ပင်မမီနူးကို ဖွင့်ရန်

မက္ကင်းနစ်ပညာပြင်ဆင်

ရှေးပဝေဏီက လူတို့သည် စက် အကြောင်းကို ဘာမျှ မသိနားမလည်ကြသေးသော်လည်း နေ့စဉ်နှင့်အမျှ လုပ်ကိုင် လျက်ရှိသော သူတို့၏ လုပ်ငန်းဆောင်တာများသည် စက် သဘော သက်ရောက်လျက်ရှိခဲ့ပေသည်။ တုတ်တစ်ချောင်းဖြင့် အရာဝတ္ထုတစ်ခုကို ရွှေ့လိုက်သောအခါ၌လည်းကောင်း၊ ပစ္စည်း တစ်ခုကို အမြင့်သို့ တင်လိုက်သောအခါ၌လည်းကောင်း၊ စက် သဘော သက်ဝင်သည်ကို သူတို့မသိကြချေ။ သို့သော် အချိန် ကာလအားလျော်စွာ အသိပညာဉာာဏ် တိုးတက်လာ၍ စက် သဘောကို တဖြည်းဖြည်း သိရှိလာကြသောအခါ လေးသော ဝန်ကိုရွှေ့ရာ၌ တုတ်များကို ကုတ်ကဲ့သို့ အသုံးပြုနိုင်ကြောင်း သဘောပေါက်လာကြသည်။ ထိုအတူ စောင်ပြင်ကို အသုံးပြု ခြင်းအားဖြင့် သက်သက်သာသာနှင့် လေးသောဝန်ကို အမြင့်သို့ တင်နိုင်ကြောင်းကိုလည်း သိလာခဲ့ကြသည်။ စက်ဟုဆိုလျှင် မောင်းတံမောင်းလက်၊ ဘီးစသည်တို့ဖြင့် ရှုပ်ထွေးစွာ တပ်ဆင် စီစဉ်ထားသော အဆောက်အအုံဟုသာ ထင်မှတ်တတ်ကြသည်။ စက်တိုင်းလည်း ထိုကဲ့သို့ အဆောက်အအုံများ မဟုတ်ကြပေ။ ဆိတ်ချိုတူ၊ တူးရွင်း၊ မောင်းတက်၊ ကွမ်းညှပ်စသော ပစ္စည်း များသည် တစ်နည်းအားဖြင့် စက်များပင်ဖြစ်ကြသည်။ ထိုစက် မျိုးကို အခြေခံစက်မျိုးဟု ခေါ်သည်။ ကျွန်ုပ်တို့သိရှိကြသော သဘေ‡ာစက်၊ လွှစက်၊ ဆန်စက် စသော ရှုပ်ထွေးစွာတပ်ဆင် စီစဉ်၍ ခုတ်မောင်းနေကြသည့်စက်များကား ထိုအခြေခံစက်မျိုး များပေါ်တွင် အခြေပြု၍တည်ဆောက်ထားသော စက်များသာ ဖြစ်ကြလေသည်။

အခြေခံစက်မျိုးများကို-

  1. ကုတ်၊
  2. ရစ်လုံးနှင့် ရစ်တံ၊
  3. စက်သီး၊
  4. စောင်းပြင်၊
  5. သပ်၊
  6. စက်အူဟူ၍ ၆ မျိုးပိုင်းခြားထားသည်။


ရှုပ်ထွေးစွာတပ်ဆင် ထားသော စက်များမှာ ထိုအခြေခံစက်မျိုးများကို တစ်မျိုး၊ နှစ်မျိုး၊ သုံးမျိုးစသည်ဖြင့် စုပေါင်းဆက်စပ်၍ စီစဉ်ထားခြင်း ပင်ဖြစ်သည်။ ထိုကြောင့် ဤကမ္ဘာကြီးတွင် တိုးတက်လျက်ရှိ သော စက်ကိရိယာတို့၏ အခြေခံဖြစ်သော ဤစက် ၆ မျိုးကို ကျွန်ုပ်တို့ သိအပ်လှပေသည်။

ကုတ်ဟူသည်မှာ လည်ချက်ကိုအကြောင်းပြု အသုံးချရ သော မာကျောသည့် တုတ်တံ တုတ်ချောင်းများပင် ဖြစ်သည်။ သံတူးရွင်း၊ မောင်းတက်၊ ဇာဂနာ၊ ချိန်ခွင်ပေါင် စသော အသုံး အဆောင်များသည်လည်း ကုတ်အမျိုးအစားတွင် ပါဝင်သည်။ ကုတ်၏သဘောကို အောက်ပါပြယုဂ်ဖြင့် သိသာနိုင်၏။ မီတာတံတစ်ခုကို အလည်တည့်တည့်၌ ဖောက်၍ ဆွဲ ထားပါ။ ထိုအခါ မီတာတံသည် ဆွဲထားရာအချက်၌ လည်နိုင် သောကြောင့် ထိုအချက်ကို လည်ချက်ဟုခေါ်သည်။ ဂရမ် ၅ဝ အလေးကို လည်ချက်နှင့် ၃ဝ စင်တီမီတာကွာသော နေရာ၌ဆွဲ ထား၍ လည်ချက်၏ အခြားတစ်ဖက်တွင် ဂရမ် ၁ဝဝ အလေး ကို ဆွဲပြီးလျှင် မီတာတံကို ရေပြင်ညီတန်းနေအောင် ညှိပေးပါ။ ထိုသို့ညှိပေး၍ ရေပြင်ညီတန်းနေသောအခါ ဂရမ် ၁ဝဝ အလေး သည် လည်ချက်နှင့် ၁၅ စင်တီမီတာအကွာ၌ ရှိသည်ကို တွေ့ရ လိမ့်မည်။ အလေးကို အမျိုးမျိုးပြောင်း၍ဖြစ်စေ၊ အကွာအဝေး ကို အမျိုးမျိုးပြောင်း၍ဖြစ်စေ စမ်းသပ်ကြည့်ပါ။ မီတာတံသည် ရေပြင်ညီတန်းနေသည့် အခါတိုင်းတွင် လည်ချက်၏ တစ်ဖက် တစ်ချက်၌ ဆွဲချထားသော အလေးများနှင့် ထိုအလေးတို့၏ လည်ချက်မှအကွာအဝေးတို့၏ မြှောက်ရကိန်းချင်း တူညီနေ သည်ကို တွေ့ရလိမ့်မည်။

လည်ချက်ပြင်ဆင်

၃ဝ စင်တီမီတာ ၁၅ စင်တီမီတာ

၅ဝ ဂရမ် ၁ဝဝ ဂရမ်ပြင်ဆင်

အထက်ပါ မီတာတံတွင် တွေ့ရသည့်အတိုင်း

၅ဝ ဂရမ် * ၃ဝ စင်တီမီတာ = ၁ဝဝ ဂရမ် * ၁၅ စင်တီမီတာ ၁၅ဝဝ = ၁၅ဝဝ

ဤအချက်တွင် ၅ဝ ဂရမ်ကို စိုက်အားဟုခေါ်နိုင်၍ ၁ဝဝ ဂရမ်ကို ဝန်ဟုခေါ်နိုင်သည်။ လည်ချက်နှင့်စိုက်အား၏ အကွာအဝေးကို စိုက်အားမောင်းတံဟူ၍လည်းကောင်း၊လည်ချက် နှင့် ဝန်အကွာအဝေးကို ဝန်မောင်းတံဟူ၍လည်းကောင်း ခေါ် သည်။

လည်ချက်ပြင်ဆင်

ထိုကြောင့် ကုတ်၏သဘောမှာ စိုက်အားနှင့် စိုက်အား မောင်းတံ၏ မြှောက်ရကိန်းသည် ဝန်နှင့် ဝန်မောင်းတံတို့၏ မြှောက်ရကိန်းနှင့် တူညီခြင်းပင်ဖြစ်၏။ ဤမူအရ စိုက်အား မောင်းတံကို ရှည်ရှည်ထား၍ ဝန်မောင်းတံကို တိုတိုထားခြင်း အားဖြင့် စိုက်အားနည်းနည်းနှင့် အလွန်လေးသောဝန်ကို ပင့်နိုင် တွန်းရွှေ့နိုင်လေသည်။ ပုံပမာ၊ စိုက်အားမောင်းတံကို ပေ ၁၅ဝ ထားပြီးသော် စိုက်အား ၁ဝ ပိဿာလောက်နှင့် ဖိချမည်ဆိုလျှင် ဝန်မောင်းတံ ၁၅ ပေတွင် ဝန်ပိဿာ ၁ဝဝ ကို မနိုင်လေသည်။

၁ဝဝပိဿာ * ပေ ၁၅ဝ = ၁ဝဝ ပိဿာ * ပေ ၁၅ ၁၅ဝဝ = ၁၅ဝဝ လည်ချက်၏ တည်နေပုံနေရာကိုလိုက်၍ ကုတ်များကို သုံးမျိုးသုံးစား ခွဲခြားထားသည်။

ပထမအမျိုးမှာ ဝန်နှင့် စိုက်အားတို့သည် လည်ချက်၏ တစ်ဖက်တစ်ချက်တွင်ရှိ၍ ဝန် သည် လည်ချက်နှင့်သာ၍နီးသည်။ ထိုကြောင့် သာမန်စိုက်အား ဖြင့် အလွန်လေးလံသောဝန်ကို ဤကုတ်မျိုးနှင့် ကော်လျှင် ရနိုင်သည်။ ပြယုဂ်မှာ သံတူးရွင်း၊ ရေမောင်းတက် စသည်တို့ ဖြစ်ကြ၏။

ဒုတိယ အမျိုးမှာ စိုက်အားနှင့် လည်ချက်တို့သည် အစွန်းတစ်ဖက်စီ၌ရှိ၍ ဝန်သည် ထိုနှစ်ခု၏ အကြား၌ရှိသည်။ ပြယုဂ်မှာ ကွမ်းညှပ်ဖြစ်၏။

တတိယအမျိုးမှာ စိုက်အားသည် လည်ချက်နှင့် ဝန်တို့၏ အကြား၌ရှိ၍ ပြယုဂ်မှာ မီးညှပ်၊ ဇာဂနာ စသည်တို့ ဖြစ်လေသည်။

လည်ချက်ပြင်ဆင်

စိုက်အား ဝန် ထို့ကြောင့် အခြေခံစက်တစ်မျိုးဖြစ်သည့် ကုတ်၏ သဘောကို အသုံးချကာ စိုက်အားနည်းနည်းကို စိုက်အား မောင်းတံရှည်ရှည်ဖြင့်တွဲ၍ အသုံးပြုခြင်းအားဖြင့် စိုက်အား ထက် လေးသည်ကို မနိုင်ပေသည်။ မော်တော်ကားကို ဂျက်နှင့် ထောက်မပုံ၊ သစ်တုံးကိုကုတ်နှင့် ကော်ပုံတို့မှာ ကုတ်သဘော ကို အသုံးချထားပုံ သာဓကများပင် ဖြစ်လေသည်။ ရစ်လုံးနှင့် ရစ်တံ၏ သဘောမှာ စွန်လွှတ်ကစားရာ၌ အသုံးပြုသော ရစ်လုံး၏သဘောပင်ဖြစ်သည်။ ဝင်ရိုးတံတစ်ခု တည်းပေါ်တွင် ရစ်လုံးအကြီးတစ်ခုနှင့် အငယ်တစ်ခုကိုတပ်ဆင် ထားသည်ဆိုပါစို့။ ရစ်လုံးများကို ဘီးဟုခေါ်၍ ရစ်တံမှာ ဝင်ရိုး ပင်ဖြစ်သည်။ ဘီးနှစ်ခုစလုံးပေါ်တွင် ကြိုးတစ်ချောင်းစီတပ်ထား ခဲ့သော်၊ ဘီးအကြီးရှိကြိုးတွင် စိုက်အားပေးခြင်းအားဖြင့်၊ ဘီး ငယ်ရှိကြိုးမှ စိုက်အားထက်လေးသော ဝန်ကိုမနိုင်လေသည်။ သဘောမှာ ကုတ်သဘောအတိုင်းဖြစ်၏။ ကျောက်ဆူးနုတ်စက်၊ တက်မကိုင်ဘီး၊ ကြံရည်ကြိတ်စက် စသည်တို့သည် ရစ်လုံးနှင့် ရစ်တံသဘောကို အသုံးချထားသည့် သာဓကများပင် ဖြစ်လေ သည်။

အခြားအခြေခံစက်တစ်မျိုးမှာ စက်သီးဖြစ်၍ စက်သီး သေနှင့် စက်သီးရှင်ဟူ၍ နှစ်မျိုးနှစ်စားရှိ၏။ စက်သီးသေတွင် စိုက်ထုတ်ရသောအားသည် တိုးပွားခြင်းမရှိသော်လည်း စိုက်အား ၏ လားရာလမ်းကြောင်းသည် ပြောင်းလဲသွားသည်။ ဤစီစဉ်ပုံ မျိုးတွင် ဝန်တစ်ခုကို တိုက်ရိုက်ဆွဲတင်ရသည်ထက် စက်သီး ဖြင့် ဆွဲတင်ရသည်က သက်သာသည်။ ရေငင်ရာတွင် ကြိုးကို အောက်သို့ဆွဲချခြင်းအားဖြင့် ရေပါလာသောပုံးသည် အပေါ်သို့ ရောက်လာသည်။ ဤတွင် စိုက်အားတစ်ပေရွေ့လျှင် ဝန်လည်း တစ်ပေသာ မြင့်တက်သည်။ သို့သော် စက်သီး၏ အကူအညီ ကြောင့် ရေပုံးကို တိုက်ရိုက်ဆွဲမတင်ရဘဲ ကြိုးကို ဆွဲချရုံနှင့် ရေပုံးတက်လာသည့်အတွက် ရေငင်ရသူအဖို့ သက်သာသည်။ စက်သီးရှင်တွင်မူ စက်သီးကို ကြိုးနှစ်ပင်ဖြင့် ဆိုင်းထား၍ ဝန်ကို စက်သီးတွင်ချိန်ထားသည်။ ယင်းသို့ဖြင့် ဆိုင်းကြိုး တစ်ပင်သည် ဝန်၏တစ်ဝက်ကို ထိန်းထားရသောကြောင့် စိုက် အားသည် ဝန်၏တစ်ဝက်နှင့် ညီမျှလေသည်။ ထိုကြောင့် စက်သီးသေဖြင့် ဝန်တစ်ခုကို လူ ၆ ယောက် ဆွဲရလျှင် အထက်ပါ စက်သီးရှင်မျိုးဖြင့် လူ ၃ ယောက်သာ ဆွဲရန်လို ပေသည်။

စက်သီးတစ်လုံးကို အသေတပ်ထား၍ အခြားစက်သီး တစ်လုံး နှစ်လုံး စသည်တို့ကို အရှင်တပ်ထားသော အစီအစဉ် မျိုးကိုလည်း ပြုလုပ်နိုင်သည်။ ဤအစီအစဉ်မျိုးဖြင့် အထက် ဖော်ပြပါ စက်သီးမျိုးမှာထက် ဝန်ကို ပို၍ဆွဲတင်နိုင်၍ ဤနည်း ကို ကုန်တင်ကုန်ချ မောင်းတံများတွင် အသုံးပြုလေ့ရှိကြသည်။


အလေးချိန်စီးသော အရာဝတ္ထုတစ်ခုခုကို အမြင့်သို့ ဆွဲ တင်လိုသောအခါ တည့်တည့်မတ်မတ်ဆွဲတင်မည့်အစား စောင်း ပြင်ဖြင့် ကုန်းဘောင်ထိုးပြီးနောက် လှိမ့်၍သော်လည်းကောင်း၊ တွန်း၍သော်လည်းကောင်း သက်သက်သာသာ တင်နိုင်သည်။ ယင်းသို့ စောင်းပြင်ဖြင့် တွန်းတင်ခြင်းအားဖြင့် ပြီးမြောက်သော အလုပ်သည် တည့်တည့်မတ်မတ်ဆွဲတင်ရသောအခါ ပြီးမြောက် သောအလုပ်နှင့် အတူတူပင်ဖြစ်၏။ ရှေးခေတ်အီဂျစ်လူမျိုးတို့ သည် ပိရမစ်ခေါ် အလွန်ကြီးမားသော ထုချွန်ပုံအဆောက်အအုံ ကြီးများကိုတည်ဆောက်ကြစဉ်က စောင်းပြင်များကို အသုံးပြုခဲ့ ကြသည်ဟု ဆိုလေသည်။

သင်၏သဘောမှာ စောင်းပြင်နှစ်ခုစပ် သဘောပင် ဖြစ် သည်။ ပုဆိန်များ၊ ဓားများ၊ ဆောက်များသည် သပ်များပင်ဖြစ် ကြ၏။

ဝက်အူ၏သဘောမှာလည်း စောင်းပြင်၏ သဘောပင် ဖြစ်သည်။ ဝက်အူတွင် ဝက်အူရစ်တစ်ခုနှင့် နောက်တစ်ခု၏ အကွာအဝေး သို့မဟုတ် ဝက်အူရစ်၏ အထူအပါးသည် တည့် တည့်မတ်မတ် အမြင့်ဖြစ်သည်။ ဝက်အူ၏အဝန်းသည် စောင်း ပြင်၏ အလျားဖြစ်သည်။ လက်သမားသုံး ဝက်အူများအပြင် ဂျက်ကဲ့သို့ လက်ကိုင်တပ်၍ လှည့်ရသော ကိရိယာများသည် လည်း ဝက်အူရစ်ဖြင့်ပင် မြေ|ာက်ရသည်။ သာမန်အားဖြင့် လက်ကိုင်တစ်ပတ်လည်လျှင် ဝက်အူတစ်ထစ် အဆင်းသော် လည်းကောင်း၊ အတက်သော်လည်းကောင်း ရှိတတ်ပေသည်။ ဤကား မက္ကင်းနစ်ခေါ် ရူပဗေဒပညာရပ်ခွဲတွင် အရင်း ခံဖြစ်သည့် အခြေခံစက် ၆ မျိုး၏ သဘောဖြစ်၍ ရှုပ်ထွေးလှ သော လျှပ်စစ်ဒိုင်နမို၊ လျှပ်စစ်မိုတာတို့မှာ ဤအခြေခံစက် ၆ မျိုးကို မူတည်ထားသည့် ပစ္စည်းများသာ ဖြစ်ကြလေသည်။

တံတားများကို ဖြတ်ကျော်သောအခါ အများဆုံး ဝန် ၁ဝ တန် စသည်ဖြင့် ရေးမှတ်ထားသည်ကို တွေ့ရဘူးကြပေ မည်။ ယင်းသို့ ရေးမှတ်ထားခြင်းမှာ ရမ်းဆ၍ ရေးထားခြင်း မဟုတ်ချေ။ တံတားမဆောက်လုပ်မီကပင် အင်ဂျင်နီယာသည် တံတား၏ပုံစံကို တိကျစွာရေးဆွဲပြီးနောက် တံတားမည်မျှ အလေးစီးမည်၊ ဝန်အများဆုံး မည်မျှခံနိုင်မည် စသည်တို့ကို အသေအချာတွက်ချက်ပြီးမှ ဤသို့ မှတ်သားဖော်ပြထားခြင်း ဖြစ်ပေသည်။ တံတားတောက်လုပ်ရာ၌ ဖြစ်စေ၊ အဆောက်အအုံ ဆောက်လုပ်ရာ၌ဖြစ်စေ ဖြစ်ပေါ်လာသောအားတို့သည် ရွေ့လျား ခြင်းမရှိ၊ တည်ငြိမ်မြဲမြံစွာရှိကြ၏။ ယင်းသို့ တည်ငြိမ်လျက်ရှိ သော အားအကြောင်းနှင့်စပ်လျဉ်း၍ ဖော်ပြသော စက်ပညာကို စတက်တစ်ပညာ ဟုခေါ်သည်။ ထိုတည်ငြိမ်သောအားကို မျှတသောအားဟုလည်း ခေါ်သည်။ အားများသည် မျှတမှုရှိ သောအခါ တည်ငြိမ်လျက်ရှိလေသည်။

အရာဝတ္ထုတစ်ခုခုပေါ်သို့ သက်ရောက်သောအားသည် မျှတမှုမရှိသောအခါ တည်ငြိမ်၍မနေဘဲ လှုပ်ရှားရွေ့သွားလေ သည်။ ရေနွေးငွေ့ဖြင့်မောင်းသော အင်ဂျင်စက်တွင် ပြွတ်တံ ခေါင်း(ပစ်စတန်)ပေါ်သို့ သက်ရောက်သော ရေနွေးငွေ့အားသည် တစ်ဖက်သတ်အားကြီးနေသောကြောင့် ပြွန်ကြပ်လှုပ်ရှားရသည်။

ထိုလှုပ်ရှားမှုသည် ပြွတ်တံခေါင်းမှ မောင်းတံသို့၊ မောင်းတံမှ အခြားကိရိယာ အစိတ်အပိုင်းများသို့ ရောက်သွားကာ စက်ကို လည်စေသည်။ မီးရထားတွင် ယင်းသို့ မမျှတသောအား သက်ရောက်မှုကြောင့် နောက်ဆုံး၌ မီးရထားတစ်ခုလုံး လှုပ်ရှား ရွေ့သွားရခြင်း ဖြစ်လေသည်။ ဤသို့ ရွေ့သွားမှုရှိသော စက် ပညာကို ဒိုင်နမစ်ပညာ ဟုခေါ်သည်။

မမျှတသောအား သက်ရောက်မှုကြောင့် ရွေ့သွားခြင်း ဖြစ်ပေါ်လာပုံကို တစ်စုံတစ်ရာ အထောက်အခံမရှိသည့် အရာ ဝတ္ထုတစ်ခုဖြင့် ပြသနိုင်သည်။ ထိုအရာဝတ္ထုတို့ မြေသို့ကျရခြင်း မှာ မြေ၏ဆွဲအားကြောင့်ဖြစ်သည်။ မြေဆွဲအားသည် ကျလာ သော အရာဝတ္ထုတို့တွင် တသမတ်တည်းသောတိုးရှိန်ကို ဖြစ်စေ သည်။ ထိုတိုးရှိန်မှာ ပျမ်းမျှအားဖြင့် စက္ကန့်တိုင်းတွင် တစ် စက္ကန့်လျှင် ၃၂ ပေနှုန်းနှင့်တိုးလာသည်။ အတိုကောက်အားဖြင့် ၃၂ ပေစက္ကန့်စက္ကန့် ဟုဆိုရ၏။ ငြိမ်သက်စွာတည်နေရာမှ ကျဆင်းလာသော အရာဝတ္ထုတစ်ခုသည် တစ်စက္ကန့်တွင် ၁၆ ပေ၊ နှစ်စက္ကန့်တွင် ၆၄ ပေ၊ သုံးစက္ကန့်တွင် ၁၄၄ ပေသို့ ကျ ဆင်းလာသည်။ ယင်းသို့ ကျဆင်းသည့် ခရီးအကွာအဝေးကို s= ut + 1/2 f*t2 ဟူသော ပုံသေနည်းဖြင့် တွက်ယူကြရသည်။ ထိုပုံသေတွက်နည်းတွင်

s သည် ခရီးအကွာအဝေး (ပေပေါင်း)၊

u သည် ပင်ကိုယ်အသွားနှုန်း၊

t သည် ကြာသောအချိန် (စက္ကန့်ပေါင်း)၊

f သည် တိုးရှိန် (၃၂ feet per second square) တို့ဖြစ် လေသည်။

ဤနည်းဖြင့် လေယာဉ်ပျံတစ်စင်းပေါ်မှ အရာဝတ္ထု တစ်ခုသည် အထက်နည်းအတိုင်းကျဆင်းလာခဲ့လျှင် ၁ဝ စက္ကန့် တွင် ပေပေါင်းမည်မျှကျမည်ကို တွက်ယူနိုင်သည်။ အထက်တွင် တိုးရှိန်မှာ ၃၂ ပေ ဖြစ်ရာ ပုံသေနည်း

s = ut + 1/2 f*t2

s = ၀* ၁ဝ + ၁/၂ * ၃၂ * (၁ဝ) s= ဝ + ၁/၂ * ၃၂ * ၁ဝဝ s= ၁၆ဝဝ ပေပေါင်း

တစ်စုံတစ်ရာ အထောက်အခံမရှိလျှင် မည်သည့် အရာဝတ္ထုမဆို မြေသို့ကျရသည်။ ကျရသည်မှာ မြေကြီးက ဆွဲသောကြောင့်ပင် ဖြစ်သည်။ မြေဆွဲအားသည် ကျသောအရာဝတ္ထုတို့တွင် တသ မတ်တည်းသောတိုးရှိန် ဖြစ်စေသည်ဟူသော တွက်နည်းကိန်း များကို ရှေးဦးစွာ စတင်ဖော်ပြသူမှာ ဂယ်လီလေအို အမည်ရှိ သော သိပ္ပံပညာကျော်ပင်ဖြစ်သည်။ ဂယ်လီလေအိုခေတ်မတိုင်မီ က လေးလံသောအရာဝတ္ထုသည် ပေါ့ပါးသောအရာဝတ္ထုထက် အကျမြန်သည်ဟု ယုံမှတ်ခဲ့ကြသည်။ ထိုယူဆချက် မှားယွင်းပုံ ကို ဂယ်လီလေအိုသည် ပီစာမြို့ရှိ ယိုင်နေသော မျှော်စင်ထက်မှ အမြောက်ဆံနှင့် သေနတ်ကျည်ဆံတို့ကို တစ်ပြိုင်တည်းချပြခြင်း အားဖြင့် ထင်ရှားစေခဲ့သည်။ ထိုနောက် နျူတန်အမည်ရှိသော သိပ္ပံပညာကျော်ခေတ်တွင် ကြေးပြားဝိုင်းနှင့် ငှက်တောင်ကို လေမရှိသောပြောင်းလုံးအတွင်း၌ ပြိုင်တူချကြည့်ရာ ကျပုံချင်း တူသည်ကို သိရှိခဲ့ကြပြန်လေသည်။

တိုးတက်လျက်ရှိသော ယခုခေတ် သိပ္ပံပညာတွင် စက် အမျိုးမျိုးကို အသုံးပြုလျက် ရှိကြ၏။ ထိုပြင် ရွေ့သွားပုံကို အကြောင်းပြု၍ အလင်းလှိုင်းများ၊ အိပ်စရေးလှိုင်းများ၊ ဝိုင်ယာ လက် စသည်တို့ကိုလည်း လေ့လာသင်ကြားလျက် ရှိကြရာ၊ အမျိုးမျိုးသော ရွေ့ရှားမှုတို့သည် နျူတန်၏ ရွေ့ရှားမှုစည်းများ မှ ပေါက်ဖွားလာသော ဒိုင်နမစ်ပညာပေါ်တွင် အမှီပြုလျက်ရှိ လေသည်။

နျူတန်၏ ရွေ့လျားမှုစည်းမှာ ၃ ခုရှိ၏။ ယင်းတို့ မှာ

(၁) ပြင်ပမှ အားတစ်ခုခုသက်ရောက်ခြင်း မရှိသမျှ ကာလ ပတ်လုံး အရာဝတ္ထုတိုင်းသည် တည်ငြိမ်၍သော်လည်းကောင်း၊ တစ်သမတ်တည်း ဖြောင့်ဖြောင့်ရွေ့၍ သော်လည်းကောင်း နေ သည်။

(၂) အဟုန်၏ပြောင်းလဲပုံသည် သက်ရောက်သောအား ၏ လားရာအတိုင်းပင် ဖြစ်သည်။

(၃) သက်ရောက်မှုတိုင်းတွင် တူညီ၍ ဆန့်ကျင်ဘက်ကျသော တုံ့ပြန်မှုအစဉ်ရှိသည်။[၁]


ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)