ချစ်လေး (ဘုတလင်)

(ဘုတလင် ချစ်လေး မှ ပြန်ညွှန်းထားသည်)

၁။ အမည်ရင်း - ဦးချစ်မောင်ဦး၊
၂။ မိဘအမည် - ဦးဘဦး + ဒေါ်သန်းတင်၊
၃။ မွေးသက္ကရာဇ် - ၄၊ ၂၊ ၁၉၂၃၊
၄။ မွေးဖွားရာဒေသ - မန္တလေးမြို့၊
၅။ ကလောင်အမည်ခွဲများ - ခင်ပုန်းဆွေ၊ တက္ကသိုလ် မောင်မုန်းဆွေ၊ ချစ်မောင်ဦး၊ တက္ကသိုလ် အောင်ချစ်၊ ချစ်လေး။

ကိုယ်ရေးဖြစ်စဉ် ပြင်ဆင်ရန်

၁၉၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် တနင်္လာနေ့တွင် မန္တလေးမြို့၌ မွေးဖွားသည်။ အဖ ဦးဘဦး (ဓာတ်ပုံဆရာ၊ သတင်းထောက်) နှင့် အမိ ဒေါ်သန်းတင်တို့၏ သားကြီး ဖြစ်သည်။ အမည်ရင်းမှာ ဦးချစ်မောင်ဦး ဖြစ်ပြီး ငယ်နာမည်မှာ ချစ်မောင် ဖြစ်သည်။ ညီတစ်ဦးရှိရာ နာမည်မှာ ချစ်ဆောင် ဖြစ်သည်။ ငယ်စဉ်က ဘုတလင် ချစ်လေးသည် မန္တလေးမြို့တွင် သုံးတန်းအထိ ပညာ သင်ကြားသည်။ ခုနစ်နှစ်သား အရွယ်တွင် ဖခင်၏ ဇာတိဖြစ်သော ဘုတလင်မြို့သို့ ပြောင်းရွှေ့လာပြီး ဘုတလင်မြို့ အစိုးရ အထက်တန်း ကျောင်းတွင် ပညာ ဆက်လက် သင်ကြားသည်။

ဘုတလင်မြို့ အထက်တန်းကျောင်းမှ မြန်မာဆယ်တန်း စာမေးပွဲကို ၁၉၄၁ ခုနှစ်တွင် အောင်မြင်သည်။ ၁၉၄၂ ခုနှစ်တွင် မန္တလေးမြို့ အစိုးရ နော်မန်ကျောင်းမှ ဆရာဖြစ်သင်တန်း အောင်မြင်ခဲ့သည်။ ဂျပန်ခေတ်တွင် မုံဒိုင်ကျင်းရွာ၌ မူလတန်း ကျောင်းအုပ်အဖြစ် အမှုထမ်းခဲ့သည်။

မုံရွာခရိုင် အရာတော်မြို့နယ် အုတ်ရှစ်ကျေးရွာတွင် ဆန်စက်ပိုင်၏ သား၊ သမီးများကို စာသင်ပြရင်း ဆန်စက် မန်နေဂျာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အုတ်ရှစ်ကျေးရွာနေ တောင်သူ ဦးဖိုးသက်၊ ဒေါ်စံထယ်တို့၏ သမီး ဒေါ်လှခင်နှင့် အိမ်ထောင်ပြုခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အထိ ဘုတလင် အစိုးရ မူလတန်းကျောင်းတွင် ကျောင်းအုပ် အဖြစ် အမှုထမ်းခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွင် မုံရွာသို့ ပြောင်းရွှေ့လာပြီး ဆူးလေကုန်းရပ် ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းတွင် သင်္ချာဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။ သုခုမရိပ်သာ ဆရာ ဦးလှဖေနှင့် တွဲဖက်၍ ပန်းချီ အလုပ်ဖြင့် နှစ်နှစ် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် မုံရွာ ဝိဇ္ဇာညွန့် အလွတ်ပညာသင် ကျောင်းတွင်လည်း ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မုံရွာမှ အောင်မြင်သည်။ ၁၉၅၄ ခုနှစ်တွင် မန္တလေး တက္ကသိုလ်သို့ တက်ရောက် ပညာ သင်ကြားခဲ့ပြီး ဥပစာ (ခ) တန်း အထိ သင်ကြားခဲ့သည်။ ၁၉၅၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှ စ၍ မုံရွာမြို့ အမှတ် (၂) အစိုးရ အထက်တန်းကျောင်းတွင် မြန်မာစာပြ ဆရာ အဖြစ် အမှုထမ်းခဲ့ပြီး ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရိလ ၃ ရက်နေ့တွင် အငြိမ်းစား ယူခဲ့သည်။

ဂျပန်ခေတ်တွင် အာရှလူငယ် အစည်းအရုံး၌ ဉာဏဗလမှူးနှင့် ကာယဗလမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ခေတ်မှ စ၍ ဗမာ့ခေတ် သတင်းစာတွင် ကဗျာများ စတင် ရေးသားခဲ့သည်။ မန္တလေး တက္ကသိုလ် ကလောင်ရှင် အသင်း စတင်တည်ထောင်ရာ၌ တစ်ဦး အပါအဝင် ဖြစ်ပြီး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

မန္တလေး တက္ကသိုလ် နှစ်ပတ်လည် စာစောင်တွင် မြန်မာစာ စာတည်း အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့ပြင် အထက်မြန်မာနိုင်ငံ စာရေးဆရာ အသင်း အမှုဆောင် တစ်ဦး အဖြစ် လည်းကောင်း၊ ချင်းတွင်းဂျာနယ် အတိုင်ပင်ခံ စာတည်းအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ မုံရွာ လူငယ့်ရေးရာ ညကျောင်း၊ သက်ကြီး တက္ကသိုလ်တို့တွင်လည်း မြန်မာစာပြ ဆရာ အဖြစ် အမှုထမ်းခဲ့သည်။

တက္ကသိုလ် အောင်ချစ် ဟူသော ကလောင် အမည်ခွဲဖြင့်လည်း ဆောင်းပါးများ ရေးသားခဲ့သည်။ ဘုတလင်ချစ်လေး ကလောင် အမည်ဖြင့် ရေးသား ပြုစုခဲ့သော စာအုပ်များမှာ မြန်မာစာ အမြုတေ၊ စာပုလဲပန်း စာစီစာကုံးများ၊ ခေတ်ရေးအစမ်းစာများ၊ ကဗျာဟူသည်၊ ကချေသည်နှင့် အခြားကဗျာများ၊ မြကြေးမုံကဗျာများ၊ သနပ်ခါးတစ်ကွက် ရွှံ့တစ်စက် ကဗျာများ၊ ဘုတလင် ချစ်လေး၏ ကဗျာများ ဖြစ်သည်။ ကချေသည်နှင့် အခြားကဗျာများ စာအုပ်ဖြင့် ၁၉၆၂ ခုနှစ် အတွက် အနုပညာ စာပေဆု ကဗျာပေါင်းချုပ်ဆုကို ဆွတ်ခူး ရရှိခဲ့သည်။ ယင်းကဗျာ စာအုပ်ကို ၁၉၆၄ ခုနှစ်တွင် အင်္ဂလိပ် ကဗျာဆရာ၊ ဘာသာပြန်ဆရာ ကက်နက်ဘစိန်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ ထုတ်ဝေခဲ့သည်။

ဘုတလင်ချစ်လေးသည် ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ဇနီး ဒေါ်လှခင်၊ သားကိုရဲဝင်း၊ ကိုရဲဝေ၊ ကိုရဲနောင်၊ သမီး မခင်လေးဆွေ၊ မခင်မာဆွေ၊ မခင်ဝါဆွေ၊ မခင်မြတ်ဆွေချစ်၊ မခင်မျိုးဆွေချစ်၊ မခင်နိုင်နိုင်ဆွေချစ်၊ မြေး ရဲသွေးချစ်၊ မောင်ကောင်းထက်၊ မောင်မိုးစက်တို့ ကျန်ရစ်ခဲ့သည်။

ရေးသား ထုတ်ဝေခဲ့ပြီးသော စာအုပ်များ ပြင်ဆင်ရန်

၁။ မြန်မာစာ အမြုတေ ၁၉၅၆

၂။ မြန်မာစာ အမြုတေ ၁၉၅၉

၃။ မြန်မာစာ အမြုတေ ၁၉၆၀

၄။ မြန်မာစာ အမြုတေ ၁၉၆၁

၅။ စာပုလဲပန်း စာစီစာကုံးများ ၁၉၆၁

၆။ ကချေသည်နှင့် အခြားကဗျာများ (အနုပညာစာပေဆု) ၁၉၆၂-၆၄

၇။ ခေတ်ရေးအစမ်းစာများ ၁၉၆၅

၈။ မြကြေးမုံကဗျာများ ၁၉၆၈

၉။ ကဗျာဟူသည် ၁၉၆၈-၂၀၀၅

၁၀။ သနပ်ခါးတကွက် ရွှံ့တစက် ကဗျာများ ၁၉၈၂

၁၁။ ဘုတလင်ချစ်လေး၏ ကဗျာ ၁၉၉၅ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'