အင်္ဂလိပ် အမည်ဖြင့် ဗတ်ချဟုခေါ်သော သစ်ပင်မျိုးကို ရှေးမြန်မာ စာပေကျမ်းဂန်တို့၌ ဘုဇပတ်ပင်ဟု ခေါ်ဝေါ်သုံးစွဲထားသည်ကို တွေ့ရသည်။ ယခုခေတ်တွင်မူချယ်ရီဖိုပင်ဟု ခေါ်တွင်လျက်ရှိသည်။ ထိုအပင်တို့သည် မြောက်အမေရိကတိုက်၊ ဥရောပတိုက်၊ အာရှတိုက် မြောက်ပိုင်းဒေသ၊ ဟိမဝန္တာတောင်တန်း၊ တရုတ်နှင့် ဂျပန်တောင်တန်းဒေသ စသော သမပိုင်းဒေသများ၌ ပေါက်ရောက်တတ်သော အပင်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံ တောင်ကုန်းဒေသများ၌လည်း ပေါက်ရောက်သည်။ ဝေါဟာရလိန·ဒီပနီကျမ်း၌ အနောက်ကာသိတိုင်း စသည်တို့၌လည်းကောင်း၊ အာသံပြည် ဂေါ်ရခေါင်မြို့၌ လည်းကောင်း ပေါများသည်ဟု ဆိုထားလေသည်။

ဘုဇပတ်ပင်သည် ဗက်တျူလေစီအီးမျိုးရင်းဝင် ဖြစ်၍ မျိုးစု အများအပြားရှိရာ သစ်ပင်ကြီးမျိုးမှ ချုံဖုတ် အကြီးစားမျိုးအထိ ပါဝင်သည်။ ဘုဇပတ်ပင်တို့သည် ရွက်ကြွေပင် မျိုးဖြစ်သည်။ အအေးဒဏ်ကို ခံနိုင်ရည်ရှိ၍ ရှင်သန်လွယ်သော သစ်ပင်မျိုးလည်း ဖြစ်သည်။

ဘုဇပတ်ပင်တို့သည် လှလည်းလှပ၍ ကျက်သရေလည်းရှိသော သစ်ပင်မျိုးများထဲတွင် ပါဝင်သည်။ အကိုင်းအခက်တို့သည် လုံးဝန်းသေးသွယ်၍ ဘေးသို့ပြန့်ကားထွက် သည်။ အချို့ဘုဇပတ်ပင်မျူးတို့၏ အကိုင်း အခက်များသည် အဖျားဘက်၌ အောက်သို့ညွတ်ကျနေတတ်သည်။ အရွက်များသည် ရွက်လွှဲထွက်သည်။ အရွက်၏ အဖျားသည် ချွန်၍ နံဘေးအနားတို့သည် လွှသွားကဲ့သို့မညီမညာသော အထစ်ချွန်ကလေးများ ဖြစ်နေသည်။ နွေရာသီ၌ ဘုဇပတ်ပင်တို့သည် စိမ်းစိုပြောင်လက်သော အရွက်တို့ဖြင့် ဝေဆာလှပနေပြီးလျှင် ဆောင်းကူးရာသီ ရောက်သောအခါ အရွက်တို့သည် ဝင်းဝါ လာ၍ ကြွေကျကုန်သည်။

ထိုအပင်တို့မှ အဖိုပွင့် အမပွင့်ဟူ၍ အပွင့်နှစ်မျိုး ပွင့်သည်။ အဖိုပွင့် ပွင့်ပြီးမှ အမပွင့်ပွင့်သည်။ အဖိုပွင့်တို့သည် ကြောင်မီးတူ ပန်းခိုင်မျိုးနှင့်တူ၍ အပွင့်ကလေးများသည် အပွင့်တံ၏ ပတ်လည်၌ ထွက်ပွင့်ကြသည်။ ဆောင်းရာသီ၌ အဖိုဖွင့်ပွင့်ရန် လက်ညှိုးနှင့်တူသော ဖူးတံကလေးများ ထွက်စပြု၍ နွေကူးရာသီတွင် ရွှေဝါရောင်ပန်းခိုင်များသည် တွဲရရွဲကျလျှက် လှပစွာ ဖူးပွင့်ကြလေသည်။ အမပွင့်သည် အဖိုပွင့်ထက်သေး၍ ဆောင်းရာသီ၌ အရွက်များ ကြွေသည့်တိုင်အောင် ထိုအမပွင့်များ ကျန်ခဲ့သည်။ ထုအမပွင့်များမှ ကတော့ပုံ အသီးကလေးများ အစီအရီ သီးကြသည်။ အသီးထဲ၌ ပေါ့ပါး၍ အတောင်ကဲ့သို့အင်္ဂါပါသော အစေ့များရှိကြသည်။ ထိုအစေ့များသည် ဆောင်းလေဖြင့် လွင့်ပါးကြရာမှ အပင်များ ပြန့်ပွားခြင်း ဖြစ်လေသည်။

ဘုဇပတ်ပင်ကို သိရန်လွယ်ကူသော အချက်တစ်ရပ်မှာ အခေါက်များကို အလွယ်တကူခွာ၍ ရနိုင်ခြင်း ဖြစ်သည်။ အခေါက်များသည် ပေါ့၍ပါးသည်။ အချို့အခေါက်များသည် စက္ကူများကဲ့သို့ပါးလွှာသောအလွှာများ အထပ်လိုက်ပါရှိသဖြင့် ယင်းတို့ကို တထပ်စီခွာပြီးလျှင် စာရေး၍ရသည်။ ထိုအပင်မှ သစ်တုံး၏ အသားဆွေးသွား သည့်တိုင်အောင် အခေါက်မဆွေးဘဲ ကျန်ခဲ့သည်ဟုဆိုသည်။ တောင်းများ၊ သေတ္တာများကို ဘုဇပတ်သားနှင့် လုပ်ကိုင်ကြ၍၊ မြောက်အမေရိကတိုက်မှ တိုင်းရင်းသား အင်ဒီးယန်း လူမျိုးတို့သည် ကနူးခေါ် ဘောက်တူများကို ဘုဇပတ်အခေါက်ဖြင့် ပြုလုပ်ကြသည်။

ရုရှနှင့် စကန်ဒီ နေးဗီးယားစသော နိုင်ငံများတွင် ဘုဇပတ်အခေါက်ဖြင့် အိမ်အမိုး ပြုလုပ်ကြလေသည်။ ဘုဇပတ်သားကို အိမ်ထောင်ပရိဘောဂများ ပြုလုပ်ရန်၊ သင်္ဘောဆောက်ရန်၊ လယ်ယာသုံး ပစ္စည်းများ ပြုလုပ်ရန် အသုံးပြုကြသည်။ အချို့ဘုဇပတ်ပင်အမျိုးအစားတို့၏ အသားသည် နုညက်သဖြင့် အရောင်တင် ဆေးသုတ်၍ ကောင်းသည်။ ထို့ကြောင့် ဘုဇပတ်သားကို မဟော်ဂနီအတုအဖြစ် ရောင်းချကြသည်။

ဘုဇပတ်ပင်တို့သည် နေရာဒေသလိုက်၍ မျိုးစုကွဲပြားသွားသည်။ ဥရောပတိုက်၊ အာရှမိုင်းနား၊ ဆိုက်ဗီးရီးယား စသော ဒေသများ၌ အများဆုံး တွေ့ရသော ဘုဇပတ်ပင်တို့သည် ဗက်တျူလာ အယ်လဗာမျိုးစုဝင် ဖြစ်ကြသည်။ ယင်းတို့အား ဘုဇပတ်အဖြူ၊ သို့မဟုတ် ဘုဇပတ် ငွေရောင်ဟု ခေါ်ကြ၍ အသက်ရှည်ကြသော အပင်မျိုး မဟုတ်ချေ။ အမြင့်ပေ ၄ဝ-၅ဝ အထိ ရှိတတ်၍ လုံးပတ်အချင်းသည် တစ်ပေထက် ကျော်ခဲ့သည်။

အင်္ဂလန်၌ တွေ့ရသော ဘုဇပ်ပင်များသည် ဗက်တျူလာ အယ်လဗာမျိုးစုမှ မျိုးကွဲများဖြစ်၍၊ ဗက်တျူလာ ပူဗီဆင်းဟု ရုက္ခဗေဒအမည်ဖြင့် ခေါ်သော ဘုဇပတ် ငွေရောင်တို့ဖြစ်သည်။ ဘုဇပတ်ငွေရောင်၏ အခေါက်သည် အမြစ်ရင်းမှ သုံးလေးပေခန့်တွင် မည်း၍ ကြမ်းတမ်းသည်။ အကိုင်းအခက်တို့သည် အောက်ဘက်သို့ညွတ်ကျနေရာ ကြည့်၍ အလွန်လှပသည်။ ရိုးရိုးဘုဇပတ်ပင်၏ အခေါက်သည် အရင်းတွင်ချောမွတ်၍ နီရဲနေသည်။ ရုရှ နိုင်ငံတွင် ဘုဇပတ်ပင်မှ အခေါက်၊ အသား နှင့် အစေးတို့ကို အမျိုးမျိုး အသုံးပြုကြလေသည်။

မြောက်အမေရိကတိုက်တွင် ဘုဇပတ် ၁ဝ မျိုးခန့်ပေါက်ရောက်သော်လည်း ထင်ရှားသော ၅ မျိုးခန့်ကိုသာ ဖော်ပြလိုပေသည်။ ယင်းတို့သည် နှူးဖော်းလန်းဒေသမှ ဝါရှင် တန်ပြည်နယ်အထိ ပေါက်ရောက်ကြသည်။ ထိုဘုဇပတ် ၅ မျိုးတို့မှာ အခေါက်တွင် အဖြူခံ၌ အမည်းကွက်များ ပါရှိသော ဘုဇပတ်ဖြူ ( ဗက်တျူလာပေါ်ပျူ လီဖိုလီယာ )၊ စာရေးရနိုင်သော ပါးလွှာသည့် အခေါက်များရှိသည့် စက္ကူဘုဇပတ်၊ သို့မဟုတ် ကနူးဘုဇပတ် ( ဗက်တျူလာပပိုင်းရီဖဲရာ )၊ ဘုဇပတ်ပင်မျိုး အနက်အကြီးဆုံး အမြင့်ဆုံးဖြစ်သော ဘုဇပတ်ဝါ ( ဗက်တျူလာ လူတီးယား )၊ အနီရင့်ရောင်အကိုင်းနှင့် အခေါက်ရှိသော ဘုဇပတ်နီ (ဗက်တျူလာ နိဂရာ)၊ နှင့် အစေးကို အခေါက်မှ အဆီတစ်မျိုးထုတ်ယူနိုင်သောချယ်ရီဘုဇပတ် သို့မဟုတ် ဘုဇပတ်မည်း သို့မဟုတ် ဘုဇပတ်ချို ( ဗက်တျူလာလင်တာ ) တို့ဖြစ်ကြသည်။ ထို ၅ မျိုးလုံးမှ အဖိုးတန် သစ်များရရှိ၍ ဘုဇပတ်ဝါ၏ သစ်သည် အဖိုးအတန်ဆုံး ဖြစ်လေသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် ဘုဇပတ် ၃ မျိုးကို တွေ့ရသည်။ ယင်းတို့မှာ ဗက်တျူလာ ဆိုင်လင်ဒရို စတာချစ်၊ ဗက်တျူလာ ယူတီလစ်နှင့် ဗက်တျူလာ အယ်လနွိုက်ဒီးတို့ဖြစ် ကြသည်။ ပထမအမျိုးသည် ဟိမဝန္တာ တောင်တန်းအရှေ့ပိုင်း၊ နာဂတောင်တန်းနှင့် ငေါချန်း တောင်ကြားဒေသတို့တွင် ပေါက်ရောက်သည်။ အခေါက်သည် ပန်းရောင်၊ သို့မဟုတ် အနီရောင်ဖြစ်၍၊ သစ်ခေါက်ကို အရှည်လိုက်ခွာ၍ ရသည်။ အပင်အနေအားဖြင့် ဗက်တျူလာ အယ်လနွိုက်ဒီးနှင့် ဆင်တူယိုးမှား ဖြစ်သော်လည်း အခေါက်ချင်းကွာခြားလေသည်။

ဗက်တျူလာယူတီလစ်သည် အလတ်စား အပင်မျိုးဖြစ်သည်။ ဟိမဝန္တာတောင်တန်း တစ်လျှောက်၌ ပေါက်ရောက် သည်။ အမပွင့် တစ်ပွင့်ချင်း ပွင့်သည်။ အရွက်များသည် အောက်ဘက်၌ အမွေးထူသည်။ အခေါက်သည် ချောမွတ်တောက်ပြောင်၍ ဖြူတူတူ၊ ပန့်ဖျော့ဖျော့ အရောင်မျိုးရှိသည။ ထိုအခေါက်၌ စက္ကူကဲ့သို့အလွှာ များရှိသည်။ ထိုအလွှာများတွင် စာရေး၍ရသည်။ သစ်၏အသားသည် ပန်းဖျော့ဖျော့ အရောင်ရှိ၍ အဆောက်အအုံ ဆောက်ရန် အသုံးပြုကြလေသည်။

ဗက်တျူလာ အယ်လနွိုက်ဒီး ဘုဇပတ်မျိုးသည်လည်း အလတ်စား အပင်မျိုးဖြစ်သည်။ ဟိမဝန္တာတောင်တန်း အစအဆုံး တစ်လျှောက်၌ လည်းကောင်း၊ အာသံ၊ မဏိပူရတွင် လည်းကောင်း၊ မြန်မာနိုင်ငံ၌ ကလော၊ မေမြို့၊ ပခုက္ကူနယ်များနှင့် ဖို့ဟတ်ဇအရှေ့ရှိ တောင်ကုန်းဒေသများတွင် လည်းကောင်း ပေါက်ရောက်သည်။ အမ ပွင့်တို့သည် ၂ ပွင့်ဆိုင်၊ ၃ ပွင့်ဆိုင် ပွင့်သည်။ အရွက်များတွင် အမွေးမရှိချေ။ ထိုအပင်များကို ကချင်အမည်ဖြင့် လယန်းဟူ၍ လည်းကောင်း၊ ရှမ်းအမည်ဖြင့် ဟရီးယန်းဟူ၍ လည်းကောင်း ခေါ်ကြသည်။ အခေါက်သည် ညိုညစ်ညစ်အရောင်ရှိ၍၊ အလျားလိုက် အလွှာများ ခွာ၍ရသည်။ သစ်သားများကို ထိုဒေသများ၌သာ အသုံးပြုကြ လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)