ဘိင်္ဂပင်သည် ရူဗီအေစီအီး မျိုးရိုးတွင်ပါဝင်၍ ယင်းကို ရုက္ခဗေဒ အလိုအားဖြင့် စတက်ဖီဂျင်နီ ဒိုင်ဗာစီ ဖိုလီယာဟုခေါ်သည်။ မြန်မာနိုင်ငံ တလျှောက်တွင် မြောက်ဘက် အထက်ချင်းတွင်းအရပ်မှ တောင်ဘက် ထားဝယ် နယ်အထိ မြေညီသစ်တောများ၌ ဘိင်္ဂပင်များကို တွေ့နိုင်သည်။ ဘိင်္ဂပင်နှင့် နှောဘိင်္ဂပင်၊ နှောသိမ်ပင်တို့မှာ အပင်တူများ ဖြစ်ကြသည်။ ဘိင်္ဂပင်တို့သည် တောသစ်ပင် အလတ်စားများ က၍ အမြင့်ပေ ၅ဝ အထိ ရှိကြသည်။ ပင်စည်လုံးပတ် မှာ ၆ ပေအထိရှိသည်။

ဘိင်္ဂသားသည် ဝါကြန်ကြန်အရောင်ရှိ၍ အတော် အသင့်မာသည်။ အသားပြင်မှာ ညက်ညော၍ ပြုပြင်ရန် လွယ်ကူသည့်ပြင် အသားသေလွယ်သည်။ နိုင်ငံခြားမှလာသော ဗတ် (ချ) ခေါ် ဘုဇပတ် သစ်သားအစား အသားသေပြီးသော ဘိင်္ဂသားကို ဓာတ်ပုံဘလောက်များ ပြုလုပ်ရာ၌ အသုံးပြုကြ သည်။

တံစည်း၊ စို့ဆောက်စသော လက်နက်ကိရိယာများ၏ လက်ကိုင်ရိုးများ၊ သစ်သား ပွတ်တိုင်စင်များ၊ စားပွဲ၊ သေတ္တာမှ စ၍ အိမ်အသုံးအဆောင်များကို ဘိင်္ဂသားဖြင့် ပြုလုပ်ကြသည်။ ဘိင်္ဂသား မီးသွေးမှာ အိမ်သုံး အတွက် အကောင်းဆုံး မီးသွေး ဖြစ်သည်။

သာယာဝတီနယ်နှင့် ပဲခူးနယ်တွင်းရှိ မြေညီသစ်တော များ၌ ပေါက်ရောက်သော သစ်ဖယောင်းပင်မှ သစ်သားသည် ပြုပြင်ရ လွယ်ကူသလိုရှိ၍ အတော်အတန် ခိုင်ခံ့သဖြင့် ဘိင်္ဂသားကို အသုံးချသည့် နေရာများတွင် ထိုသစ်သားကို အသုံးပြုနိုင်ဖွယ်ရာ ရှိပေသည်။

ဘိင်္ဂပင်ကို ကရင် အမျိုးသားတို့က ကဘောဟူ၍ လည်းကောင်း၊ ရှမ်းအမျိုးသားတို့က မဲ့နောဟူ၍ လည်းကောင်း အသီးအသီး ခေါ်ကြသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)