ဘေကာ
ဘေကာ (Captain George Baker) သည် အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ၏ ကိုယ်စားလှယ် ဖြစ်သည်။ အလောင်းမင်းတရားထံ ၁၇၅၅-ခုနှစ်တွင် လာရောက်၍ ကုန်သွယ်ရေး အခွင့်၊ ကုမ္ပဏီ တည်ထောင်ခွင့်၊ မဟာမိတ်စာချုပ် ချုပ်ဆိုခွင့်တို့ကို တောင်းဆိုသည်။ ထိုစဉ်က ကက်ပတိန်ဘေကာသည် ဟိုင်းကြီးကျွန်းစခန်းတွင် အခြေစိုက်လုပ်ငန်း ဆောင်ရွက်နေသူဖြစ်သည်။ အလောင်းမင်းတရား အောင်ပွဲရလာသည်ကို မြင်သောအခါ သန်လျင်နှင့် ဒဂုံတွင် ပြင်သစ်တို့နှင့် အပြိုင်ဖြစ်နေသော အင်္ဂလိပ်တို့က အလောင်းမင်းတရားဘက်သို့ ဦးအောင်ကပ်၍ အမြောက်သေနတ်၊ လက်နက် စသည့် အကူအညီပေးပါမည်ဟူသော ခံဝန်ချက်ဖြင့် ကုန်သွယ်ရေး အခွင့်အလမ်း လက်ဦးမှု ရရန်ကြိုးစားကြသည်။
ဒဂုံရှိ အင်္ဂလိပ် သင်္ဘောများက ပဲခူးသားများ ဘက်မှ ကူညီခဲ့သည်ကိုလည်း ပြေရာပြေကြောင်း ပြောဆိုလိုသည်။ ထို့ကြောင့် ၁၇၅၅-ခုနှစ်တွင် ကက်ပတိန်ဘေကာနှင့် လက်ဖတင်နင် နောသ် (Lt. North) တို့ကို အလောင်းမင်းတရားကြီးထံ ရွှေဘိုသို့ အရှေ့အိန္ဒိယကုမ္ပဏီက ကိုယ်စားလှယ် စေလွှတ်ခြင်း ဖြစ်သည်။ နောသ်မှာ လမ်းခရီး ပုဂံတွင် ကွယ်လွန်သွားသည်။
ဘေကာသည် အလောင်းမင်းတရားကြီးကို အနီးကပ် တွေ့မြင်ဖူးမြှော်ခွင့် ရခဲ့သူလည်း ဖြစ်သည်။ လျှောက်ထားခွင့်၊ မေးမြန်းသမျှကို ဖြေကြားလျှောက်တင်ခွင့်လည်း ရခဲ့သည်။ ထို့ကြောင့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ပုံဟန်၊ စိတ်နေသဘောထား စသည်တို့ကို အကဲခတ်မိသည့် အတိုင်း မှတ်စုရေးခဲ့သည်။ ဘေကာ၏ အဆိုအရ-
အလောင်းမင်းတရားသည် အသက် ၄၅-နှစ်ခန့် ရှိ၏။ အရပ် ၅-ပေ ၁၁လက်မခန့် မြင့်သည်။ ကြံ့ခိုင်မာကျောသော ကိုယ်ကာယ ရှိ၏။ အသားညိုညို၊ မျက်နှာသွယ်သွယ် ရုပ်ရည်ခတ်ကြမ်းကြမ်း ဖြစ်သည်။ ကျောက်ပေါက်မာ သက်သက်ရှိသည်။ အရေးကိစ္စ ဆောင်ရွက်ရာ၌ လေးနက်တည်ကြည်သော အမူအရာ ရှိသည်။ ရာဇဣန္ဒြေနှင့် ပြည့်စုံသည်။ စိတ်ထားမြန်ဆန်၍ အာဏာပြင်းသည်။ မကြောက်မရွံ၊ မဆုတ်မနစ် ဆောင်ရွက်တတ်သော သူရသတ္တိရှိကြောင်း ထင်ရှားသည်။ ယင်းသူရသတ္တိနှင့် မိမိ၏ စစ်သည်ရဲမက်များကို ကြပ်ကြပ်မတ်မတ် ထိန်းကွတ်အုပ်ချုပ်၍ မင်းအဖြစ် ရရှိခဲ့သူ ဖြစ်သည်။
ဘေကာ ဝင်ရောက်ဖူးမျှော်စဉ်က အလောင်းမင်းတရားသည် မင်းဝတ်တန်ဆာ ဆင်ယင်လျက် ရာဇပလ္လင်ပေါ်တွင် ရှိနေသည်။ သားတော်ကြီး နှစ်ပါးက ရာဇပလ္လင်အောက် တစ်ဖက်တစ်ချက်တွင် ထိုင်လျက်ရှိသည်။ ဝန်ကြီးမှူးကြီးများလည်း ဗောင်းနားတောင်း ဝတ်လုံစလွယ်ဆင်လျက် ခစားနေကသြည်။ဘုရင်မင်းမြတ်က ဘေကာအား စိုက်ကြည့်လျက် "မောင်မင်းတို့ဘုရင် မာရဲ့လား၊ အသက်ဘယ်လောက် ရှိပြီလည်း၊ တိုင်းတပါးမင်းများနှင့် သင့်မြတ်ရဲ့လား"ဟု မေးသည်။ ဘေကာက လျှောက်ပတ်စွာ ဖြေဆိုလျှောက်ထားသည်။ သို့သော် မင်းတရားကြီးသည် ဒဂုံ၌ အင်္ဂလိပ်သင်္ဘောများက ကတိသစ္စာမတည်၊ ပဲခူးသားများကို ကူညီသည်ကို အခဲမကြေပုံ ပြောဆိုသည်။ ဘေကာမှာ ဝမ်းနည်းပါကြောင်းမျှသာ လျှောက်တင်နိုင်သည်။
ဘေကာတွင် ပါလာသော ရာဇသံကို ဖတ်လျှောက်ရာတွင် မင်းတရားကြီးအား အင်္ဂလိပ်တို့က အကူအညီပေးနိုင်ကြောင်း ပါသဖြင့် အားပါးတရ ရယ်သည်။ထို့နောက် ငါကိုယ်တော်မြတ်က အကူအညီတောင်းဘူးလို့လား၊ သည်လိုများ မထင်လိုက်နဲ့၊ သုံးနှစ်အတွင်း မောင်မင်းတို့ရဲ့ အမြောက်သေနတ် အကူအညီ မပါဘဲ ရန်သူကို ချေမှုန်းပြီး အာဏာစက်ဖြန့်ခဲ့တယ်။ အဝကို ဖျက်ဆီးတဲ့ ပဲခူးသားတွေကိုလည်း ဝါးရင်းတုတ်နဲ့ပဲ တိုက်ခိုက်နှိမ်နင်းခဲ့တယ် မဟုတ်လား ဟု မာန်ပါပါ မိန့်တော်မူသည်။ရာဇသံတွင် မဟာမိတ် စာချုပ်လက်မှတ်ရေးထိုးရန် အပိုဒ်သို့ ရောက်သောအခါ မင်းတရားကြီး ဟက်ဟက်ပက်ပက် ရယ်ပြန်သည်။ ဒီစာကို ဘယ်အရူး ရေးသလဲ ဟုမေးသည်။ ဆက်လက်၍ ဒီဓားကို ကြည့်စမ်း၊ ရန်သူကို နှိမ်နင်းလာတာ သုံးနှစ်ရှိပြီ ဓားတုံးခါနီးနေပြီ၊ ရန်သူမှန်သမျှ ပျက်ပြုန်းတဲ့အထိ ဒီဓားနပဲ တိုက်ဦးမယ်၊ ဘာအကူအညီမှ မလိုဘူးကွ ဟု တိတိပြတ်ပြတ် မိန့်တော်မူသည်။
ဘေကာသည် နေပြည်တော် ရွှေဘိုမြို့ကိုလည်း ဤသို့မြင်သည်။
ရွှေဘို(မုဆိုးဘို) မြို့သည်စတုရန်းပုံ ဖြစ်သည်။ တစ်ဖက် တာတစ်ထောင်ခန့် ရှိမည်ဟု ထင်ရသည်။ အုတ်မြို့ရိုးသည် ၁၂ ပေထူ၍ ပေ ၂၀ မြင့်သည်။ အိမ်ခြေ လေးသောင်းခန့်ရှိသည်။ မြေပြန့်ပေါ်တွင် တည်ထားသော မြို့ဖြစ်သည်။ မြစ်မှ ၁၂ မိုင်ခန့် ဝေးသည်။ သဲမြေ၊ ဆားမြေပေါ၍ ဆားချက်လုပ်ငန်း ရှိသည်။ ယမ်းစိမ်းအမြောက်အများလည်း ရှိသည်။ ယမ်းစိမ်းကို ဘေကာ မျက်စိကျသည်။ အလွန်လိုချင် မက်မောရှိသည်။ သို့သော်လည်း ယမ်းစိမ်းကို ပြည်ပသို့ ထုတ်ခွင့်မရခြေ။ ထိုစဉ်က ရူဘီငွေ တစ်ကျပ်လျှင် ဆန် ၁၅ တင်း ရသည်။ ဆန်ပေါ၍ ဘေကာအလွန် အားရကျေနပ်သည်။ ပုသိမ်နယ်မှ ထွက်သောဆန်သည် အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ တည်ရှိရာ မဒရပ်ကမ်းခြေ မိုင်၂၀ တဝိုက်ကို ထမင်းအဝကျွေးနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပုသိမ်တွင် ကုန်သွယ်ရေး အခြေစိုက်စခန်းချလိုသည်။
ဤကား ကက်ပတိန်ဘေကာ ဖူးမြင်ခဲ့ရသော အလောင်းမင်းတရား၏ ရုပ်ပုံလွှာနှင့် ရွှေဘိုမြို့တော်အကြောင်း တစေ့တစောင်းဖြစ်သည်။
ကုန်သွယ်ရေးဆက်သွယ်ရန် ဟူသော အကြောင်းရင်းဖြင့် လာရောက်သော ဘေကာသည် ကုန်သွယ်ရေးစာချုပ် မချုပ်ဆိုနိုင်ခဲ့ပေ။ သို့သော် နောင်အခါ စစ်ရေးလိုအပ်ချက် အထောက်အကူပြုနိုင်မည့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အနေအထားများကို မှတ်တမ်းယူသွားသည်။ မြေပုံလည်း ဆွဲသွားခဲ့သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မကြန် ရေး၊ မြန်မာ့သမိုင်းနှင့် ဆက်နွယ်သော အနောက်နိုင်ငံသားများ (ပကြိမ်၊ ၂၀၀၅၊ ဒီဇင်ဘာလ) စာ-၂၉