ဘီအိုစီ(Burma Oil Co)သည် ၁၈၆၁-ခုနှစ်တွင် ရန်ကုန်မြို့ ဓနိတော အရပ်တွင် မစ္စတာ ဒေးဗစ်ကာဂဲလ် ဆိုသူသည် ရေနံချက် စက်ရုံတစ်ခု တည် ထောင်၍ အထက်မြန်မာနိုင်ငံမှ ရေနံများကို ဝယ်ယူ ချက်လုပ်သည်။ သူသည် ရန်ကုန်ရေနံကုမ္ပဏီ (ROC) အမည်ရှိ ကုမ္ပဏီတစ်ခုကို တည်ထောင်၏။ အထက်မြန်မာနိုင်ငံကိုဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ၁၈၈၆-ခုနှစ်တွင် မစ္စတာ ဒေးဗစ်ကာဂဲလ်သည် အာရ်အိုစီ ကို-ဘီ-အို-စီ အဖြစ် ပြောင်းလွှဲ ဖွဲ့စည်း တည်ထောင်လိုက်သည်။ ဗြိတိသျှအစိုးရသည် မင်းတုန်းမင်းနှင့် ကြေးမြှင်မိဖုရားတို့ ပိုင်ဆိုင်သော ဘော်တွင်း ၁၂၀ နှင့် အခြားပိုင်ဆိုင် သူ မပေါ်ပေါက်သော ၂၇ တွင်းကို သိမ်းယူ၍ (ဘီအိုစီ)ကုမ္ပဏီသို့ အငှားစာချုပ် ပြုလုပ် လွှဲအပ်လိုက်သည်။ ဘီအိုစီ ကုမ္ပဏီစတင်တည်ထောင်စဉ်က စတာလင်ပေါင် ၁၃ သန်းခွဲ (မြန်မာ့ရေနံ သမိုင်း၌ ၁ သန်းခွဲ ပြဆိုသည်) မြှုပ်နှံခဲ့သည်။ ဘီအိုစီကုမ္ပဏီသည် ပထမ၌ တွင်းရိုးတွင်းစားထံမှ ရေနံတွင်းနှင့် တွင်းရာများကို အငှားစာချုပ်များနှင့် ငှားရမ်း၍ ခေတ်မှီ စက်ကရိယာများကို သုံးစွဲလုပ်ကိုင်၏။ ၁၉၀၈- ခုနှစ်အထိ (ဘီ အို စီ) ကုမ္ပဏီသည် ပြိုင်ဘက် ကင်းသော ရေနံကုမ္ပဏီ ဖြစ်ခဲ့သည်။ ၁၉၂၅-ခုနှစ်တွင် ခေတ်မှီတူးဖော်နည်းများဖြစ်သော မင်းတူးနည်း၊ လွန်တူးနည်းများကို သုံးလာ၏။

ရေနံမြေမှ ထုတ်လုပ်သော ရေနံစိမ်းများကို သံလျင် ရေနံချက်စက်ရုံသို့ ချက်လုပ်ရန် ယခင်ပေးပိုစဉ်က အများအားဖြင့် သင်္ဘောများကို အသုံးပြု၏။ သို့သော်စရိတ်ကြီး၍ အချိန်ကြံ့ကြာရကား ရေနံမြေနှင့် သံလျင်ကို ရေနံပို့ပိုက်လိုင်း သွယ်ဖောက် ခဲ့ရာ ၁၉၀၇-ခုနှစ်တွင်စတင် အသုံးပြုခဲ့၏။ ကျွမ်းကျင်သော လုပ်သားများ အတတ်ပညာရှင်များ ရရှိရေးအတွက် ဘီအိုစီသည် ရန်ကုန်တက္ကသိုလ်၌ အင်ဂျင်နီယာ ကောလိပ်တစ်ခု တည်ထောင် ထားသည်။ ထိုကောလိပ်မှအင်ဂျင်နီယာများကို လုပ်ငန်း၌ ကျယ်ပြန့်စွာ အသုံးပြု၏။ လုပ်ငန်းသည် တစတစအားဖြင့် ကျယ်ပြန့်ကြီးထွားလာရာ ၁၉၃၇-ခုနှစ်၌ ရေနံတွင်းပေါင်း၄,ဝဝဝ ကျော်မှ ထုတ်လုပ်သော ဓာတ်ဆီဂါလံပေါင်းမှာ ကုဋေ၃၀ ကျော်ဖြစ်သည်။ ကုမ္ပဏီသည် မြန်မာနိုင်ငံကို ဂျပန်မသိမ်းမီနှစ် အနည်းငယ်ခန့်က တစ်နှစ်လျှင် နိုင်ငံခြားသို့ ရေနံထွက်ပစ္စည်း စတာလင်ပေါင် ၁၀သန်းခန့် တင်ပို့ရောင်းချခဲ့ရသည်။ ဂျပန်ဝင်လာသောအခါ ဗြိတိသျှ အစိုးရက ရေနံတွင်းများကို သုံးမရအောင် ဖျက်ဆီး သွားခဲ့သည်။[]

  1. ဦးစိန်မြင့်(လုပ်သားများကောလိပ်)ရေး၊ မြန်မာနိုင်ငံသမိုင်း အဘိဓာန်၊ ၁၉၆၈၊ နိုဝင်ဘာ(၂၄)ရက်၊ စာ-၂၇၉/၂၈၀