ဘောလယ်မြစ် ပြင်ဆင်ရန်

ဘောလယ်မြစ်သည် ပဲခူးတိုင်း အင်းစိန်ခရိုင်နှင့် ဧရာဝတီတိုင်း မအူပင်ခရိုင် ကို ပိုင်းခြားထားသကဲ့သို့စီးဆင်းလျက်ရှိသော မြစ်ဖြစ်သည်။တော်လတဲ့ရွာ အထက်နားမှနေ၍ လှိုင်မြစ်မှ အနောက် ဘက်သို့ခွဲထွက်ပြီးနောက် တစ်ဖန် တောင်ဘက်သို့စီးဆင်း လာကာ ကုက္ကိုဝ ရွာအနားတွင် ကုက္ကိုဝမြစ်ထဲသို့စီးဝင်သည်။ ကုက္ကိုဝမြစ်သည်လည်း ထန်းတပင်မြို့အထက်နား၌ လှိုင်မြစ်မှ အနောက်ဘက်သို့ခွဲထွက်လာသော မြစ်ဖြစ်သည်။ ဘောလယ် မြစ်တစ်လျှောက်အနီး ဝန်းကျင်တွင် အင်းများ အလွန်ပေါ သဖြင့် အင်းကုန်းများ ကူးသန်းရောင်းဝယ်ရာတွင် ဘောလယ် မြစ်သည် အလွန် အသုံးဝင်သည်။ ဥတုသုံးပါးစလုံးတွင် လှေသင်္ဘောများ သွားလာနိုင်သည်။

ဘောလယ်မြစ်ပေါ်တွင် တည်ရှိသော ထင်ရှားသည့် မြို့ရွာများမှာ ဘောလယ်၊ နဲသမိန်၊ ညောင်ဆိပ်၊ ချောင်းဂွ၊ ဓာတ်တော်ကုန်း၊ တော်လတဲ့ စသည်တို့ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)