ဘဝင်လှုပ်ခြင်း၊ လှုပ်ရှားဘဝင်၊ (ဘဝင်္ဂစလန = ဘဝင်လှုပ်ဟူသည် လေတိုက်ခိုက်၍ သစ်ရွက် သစ်ခက် လှုပ်ရှားခြင်းကဲ့သို့လည်းကောင်း, ကိုယ်ခန္ဓာ ဆတ်ဆတ် တုန်လှုပ်ခြင်းကဲ့သို့ လည်းကောင်း လှုပ်ရှားခြင်းမျိုးမဟုတ်၊ ဘဝင်စိတ်များသည် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ၃-မျိုးတွင် တမျိုးမျိုးကို အာရုံပြုနေကြရာ အာရုံသစ်ထင်လာမှုကြောင့် ပြုမြဲတိုင်းသော ကံ စသော အာရုံကိုလွှတ်၍ (တကယ်လွှတ်နိုင်သည်မဟုတ်) ထင်လာသော အာရုံသစ်ကို ယူရန် အားထုတ်ခြင်းကဲ့သို့ (အာရုံသစ်ကို ယူရတော့မလိုလိုဖြစ်နေခြင်း၊ သို့ရာတွင် အာရုံသစ်ကိုလည်း တကယ်ယူသည်မဟုတ်။)ဘဝင် အလျဉ်၏ တမျိုးတဖုံ အထူးဖြစ်လာသော အခြင်းအရာကို “ဘဝင်လှုပ်” သည်ဟု ဆိုလို၎င်းဖြစ်သည်။ [၁]

တနည်းအားဖြင့် ဘဝင်လှုပ်ဟူသည် ဖြစ်မြဲနေရာမှ ရွှေ့ ရှားသွားခြင်းမျိုးမဟုတ်။ [၂] ဘဝင်စိတ်များ အစဉ်မပြတ် ဖြစ်နေရာမှ အာဝဇ္ဇန်းအစရှိသော (ဘဝင်စိတ်နှင့်) မတူသော ဝီထိစိတ်များ ဖြစ်ပေါ်နိုင်ရန် အကြောင်း၏ အဖြစ်ဖြင့် လှုပ်သကဲ့သို့ဖြစ်ခြင်းကို “ဘဝင်လှုပ်” သည်ဟု ဆိုလိုရင်းဖြစ်သည်။ [၃]

ထိုထို ဒွါရ၌ သက်ဆိုင်ရာအာရုံများ မထိခိုက် မထင်လာမီ ဘဝင်စိတ်များသည် ဆီးမီးအလျှံ မြစ်ရေအလျဉ်ကဲ့သို့ အစဉ်မပြတ် အဆက် မပြတ် ဖြစ်နေကြ၏။ [၄] ပဉ္စဒွါရ၌ ပဉ္စာရုံ,မနောဒွါရ၌အာရုံ ၆-ပါးထိခိုက်လာ ထင်လာသည့်အခါ ယင်း ထင်လာသော အာရုံသစ်ကြောင့် အာရုံသစ် မထင်လာမီက ဖြစ်နှင့်သော ဘဝအစဉ်သည် အာရုံသစ်ထင်လာသည်နှင့် တပြိုင်နက် ရုတ်တရက် ပြတ်စဲ မသွားပဲ ဘဝင် နှစ်ကြိမ်တိုင်အောင် လှုပ်ပြီးမှ ပြတ်စဲရလေသည်။ ဥပမာ-အရှိန်အဟုန်ပြင်းစွာ ပြေးလာသူသည် ရပ်လိုသည့် ပန်းတိုင်ရောက်၍ ချက်ချင်း ရပ်လိုသော်လည်း ရုတ်တရက် မရပ်နိုင်သေးပဲ တလှမ်းနှစ်လှမ်းလောက် လွန်ပြီးမှ ရပ်သကဲ့သို့တည်း ထိုတွင် ပထမစိတ်ကို ဘဝင်အလျဉ် လှုပ်ရှားသကဲ့သို့ ဖြစ်သောကြောင့် “ဘဝင်္ဂစ လန” ဟု လည်းကောင်း။ ဒုတိယစိတ်ကို ဘဝင်အလျဉ် ပြတ်စဲသောအခြင်းအရာအားဖြင့် ဖြစ်သောကြောင့် “ဘဝင်္ဂုပစ္ဆေဒ”ဟု လည်းကောင်း နာမည်ပေးခေါ်ဝေါ်သည်၊ သင်္ဂဟဆရာနှင့်အဋ္ဌကထာတို့၌ကား ၂-ကြိမ်စလုံးကို “ဘဝင်္ဂစလန” ဟု သာမညသာ အမည်ပေးကြသည်။ [၅]

အာရုံနှင့် ပသာဒဒွါရထိခိုက်ရာ၌ သက်ဆိုင်ရာ ပသာဒကို မှီသော ဝိညာဉ်ကသာ လှုပ်ဖို့ ကောင်း၏၊ ဟဒယဝတ္ထုကို မှီသော ဘဝင်က အဘယ့်ကြောင့် လှုပ်ရပါသနည်းဟု မေးဖွယ် ရှိ၏။ အဖြေကား—ပသာဒဒွါရ၌ အာရုံထိခိုက်သည့်အခါ မနောဒွါရဟုသော ဘဝင်၌လည်း တပြိုင်နက်ထင်လျက်ရှိ၏။ ဥပမာ–ငှက်တကောင် သစ်ပင်ဖျား နားသည့်အခါ သစ်ခက်ကိုလည်း ထိခိုက်မိ၏၊ တပြိုင်နက် အောက်မြေပြင်မှာလည်း ငှက်ရိပ်ထင်လာ၏၊ ထို့အတူ မနောဒွါရဟူသောဘဝင်၌ တပြိုင်နက် ထင်လာခြင်းကြောင့် ဘဝင်လှုပ်ရလေသည်။ ဤဥပမာ၌ ငှက်နှင့် အာရုံတူသည်၊ သစ်ခက်နှင့် ပသာဒဒွါရတူသည်။ အောက်မြေပြင်၌ ငှက်ရိပ်ထင်လာခြင်းနှင့် မနောဒွါရဟူသော ဘဝင်၌ ထင်လာခြင်းတူသည်၊ ငှက်၏ သစ်ခက်ကို ထိခိုက်ခြင်းနှင့် အာရုံ၏ ပသာဒဒွါရ၌ ထိခိုက်ခြင်းတူသည်။ ယင်းသို့ ထိခိုက်ရာ၌ အောက်မြေပြင်မှာ တပြိုင်နက် ငှက်ရိပ် ထင်လာခြင်းနှင့် မနောဒွါရဟူသော ဘဝင်၌ တပြိုင်နက် ထင်လာခြင်းတူသည်။ [၆]

ဥပမာတနည်းအားဖြင့်-စည်မျက်နှာပြင်တဖက်၌ သကာခဲနှစ်ခုရှိနေရာ သကာခဲတခု၌ ယင်ကောင်နားနေ၏၊ ယင်မနားသော သကာခဲကို ကိုင်လှုပ်လိုက်သည့်အခါ တပြင်တည်း စပ်နေသောကြောင့် ယင်ကောင်သည် လှုပ်ရှား၍ ပြန်သွားရာသကဲ့သို့တည်း။ ဤဥပမာ၌ ယင်မနားသော သကာခဲကို ကိုင်လှုပ်ခြင်းနှင့် အာရုံနှင့် ပသာဒဒွါရ ထိခိုက်ခြင်းတူသည်၊ မသက်ဆိုင်သော သကာခဲ၌ နားနေသော ယင်ကောင်၏ လှုပ်ရှားပြန် သွားခြင်းနှင့် ဘဝင်လှုပ်ခြင်းတူသည်။ [၇]

ဝိဘာဝိနီ (၁၄၁-၂)၌ စည်မျက်နှာပြင်တဖက်ဝယ် တည်ရှိသော သကာခဲ၌ ယင်ကောင်နားနေ၏၊ ယင်မနားသည့် စည်မျက်နှာပြင် အခြားတဖက်ကို ဒုတ်စသည်ဖြင့် တီးခတ်လိုက်သည့်အခါ စည်ကျက်သော သား ရေကြိုးစသည်တို့၏ လှုပ်ခြင်းကြောင့် သကာခဲလှုပ်ရကား ယင်ကောင်လည်း လှုပ်ရှား၍ ပြန်သွားခြင်းကဲ့သို့တည်းဟု ဥပမာပေးသည်။ ဋီကာကြီးများနှင့် မတူတတ်။

ဘဝင်္ဂစလနပုဒ်ကို ဘဝင်္ဂသန္တတိံ စာလေတီတိ ဘဝင်္ဂစလနံ ဟု လည်းကောင်း၊ ဘဝင်္ဂဿ စလနံ ဘဝင်္ဂစလနံဟုလည်းကောင်း၊ ဘဝင်္ဂမေဝ စလနံ ဘဝင်္ဂစလနံဟုလည်းကောင်း ဝစနတ္ထပြုကြသည်။ ပရမတ္ထသရူပဘေဒနီနှင့် အဘိဓမ္မတ္ထ သင်္ဂြိုဟ်ဂဏ္ဌိသစ်တို့ကြည့်။) [၈][၉]


ကိုးကား ပြင်ဆင်ရန်

  1. ပရမတ္ထဒီပနီ၊၁၅၆။
  2. မဏိမဉ္စူ၊၁၊၄၅၀။
  3. ဝိသုဒ္ဓိ၊ဋီ၊၂၊၁၃၂၊ ဝိဘာဝိနီ၊၁၄၁။
  4. ဝိသုဒ္ဓိ၊၂၊၈၁။ သင်္ဂဟ၊၅၊၉၉။
  5. အဘိ၊ဝတာရ၊ဋီ၊သစ်၊၂၊၃၈။ ဝိဘာဝိနီ၊၁၄၁။
  6. အဘိ၊ဋ္ဌ၊၁၊၁၁၄။
  7. ဝိသုဒ္ဓိ၊ဋီ၊၂၊၁၃၂။
  8. ရူပါရမ္မဏဉှိ စက္ခုပသာဒံ ဃဋ္ဋေတွော တင်္ခဏညေဝ မနောဒွါရေ အာပါထမစ္ဆတိ၊ ဘဝင်္ဂစလနဿ ပစ္စယော ဟောတီတိ အတ္ထော။ အဘိ၊ဋ္ဌ၊၁၊၁၁၄။ (—ဒီ၊ဋ္ဌ၊၁၊၁၇၄။ မ၊ဋ္ဌ၊၁၊၂၆၇။ သံ၊ဋ္ဌ၊၃၊၂၂၇။)
  9. တိပိဋကအဘိဓာန် အတွဲ-၁၅