ဘေဖီးလ်(Dr.G.T.Bayfield)သည် မေဂျာဗားနေး သံအဖွဲ့တွင် ဆရာဝန်အဖြစ်ပါလာသူ ဖြစ်သည်။ ဘုရင်မင်းမြတ် စစ်ကိုင်းမင်းက ဘေဖီးလ်ကို သဘောမကျချေ။ ရပ်သူရွာသားများကလည်း သူ့ကို ဆေးသမားဟုခေါ်ကြသည်။ မြန်မာများအပေါ် မောက်မာကြွားဝါလိုသူ ဖြစ်၏။

ရန်ကုန်မြို့ရှိ နိုင်ငံခြားသား ကုန်သည်များ၏ ပြဿနာ အရပ်ရပ်ကို ဖြေရှင်းရန် ဗားနေ၏ လက်ထောက်ကိုယ်စားလှယ်အဖြစ် ရန်ကုန်သို့ ပို့ထား၍ ၁၈၃၇-ခုနှစ်မှ ၁၈၃၈-ခုနှစ်အထိ ရန်ကုန်တွင် နေရသည်။ ဘေဖီးလ်အား ထိုသို့ပို့ထားသည်ကို နေပြည်တော်မှ အသိအမှတ် မပြုချေ။ ရန်ကုန်မြို့ဝန်နှင့် ပထမတွင် သင့်သင့်တင့်တင့် ရှိသည်။

ထိုစဉ်က ရန်ကုန်ရှိ နိုင်ငံခြားကုန်သည်များ သင်္ဘောသားများ၏ ပြဿနာများကား ရှုပ်ထွေးများပြားလှသည်။ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲတွင် မြန်မာတို့ အရေးနှိမ်ခဲ့သဖြင့် ရန်ကုန်ရှိ မြန်မာအာဏာပိုင်တို့အပေါ် မလေးမခန့်ပြုမူကြသည်။ ဗြိတိသျှသံကိုယ်စားလှယ် မရှိ၍ မြန်မာအာဏာပိုင်တို့၏ မတရားညှဉ်းပန်းနှိပ်စက်မှုကို ခံရပါသည်ဟု ​ ဗြိတိသျှအိန္ဒိယအစိုးရထံ တိုင်တန်းမှု များလှသည်။

မည်မျှ မှန်သည်မှားသည်ကို မည်သို့မျှ မသိနိုင်ချေ။ နိုင်ငံခြားသား ကုန်သည်အချင်းချင်း မနာလိုမှု၊ တစ်ဦးကို တစ်ဦး တိုက်ခိုက်ရန်ဆောင်မှုများလည်း ရှိ၏။ ထိုအမှုများကို ဖြေရှင်းပေးမည့်သူ မရှိချေ။ သင်္ဘောသူကြီး အချို့ကလည်း သေလုမျောပါး ဖြစ်နေသော သင်္ဘောသား လူနာကို ဆိတ်ကမ်းတွင် ပစ်ချထားခဲ့တတ်သည်။ သင်္ဘောသူကြီးကို မည်သူကမျှ အမိန့်မပေးနိုင်ချေ။

ရန်ကုန်မြို့ဝန်၏ အမိန့်ကို မနာခံ အာခံကြသည်။ အချို့ အင်္ဂလိပ်ကုန်သည်များက မဒရပ်ရူပီကို အတုလုပ် ထုတ်ကြသည်။ နိုင်ငံတော်က ပိတ်ပင်ချမှတ်ထားသော ဥပဒေကို ချိုးဖောက်၍ ကျောက်သံပတ္တမြား စသော ရတနာများ၊ ပစ္စည်းများကို ပြည်ပသို့ ခိုးထုတ်ကြသည်။ ဘင်ဂေါကုန်သည်ကြီးများအသင်းက ရန်ကုန်တွင် သံကိုယ်စားလှယ် ခန့်ထားရန် တောင်းဆိုသည်။ ဘေဖီးလ်ကို လက်ထောက်သံကိုယ်စားလှယ်အဖြစ် ထားသော်လည်း ပြဿနာများ အပြေလည်ဘဲ ရှိနေသည်။ ရန်ကုန်မြို့ဝန်အသစ်နှင့်လည်း မသင့်မတင့် ဖြစ်လာသည်။ နေပြည်တော်မှလည်း ဘေဖီးလ်ကို အသိအမှတ် မပြုသဖြင့် ဘေဖီးလ်လုပ်ဆောင်သမျှသည် မြန်မာအာဏာပိုင်တို့၏ အခွင့်အာဏာကို ဝင်စွက်သကဲ့သို့ ဖြစ်နေလေသည်။

ဘေဖီးလ်သည် ရန်ကုန်တွင် ၉ လကြာမျှ အမှုထမ်းနေခဲ့သည်။ ကောင်စစ်ဝန် တစ်ဦး၏ အာဏာကို ကျင့်သုံး၍ ရန်ကုန်ရှိ အင်္ဂလိပ်နှင့် အင်္ဂလိပ်သစ္စာခံ နိုင်ငံခြားသားများကို အုပ်ထိန်းသည်။ သူ၏ရုံးတွင် လာရောက်စာရင်းတင်ကြရသည်။ အင်္ဂလိပ်နှင့် အင်္ဂလိပ်သစ္စာခံ ကုန်သည်အချို့ ထောင်ထောင်လွှားလွှား ရှိကြသည်။ မြန်မာအာဏာပိုင်များကို မထေမဲ့မြင် အတိုက်အခံပြုကြသည်။ ၁၈၃၇ ခုနှစ်တွင် ဘာနေပြန်သွားသောအခါ ထိုသံရာထူးကို ဘင်ဆင်က ဆက်ခံသည်။ ဘေဖီးလ်ကို ရန်ကုန်တွင် ဆက်လက်ထားသော်လည်း မြန်မာမင်း၏ အသိအမှတ်ပြုခြင်းကိုဘမခံရချေ။ ရန်ကုန်မြို့ဝန်အသစ်နှင့်လည်း အဆင်မပြေဖြစ်ကြသည်။ အင်္ဂလိပ်နှင့် အင်္ဂလိပ်သစ္စာခံ ကုန်သည်အချို့ကလည်း ရန်ကုန်တွင် သံကိုယ်စားလှယ် ထားသည်ကို မလိုလားကြချေ။ မြန်မာအရာရှိများနှင့် သံကိုယ်စားလှယ်တို့အကြားတွင် ခလောက်ဆန်ကြသည်။ ရန်ကုန်မြို့ဝန်က နေပြည်တော်မှ အသိအမှတ်မပြုသောကြောင့် ဘေဖီးလ်ကို အဆက်အသွယ်မလုပ်။ သူငှါးရမ်းနေထိုင်သော အိမ်မှ ထွက်ခွာသွားရန် အမိန့်ပေးသည်အထိ ဖြစ်ကြသည်။

ဘေဖီးလ်ကိုယ်တိုင် မြန်မာစည်းကမ်းဥပဒေကို မလိုက်နာ၊ သူ့ထံပို့သော စာများ၊ ပါဆယ်များကို အကောက်ရုံးသို့ မပို့ဘဲ သူ့ထံတိုက်ရိုက်ပို့ရမည်ဟု တောင်းဆိုသည်။ အကောက်ရုံးတွင် သူ့ပါဆယ်များ၊ စာများဖွင့်ကြည့်သည်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။

ဤကား မြန်မာမင်းက အသိအမှတ်ပြုခြင်း မခံရသော ရန်ကုန်နေ လက်ထောက်သံကိုယ်စားလှယ် ဘေဖီးလ်၏ အတွေ့အကြုံဖြစ်သည်။ သက်ဆိုင်ရာ အာဏာပိုင်များက ပြန်ခေါ်၍ ၁၈၃၈ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ရန်ကုန်မှ အပြီး ထွက်ခွာသွားသည်။ ဘေဖီးလ်သည် ၁၈၃၈ -ခုနှစ်အတွင်း မိုးကောင်းဒေသကို သွား၍ ကျောက်တွင်းများကို လေ့လာခဲ့သည်။

Historical Review of the Political Relations between the British Government in India and the Empire of Ava, from the earliast date on record to the present year အင်္ဂလိပ် မြန်မာ ဆက်ဆံရေးစာတမ်းကို ပြုစုသည်။ ယင်းစာတမ်းကို ဗားနေးက ပြုပြင်ဖြည့်စွက် ရေးသားသည်။[]

  1. မကြန် ရေး၊ မြန်မာ့သမိုင်းနှင့် ဆက်နွယ်သော အနောက်နိုင်ငံသားများ (ပကြိမ်၊ ၂၀၀၅၊ ဒီဇင်ဘာလ) စာ-၃၃