့ရဲ့ကြသည်။ ဦးဘဘေအဖွဲ့ကမူ ယင်းတို့အဖွဲ့အား ၂၁ဦး အဖွဲ့(ခေါ်)ပြည်သူပြည်သား ပါတီဟုခေေါ်ဝါ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဂျီစီဘီအေအဖွဲ့ချုပ်ကြီးသည် ဦးဘဘေဦးစီးသော ၂၁ ဦး ဂျီစီဘီအေနှင့် ဦးချစ်လှိုင်၊ သာယာ ၀တီဦးပု၊ ဦးထွန်းအောင်ကျော်တို့ကြီးမှူးသည့် ‘လှိုင်၊ပု၊ ကျော်’ ဂျီစီဘီအေ (ဝံသာနုဂျီစီဘီအေ) ဟူ၍ နှစ်ဂိုဏ်းကွဲသွားလေသည်။

ထို့နောက် ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဒိုင်အာခီဥပဒေပြုကောင်စီ၏ ပထမဆုံးရွေးကောက်ပွဲကိုကျင်းပရာ ဦးဘဘေ၏ ပြည်သူပြည်သားပါတီနှင့် ဆာဂျေအေမောင်ကြီး (၁၈၇၂- ၁၉၅၅) ၏ ပရိုဂရက်ဆစ် (Progressive) ခေါ် ရွှေတောင်ကြားပါတီက ဝင်ရောက် ယှဉ်ပြိုင်၍ ရာထူးယူခဲ့ကြသည်။ ၁၉၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့တွင် ဒိုင်အာခီအုပ်ချုပ်ရေးစတင်ခဲ့သည်။ ဦးဘဘေ၏ ၂၁ ဦးအဖွဲ့သည် ဒိုင်အာခီအုပ်ချုပ်ရေးကိုလက်ခံခြင်းမှာ နယ်ချဲ့အစိုးရကို လွှတ်တော်၌ ပူးပေါင်းရန်ဟုအကြောင်းပြခဲ့သည်။ သို့သော် လက်တွေ့တွင်မူ နယ်ချဲ့အစိုးရပေးခဲ့သော ငါးထောင်စားရာထူးကိုလက်ခံ၍ နိုင်ငံအကျိုးကို ထိထိရောက်ရောက်မဆောင်ရွက်နိုင်ခဲ့ဟု ေ၀ဖန်ခဲ့ရသည်။

ထို့နောက် ၁၉၃၆ ခုနှစ်၊ ဧပြီ ၃၀ မှ မေလ ၂ ရက်နေ့အထိ မန္တလေးမြို့တွင် ညီညွတ်ရေးအစည်းအေ၀းကျင်းပရာ ဦးဘဘေဦးစီးသည့် ပြည်သူပြည်သားအဖွဲ့၊ အမ်အေဦးမောင်ကြီးဦးစီးသည့် ခွဲခွာရေးအသင်းကို အမည်ပြောင်းထားသည့် မြန်မာပြည်လွတ်လပ်ရေးအဖွဲ့(Free Burma) ၊ရေဦး ဆရာတော်ကြီးမှူးသည့် ဗဟိုဂျီစီဘီအေအဖွဲ့၊ ဦးဘစီဦးစီးသည့် သပိတ်မှောက်ဂျီစီဘီအေအဖွဲ့၊ ဦးဘဦး ဦးစီးသည့် မန္တလေး ၂၁ ဦးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး၍ အဖွဲ့ငါးဖွဲ့ကိုစုပေါင်း၍ ‘ညီညွတ်ရေးမူ လ ဂျီစီဘီအေအဖွဲ့ချုပ်’ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့ကို နိုင်ငံရေးအဖွဲ့ငါးဖွဲ့စုစည်းထားခြင်းကို ငါးပွင့်ဆိုင်အဖွဲ့(Five Flower Party) ဟု ခေါ်ခဲ့ကြသည်။ ငါးပွင့်ဆိုင်အဖွဲ့၏အကြီးအမှူးအဖြစ် ရေဦး ဆရာတော် ဦးဩဘာသ၊ ဥက္ကဋ္ဌအဖြစ် မက္ခရာမင်းသားနှင့် ခင်လေးတို့၏သားတော်အငယ် ထိပ်တင်၀မင်းသားအား ရွေးချယ်တင်မြှောက် သည်။

၁၉၃၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) အရ ပထမဆုံးအကြိမ် အောက်လွှတ်တော်အမတ်ရွေးကောက်ပွဲကျင်းပရာ ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ် ၁၃၂ ဦးရှိသည့်အနက် ငါးပွင့်ဆိုင်ပါတီမှ ၄၆ ဦး၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနု (ဓားမ) ပါတီမှ ၁၆ ဦး၊ ဦးချစ်လှိုင်ဂျီစီဘီအေမှ ၁၂ ဦး၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ ၃ ဦး ဖေဘီယံပါတီမှ နှစ်ဦး၊ သက်ပန်းဂျီစီဘီအေမှ တဦးနှင့် တသီးပုဂ္ဂလအမတ် ၁၇ ဦးအရွေးခံရသည်။

သို့သော် ငါးပွင့်ဆိုင်အဖွဲ့သည် ရွေးကောက်ပွဲတွင် အမတ်လောင်းများရာထားစဉ်ကပင် ပါတီအတွင်းအားဖြင့် စိတ်ဝမ်းကွဲပြားနေကြရာ (၄၆) ဦးမျှ အရွေးခံရသည့်အတွက် အားအကြီးဆုံးပါတီအဖြစ် ဦးဘဘေအားဦးဆောင်၍ အစိုးရအဖွဲ့ဖွဲ့ရန် ဘုရင်ခံကအပ်နှင်းသည်။ ဦးဘဘေသည် ငါးပွင့်ဆိုင်ပါတီဝင်တို့နှင့် စေ့စပ်ပြီးဝန်ကြီးရာထူးများရွေးချယ်၍ အစိုးရအဖွဲ့ကို ကြိုးစားဖွဲ့သော်လည်း ညီညွတ်မှုကို မရဘဲ အစိုးရမဖွဲ့နိုင်ချေ။

ဤသည်နှင့်ပတ်သတ်၍ ဒေါက်တာဘဦးက သူ၏ My Burma (ကျွန်ုပ်၏ မြန်မာပြည်) စာ အုပ်တွင် အောက်ပါအတိုင်းရေးသားထားလေသည်။ “ဦးဘဘေ၏ပါတီမှာ အကြီးဆုံးနှင့်အင်အားအတောင့်တင်းဆုံးဖြစ်သည့်အားလျော်စွာ ဘုရင်ခံက ဦးဘဘေအား အစိုးရဖွဲ့ခိုင်း၏။ သို့သော် ဦးဘဘေပါတီထဲတွင် ဝန်ကြီးရာထူးေ၀ခြမ်းမှုအပေါ် သဘောထားကွဲကြသည်ဟု ကောလဟလကြားရသည်။ ကျွန်ုပ်သည် ဦးအေး (နောင် ဦးစောအစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ) အား အခေါ်လွှတ်ပြီး၊ သူ၏ခေါင်းဆောင်ဖြစ်သည့် ဦးဘဘေအားပါတီ၏ ထိပ်ပိုင်းပုဂ္ဂိုလ်အချို့ကို ဝန်ကြီးများအဖြစ်ခန့်အပ်ပြီး၊ ရခိုင်အမတ်တဦးအား ဝန်ကြီးတနေရာပေးကာ၊ အခြားဝန်ကြီးတနေရာကို ကရင် အမတ်များအားပေးခြင်းဖြင့် အစိုးရအဖွဲ့ကို မြန်နိုင်သမျှမြန်မြန်ဖွဲ့စည်းရန် ပြောခိုင်းလိုက်၏။ ‘တကယ်လို့ ဦးဘဘေက မကြာမီအတော အတွင်း အစိုးရမဖွဲ့နိုင်ရင် ဘုရင်ခံက တခြားပါတီကိုဖွဲ့ခိုင်းလိမ့်မယ်။ ဦးဘဘေ အခုဖွဲ့ရင် ဥရောပလူမျိုး၊ အိန္ဒိယလူမျိုးအမတ် တွေရဲ့ ထောက်ခံမှုကိုရလိမ့်မယ်’ ဟု ကျွန်ုပ်က ထပ်ပြောလိုက်ပါသည်။ ဦးအေးက ကျွန်ုပ်ပြောသည့်စကားကို ဦးဘဘေထံသယ်ဆောင်သွားမည်ဖြစ် ကြောင်း၊ ဦးဘဘေ၏တုံ့ပြန်မှုကို ကျွန်ုပ်အားရက်ပိုင်းအတွင်း ပြန်လည်အသိပေးမည်ဖြစ်ကြောင်း ပြောသွားသည်။

ကျွန်ုပ်ကြားဝင်လိုက်ရသည်မှာ ဦးဘဘေ၏ နိုင်ငံရေးသမားဘ၀ကိုစိတ်ဝင်စားသောကြောင့်မဟုတ်။ တည်ငြိမ်သော အစိုးရအဖွဲ့ကောင်း တခုကို လိုချင်သောကြောင့်ဖြစ်သည်။ ဦးဘဘေပါတီတွင် အကင်းပါသော၊ ဖြောင့်မတ်သော်၊ ပညာတတ်လူငယ်တချို့ ပါဝင်သည်။

သီတင်းတပတ်ခန့်ကြာပြီးနောက် ဦးအေးပြန်လာပြီး ‘ဦးဘဘေရဲ့အမြင်က အာဏာရှိနေတဲ့ပါတီတွေအနက် ဘယ်ပါတီကမျှ တည်ငြိမ်တဲ့ အစိုးရအဖွဲ့တခုကို သူတို့ဘာသာမဖွဲ့နိုင်ကြဘူး။ ဒါကြောင့် နောက်ထပ်ရွေးကောက်ပွဲတခုလုပ်ပေးရင် တိုင်းပြည်အကျိုးရှိမယ် ရွေးကောက် ပွဲအသစ်ကျင်းပလျှင် သူ့ပါတီအနိုင်ရပြီး အခုထက် အင်အားတောင့်တင်းလာလိမ့်မယ်လို့ ဦးဘဘေက ထင်နေပါတယ်’ ဟူ၍ပြောကြားသည်။

ကျွန်ုပ် ဘာမျှမပြောလိုက်တော့ပါ။ စိတ်ထဲတွင် ဦးဘဘေအား လက်တွေ့မကျသော အရှည်အားဖြင့် မကြည့်တတ်သော နိုင်ငံရေးသမား တယောက်အဖြစ်သာ သတ်မှတ်လိုက်ပါတော့သည်။ တဘက်မှတည်းမှာပင် ဦးဘဘေသည် ဘယ်သောအခါမှ မြန်မာပြည်တွင် ဝန် ကြီး ချုပ်ဖြစ်မလာနိုင်ဟု ကျွန်ုပ်သိလိုက်၏။ သူ၏ နည်းဗျူဟာအမှားများကြောင့် ဦးဘဘေသည် ကိုယ့်ကိုယ်ကို နိုင်ငံရေးဟာရာကီရိလုပ်သည့် အဖြစ်သို့ ရောက်ရှိသွားပါတော့သည်။”

ဦးဘဘေသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော်လည်း ပါတီတွင်းညီညွတ်မှုကို မတည်ဆောက်နိုင်သောကြောင့် အစိုးရမဖွဲ့နိုင်ဘဲရှိရာ ဒေါက်တာဘမော်သည် ငါးပွင့်ဆိုင်ပါတီတွင် သဘောထားကွဲပြားနေသော အမ်အေမောင်ကြီး၊ ဝတ်လုံဦးပု၊ ဒေါက်တာသိန်းမောင်၊ မိတ္ထီလာ ဦးဘရင်၊ မန္တလေးဦးဘဦးစသည့်တို့နှင့် အိန္ဒိယတိုင်းရင်းသားအမတ်များ၊ ကရင်အမတ်များ၊ ဦးချစ်လှိုင်အဖွဲ့၊ တသီးပုဂ္ဂလများနှင့် ညှိနှိုင်း၍အစိုးရဖွဲ့ရန်စည်းရုံးခဲ့ရာ အမတ်ဦးရေ ၇၀ မျှပင် ရရှိသွားတော့သည်။ ထို့ကြောင့် ၁၉၃၇ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် မြန်မာပြည်ဘုရင်ခံ ကော့ကရိန်းက ဒေါက်တာဘမော်အားတွေ့ဆုံ၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးစာရင်းကို အမြန်တင်ပြခိုင်းသည်။ မတ်လ ၁၁ ရက်နေ့တွင် ဒေါက်တာဘမော်တင်ပြသောအစိုးရအဖွဲ့ဝင်အမည်စာရင်းကို ဘုရင်ခံက အတည်ပြု ပြီးနောက် ထိုနှစ်မတ်လ ၁၂ ရက်နေ့တွင် မြန်မာအစိုးရအဖွဲ့ ကို ၁၉၃၇ ခုနှစ် ဧပြီနေ့မှစ၍ တာဝန်ထမ်းဆောင်ရန် အတည်ပြုပေးလိုက်လေသည်။

သို့သော် ၁၉၃၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဦးဘဘေဦးဆောင်သော ငါးပွင့်ဆိုင်အဖွဲ့က ညွန့်ပေါင်းအစိုးရတဖွဲ့လုံးကို အယုံအကြည် မရှိအဆိုကိုတင်သွင်းရာ လွှတ်တော်ဥက္ကဋ္ဌဦးချစ်လှိုင်က ဝန်ကြီးအဖွဲ့သစ်ကို မတ်လ ၁၁ ရက်နေ့တွင် ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း ဧပြီ ၁ ရက်နေ့မှ တာဝန်ထမ်းတောင်ကြရမည့်သူများဖြစ်သောကြောင့် ယခုတင်သွင်းသောအဆိုသည် ဘောင်လွတ်ပြီး အချိန်မကျသေးဟု အကြောင်းပြကာ အဆိုကိုပယ်ချလိုက်သည်။

ထို့နောက် ဒေါက်တာဘမော်ဦးဆောင်သော ညွန့်ပေါင်းအစိုးရသည် အစိုးရသက်တမ်း၌ ဒုတိယကျောင်းသားသပိတ်၊ ကုလားဗမာ အဓိက ရုဏ်း၊ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံ၊ ဗိုလ်အောင်ကျော်ကျဆုံးခဲ့ရသည့် ကျောင်းသားအရေးအခင်းများနှင့် မန္တလေးအာဇာနည် ၁၇ ဦးကျဆုံး ခဲ့ရသည့်အရေးများကြောင့် ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မျိုးချစ်ပါတီခေါင်းဆောင် ဂဠုန်ဦးစောတင်သွင်းသည့် ညွှန့်ပေါင်း အစိုးရအပေါ် အယုံအကြည်မရှိအဆိုကို ရှုံးနိမ့်ပြီးနောက် ပြုတ်ကျသွားခဲ့သည်။ ဤသို့ဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အတိုက်အခံ ပါတီခေါင်းဆောင် ရွှေကျင် ဦးပု ဦးဆောင်သော ညွန့်ပေါင်းအစိုးရတက်လာရာ ဦးဘဘေသည် ဦးပုညွန့်ပေါင်းအစိုးရအဖွဲ့၌ ပြည်ထဲရေး ဝန်ကြီးဖြစ်လာသည်။ သို့သော် ၁၉၄၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နန်းရင်းဝန်ဦးပုနှင့် အဆင်မပြေသဖြင့် ဦးဘဘေနုတ်ထွက် သွားခဲ့ရသည်။

၁၉၄၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ငါးပွင့်ဆိုင်ညီညွတ်ရေးအဖွဲ့အစည်းအေ၀းကိုကျင်းပ၍ ဦးပုအား အယုံအကြည်မရှိ၍ အဖွဲ့ခေါင်းဆောင်အဖြစ်မှ ဖယ်ရှာပြီး ဦးဘဘေအား ခေါင်းဆောင်အဖြစ် ပြန်လည်တင်မြှောက်ခဲ့သည်။

တဖန် ၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် အောက်လွှတ်တော်အစည်းအေ၀း၌ ဦးပုကြီးမှူးသော ညွန့်ပေါင်းအစိုးရအဖွဲ့သည် အယုံအကြည်မရှိအဆိုတင်သွင်းခံရပြီးနောက် ပြုတ်ကျသွားသဖြင့် ထိုနှစ်စက်တင်ဘာ ၉ ရက်နေ့ ဂဠုန်ဦးစော နန်းရင်းဝန်အဖြစ် ဦးဆောင် သော ညွန့်ပေါင်းအစိုးရ တက်လာပြန်သည်။

၁၉၄၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် အောက်လွှတ်တော်၌ ဦးဘဘေသည် ဦးစောဦးဆောင်သည့်အစိုးရအပေါ် အယုံအကြည် မရှိအဆိုကိုတင်သွင်းရာ ထောက်ခံမဲ ၄၇ မဲ၊ ကန့်ကွက်မဲ ၇၂ မဲ ရရှိသဖြင့် ဦးဘဘေ၏အယုံအကြည်မရှိအဆို ရှုံးနိမ့်သွားသည်။

ထို့ကြောင့် ဂဠုန်ဦးစောသည် ဦးဘဘေအား အညှိုးအတေးထားကာ ၁၉၄၁ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆ အရ ဖမ်းဆီး ၍ သရက်အကျဉ်းထောင်၌ အကျဉ်းချခံခဲ့ရသည်။ ၁၉၄၂ ခုနှစ်တွင် သရက်ထောင်မှလွတ်မြောက်၍ ဂျပန်ခေတ်၌ ‘ဗမာပြည်အုပ်ချုပ်ရေး’ ရေးဆွဲရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် ကျန်းမာရေးကိုအကြောင်းပြု၍ ဂျပန်ခေတ်အုပ်ချုပ်ရေးမှ ရှောင်နေခဲ့သည်။

စစ်ကြီးပြီးနောက် ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် မြန်မာပြည်အနာဂတ်အုပ်ချုပ်ရေးနှင့်ပတ်သတ်သော ‘ကင်ဘာလင်’ ဆွေးနွေးပွဲသို့ အဖွဲ့ဝင်အဖြစ်လည်းကောင်း တက်ရောက်ခဲ့သည်။ ၁၉၄၅ခုနှစ်တွင် ဖဆပလဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်တင်မြှောက်ခံရပြီး ၁၉၄၅ခုနှစ် စက် တင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ကျင်းပသည့် မြန်မာ့တပ်မတော်ဖွဲ့စည်းရေးနှင့်ပတ်သတ်သည့် ကန္ဒီ စာချုပ်ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့အဖြစ်လည်းကောင်း၊ ၁၉၄၇ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရေး ၌ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ်လည်းကောင်း တက်ရောက်ခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ ဖဆပလ အလုပ်အမှုဆောင်အဖွဲ့ဝင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရသည်။ ထို့နောက် ၁၉၄၇ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအေ၀းကျင်းပ၍ ဘုရင်ခံ၏အမှုဆောင်ကောင်စီ၏ ဖဆပလအဖွဲ့ချုပ်မှ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘဘေအား ဖဆပလဗဟိုဦးစီးအဖွဲ့မှလည်းကောင်း၊ ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ လည်းကောင်း ထုတ်ပယ်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် ဦးဘဘေ၏ဇနီးဖြစ်သူ ဒေါ်ဖွားမျှင် ကွယ်လွန်ခဲ့သည်။ ဇနီးကွယ်လွန်ပြီးနောက် ဖဆပလအစိုးရအတိုက်အခံ နိုင်ငံရေးသမား အဖြစ် နိုင်ငံရေးဆောင်းပါးများကို စာနယ်ဇင်းများ၌ ရေးသားခဲ့သည်။

၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဦးဘဘေသည် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် အင်းစိန်ထောင်၌ အကျဉ်းချခံရသည်။ ဖဆပလ အစိုးရအဖွဲ့ကိုဖြုတ်ချ၍ စစ်တပ်မှအာဏာသိမ်းရန် အကြံပေးသည်ဟု အသံဖမ်းယူခွဲဆိုသောအမှုဖြစ်သည်။ အင်းစိန်ထောင်တွင် ၃ နှစ် ၉ လ ၂၇ ရက် အကျဉ်းခံရပြီးနောက် ဦးနု၏ဖဆပလအစိုးရလက်ထက် ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် နိုင်ငံတော်အစိုးရက အမှုကိုရုပ်သိမ်းပေး၍ ပြန်လည်လွတ်မြောက်ခဲ့သည်။ ယင်းနောက် ၁၉၆၀ပြည့်နှစ် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ကျင်းခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားပေါင်းစုံ မဟာမိတ် (တတိယအုပ်စု) ကိုကိုယ်စားပြု၍ အလယ်ပိုင်းမဲဆန္ဒနယ်မှ ဝင်ရောက်အရွေး ခံခဲ့ သည်။

၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသားနေ့ ရွှေရတုသဘင်ကျင်းပရေးဗဟိုကောင်မတီ နယကအဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဘဘေ သည် ၁၉၄၆ ခုနှစ်တွင် ဟံသာ၀တီသတင်းစာ၌ ရေးသားခဲ့သောဆောင်းပါးများကို စုစည်း၍ ဟံသာ၀တီစာအုပ်တိုက်မှ ခေါင်းဆောင်ကြီး ဦးဘဘေ၏ ‘နိုင်ငံရေးရာ အဖြာဖြာ’ စာအုပ်နှစ်တွဲကို ထုတ်ဝေခဲ့သည်။

ဝါရင့်နိုင်ငံရေးသမားကြီး ဦးဘဘေသည် ၁၉၇၁ခုနှစ်ဇန်နဝါရီလ ၈ရက်စနေနေ့ မွန်းလွဲ ၂:၂၀နာရီ တွင် ရန်ကုန်မြို့ လူအိုရုံလမ်း အိမ်အမှတ် ၉၁ ၌ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ အမွေခံ သားသမီး မကျန်ရစ်ခဲ့ချေ။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 9 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 November 2011 တွင် ပြန်စစ်ပြီး။