နီပေါဖက်ဒရယ်ဒီမိုခရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ (Bidhya Devi Bhandari)ကို ၁၉-၆-၁၉၆၁ ရက်န​ေ့တွင် နီပေါနိုင်ငံ၊ ဘော့ချ်ပါခရိုင် မနီဘန်ယန်(၂) ၌ မွေးဖွားခဲ့သည်။ ၎င်းသည် အထက်တန်းပညာရေးကို ဘော့ချ်ပါခရိုင်၌၎င်း၊ အဆင့်မြင့်ပညာကို မိုရန်းခရိုင် ဘီရင်နာဂါ၌၎င်း ဆည်းပူးခဲ့သည်။

နီပေါသမ္မတသည် ၎င်းဖြတ်သန်းခဲ့သည့် နိုင်ငံရေးခရီးတစ်လျှောက် အမျိုးသမီးအခွင့်အရေး ဇာတ်နှင့် ချို့တဲ့သူများ၏ အခွင့်အရေးရရှိရေးအတွက် အထူးအလေးပေး ဆောင်ရွက်ပေးခဲ့သည်။ နီပေါနိုင်ငံ၌ ကျား-မ ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးနှင့် အမျိုးသမီးအခွင့်အရေး ရရှိရေးတို့အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သူ၏ စွမ်းဆောင်ချက်များကြောင့် နီပေါနိုင်ငံ၏ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများ၌ အမျိုးသမီးများ အနေဖြင့် ၃၃% ကိုယ်စားပြု ပါဝင်ခွင့်ပြုကြောင်း နီပေါနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြဋ္ဌာန်းခဲ့ရသည်။

နီပေါနိုင်ငံ သမ္မတသည် နီပေါအမျိုးသမီးအသင်းဥက္ကဋ္ဌအဖြစ် ၁၉၉၇-ခုနှစ်မှ ၂၀၁၅-ခုနှစ်အထိ၎င်း၊ နီပေါကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ အဖြစ် ၂၀၀၇-ခုနှစ်မှ ၂၀၁၅-ခုနှစ်အထိ သက်တမ်း နှစ်ကြိမ်တိုင်၎င်း၊ နီပေါကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင်အဖြစ် ၁၉၉၇-ခုနှစ်မှ ၂၀၀၇-ခုနှစ်အထိ၎င်း ဆောင်ရွက်ခဲ့သည်။ ၎င်းသည် ၁၉၉၃-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌၎င်း၊ ၁၉၉၄-ခုနှစ် လွှတ်တော်သက်တမ်း တစ်ဝက် ရွေးကောက်ပွဲ၌၎င်း ၁၉၉၉-ခုနှစ် အထွေထွေရွေးကောက်ပွဲ၌၎င်း နီပေါနိုင်ငံ လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ သူသည် နီပေါနိုင်ငံ ပတ်ဝန်းကျင်နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၁၉၉၇-ခုနှစ်တွင်၎င်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၁၀-ပြည့်နှစ်မှ ၂၀၁၂-ခုနှစ်အထိ၎င်း ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့ပြင် နီပေါနိုင်ငံ အမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ်အဖြစ် ၂၀၁၃-ခုနှစ်မှ ၂၀၁၅-ခုနှစ်အထိ ပါဝင်ခဲ့သည်။ နီပေါနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် ၂၈-၁၀-၂၀၁၅ ရက်န​ေ့တွင် ရွေးချယ်ခြင်းခံခဲ့ရပြီး ၁၃-၃-၂၀၁၈ ရက်န​ေ့မှ စတင်၍ သမ္မတအဖြစ် ဒုတိယအကြိမ် သက်တမ်းကို ထမ်းဆောင်လျက် ရှိသည်။

ခင်ပွန်းဖြစ်သူ မစ္စတာ မာဒန်ကူးမား ဘန်ဒါရီ (ကွယ်လွန်)သည် နီပေါနိုင်ငံ၏ ကွန်မြူနစ် လှုတ်ရှားမှုများတွင် မာ့စ်ဝါဒီ တွေးခေါ်ပညာရှင် တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ပါတီစုံဒီမိုကရေစီ ခေါ် မာ့စ်ဝါဒ ပုံစံသစ်တစ်ရပ်ကို ဦးဆောင်ဦးရွက်ပြုခဲ့သူဖြစ်သည်။ ၎င်းတို့တွင် သမီးနှစ်ဦး ထွန်းကားသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ကြေးမုံသတင်းစာ၊ အောက်တိုဘာ၊ ၁၆ ရက်၊ မျက်နှာဖုံးစာမျက်နှာ