ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သည် မြန်မာနိုင်ငံရှိ ပညာရေးစနစ်ဟောင်းတစ်ခု ဖြစ်သည်။ လွန်ခဲ့သော ကြာမြင့်ပြီဖြစ်သည့် သမိုင်းကာလကပင် ရှိခဲ့ပြီး အနော်ရထာလက် ၁၁ ရာစုကပင် စခဲ့သည်။ ကျောင်းများသည် မြန်မာ့သမိုင်းတစ်လျှောက်အရေးပါသည့် ပညာရေးလိုအပ်ချက်များကို အထောက်အပံ့ ဖြစ်ခဲ့သည်။ ထို့အပြင် မင်းညီမင်းသားများမှစ၍ လက်လုပ်လက်စားများအထိ ပညာသင်ကြားရာ တစ်ခုတည်းသော နေရာလည်း ဖြစ်ခဲ့သည်။ ဤကျောင်းတော်များသည် မြန်မာတို့အား စာတတ်မြောက်စေရန်အတွက် ကူညီခဲ့သည့် ကျောင်းများ ဖြစ်သည်။ စာတတ်မြောက်မှုနှုန်းမှာလည်း ၁၉၀၀ ပြည့်နှစ်အစောပိုင်းကာလများတွင် အခြားသောအာဆီယံနိုင်ငံများထက် မြင့်မားသည်။ ၁၉၃၁ ခုနှစ်တွင် အသက်ငါးနှစ်ကျော်ပြီးသည့် အမျိုးသား ၅၆ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၁၆.၅ ရာခိုင်နှုန်းတို့သည် စာတတ်မြောက်ကြသည်။ ထိုအချိန်ကာလတွင် အိန္ဒိယတွင် အစီရင်ခံဖော်ပြခဲ့သည့် စာတတ်မြောက်သူဦးရေထက် ခန့်မှန်းခြေ လေးဆကျော် များသည့် ပမာဏဖြစ်သည်။[၁]

လက်ရှိအချိန်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် အခြေခံပညာရေးကို သင်ကြားပေးလျက်ရှိသည်။ ကျောင်းများတွင် များသောအားဖြင့် ချို့တဲ့သည့် မိသားစုများမှ ကလေးများနှင့် မိဘမဲ့ကလေးများသည် ပညာသင်ကြားကြသည်။ ပညာရေးစနစ်တွင် လိုအပ်လျက်ရှိသည့် ပညာရေးကွက်လပ်တစ်ခုကို ဖြည့်ဆည်းခြင်းပင် ဖြစ်သည်။ အတွက်အချက်နှင့် စာပေတတ်မြောက်ရန်အတွက် မူလတန်းကျောင်းသားများသည် ဘုန်းတော်ကြီးကျောင်းများတွင် သင်ကြားကြရသည်။ ထို့အပြင် ဗုဒ္ဓမြတ်စွာဘုရား၏ သင်ကြားပြသမှုများကိုလည်း သင်ကြားကြရသည်။ ကျောင်းများတွင် သင်ရိုးညွှန်းတမ်းအတိုင်းသင်ကြားခြင်း၊ ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာအခြေခံများကို သင်ကြားပြသပေးကြသည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ ပညာရေးအတွက် အရေးပါသည့် အခန်းကဏ္ဍသည် နှစ်များစွာကြာအောင် ရပ်စဲခဲ့ရသော်လည်း ၂၁ ရာစုကာလအထိ ၎င်းတို့၏ ပါဝင်ဆောင်ရွက်မှုသည် အရေးပါလျက်ရှိတုန်းပင် ဖြစ်သည်။ ယခုကာလတွင် ဤကျောင်းများသည် အစိုးရမူလတန်းကျောင်းများ၏ သင်ရိုးများအတိုင်း နွမ်းပါးချို့တဲ့သော ကလေးငယ်များကို သင်ကြားပေးလျက်ရှိသည်။

ပုံမှန်အားဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် အစိုးရကျောင်းများသို့ မတက်ရောက်နိုင်သည့် အနီးအနားရှိ မိသားစုမှ ကလေးငယ်များကို လက်ခံကာ သင်ကြားပေးကြသည်။ ရန်ကုန်နှင့် မန္တလေးရှိ ကျောင်းများသို့ ထိုဒေသရှိ မိဘမဲ့ကလေးများနှင့် အခြားသောရွာများ၊ မြို့ငယ်များရှိ မိဘမဲ့ကလေးများကို ထိန်းသိမ်းအုပ်ချုပ်သူ ရဟန်းများက စေလွှတ်ကာ ပညာသင်ကြားစေကြသည်။

ဤကျောင်းများသည် မြို့နယ်ရှိ ပညာရေးအာဏာပိုင်များနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ လုပ်ငန်းများနှင့် ငွေကြေးများမှာမူ အများပြည်သူ၏ ပူးပေါင်းမှုနှင့် အလှူငွေများစွာရရှိမှုတို့အပေါ် မှီခိုနေရသည်။ ကျောင်းတွင် သင်ကြားလျက်ရှိကြသည့် ကျောင်းသားများ၏ ကုန်ကျစရိတ်မှာ ဤလှူဒါန်းမှုများမှ သုံးစွဲကြသည်။ အချို့သော မိဘများသည် ကျောင်းတော်သို့ ပူးပေါင်းကူညီမှုများ အနည်းငယ်စီပြုလုပ်ကြသည်လည်း ရှိသည်။

၂၀၀၄ - ၂၀၀၅ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၁၁၉၀ ကျောင်းရှိပြီး ထိုကျောင်းများသည် မူလတန်းနှင့် အလယ်တန်းဆင့် ပညာရေးကို သင်ကြားပေးလျက်ရှိကာ မြန်မာနိုင်ငံရှိ ကျောင်းသားပေါင်း ၁၀၀၀၀၀ ကျော် တက်ရောက်ကာ သင်ကြားလျက်ရှိသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. J.R. Andrus in Burmese Economic Life, Stanford University Press, Stanford, California, 1946, pp. 36-37
  2. "Monasteries aid in teaching the needy"။ 2007-04-12 တွင် ပြန်စစ်ပြီး။ Archived from the original on 2006-11-14။