နိကိုလို မက္ကီအာဗဲလီသည် အီတာလျံလူမျိုး ထင်ရှား သော နိုင်ငံပြုသုခမိန်နှင့် စာရေးဆရာဖြစ်သည်။ နိုင်ငံရေး၌ အလွန်လိမ္မာကျွမ်းကျင်၍ ပရိယာယ်ကြွယ်ဝသူဖြစ်၏။ မက္ကီအာ ဗဲလီသည် ၁၄၆၉ ခုနှစ် မေလ ၃ ရက်နေ့တွင် အီတလီပြည် ဖလော်ရင့်မြို့၌မွေးဖွားသည်။ သူသည် ကျကျနန ပညာဆည်းပူး သင်ယူရသည်မဟုတ်ဘဲ အလွတ်လေ့လာ သင်ယူခဲ့ရ၏။ မက္ကီ အာဗဲလီ၏ ငယ်ရွယ်စဉ်ဘဝအကြောင်းကို အသေအချာ မသိရ ပေ။ မက္ကီအာဗဲလီသည် မဲဒီချီတို့ ဖလော်ရင့်မြို့မှ နှင်ထုတ်ခံရ ပြီးနောက် ၄ နှစ်အကြာ ၁၄၉၈ ခုနှစ်မှစ၍ ထင်ရှားလာပေ သည်။ သူသည် ဖလော်ရင့်သမ္မတနိုင်ငံ ကောင်စီအဖွဲ့၏ အတွင်းရေးမှူးအဖြစ် ၁၄ နှစ်တိုင်တိုင် အမှုထမ်းသည်။ ဤသို့ ထမ်းဆောင်ခဲ့စဉ် နေရာအနှံ့အပြားသို့ သွားရောက်၍ ခက်ခဲ နက်နဲသော နိုင်ငံရေးဆက်သွယ်မှု ကိစ္စများတွင် တာဝန်ယူခဲ့ရ သည်။ ဤသို့အားဖြင့် မက္ကီအာဗဲလီသည် ထိုခေတ်က ဆိုးသွမ်း ရာ၌ ကျော်ကြားသည့် ဆီဇာဗောဂျနှင့် ကြုံတွေ့အဆက်အသွယ် ပြုခဲ့ရပြီးလျှင် ကောင်းသောနည်းဖြင့် ပြုလုပ်သည်ဖြစ်စေ၊ မကောင်းသောနည်းဖြင့် ပြုလုပ်သည်ဖြစ်စေ မိမိရည်ရွယ်ရင်း အောင်မြင်ခြင်းသည်သာ ပဓာနဟူသော ဗောဂျ၏ဝါဒကို နှစ်သက်အားကျမိလေသည်။


၁၅၁၂ ခုနှစ်၌ မဲဒီချီဆွေမျိုးစု တန်ခိုးအာဏာပြန်လည် ရရှိသောအခါ မက္ကီအာဗဲလီသည် ရာထူးမှနုတ်ပယ်ခြင်း ခံရရုံ သာမကဘဲ ထောင်သွင်းအကျဉ်းချ ည|ဉ်းပန်း နှိပ်စက်ခြင်းကိုပင် ခံရ၏။ သို့သော် ပုပ်ရဟန်းမင်း ဒဿမလီယိုက ခွင့်လွှတ် သဖြင့် လွတ်မြောက်ခဲ့ရလေသည်။ ယင်းသည့်နောက် မက္ကီအာဗဲ လီသည် နိုင်ငံရေးတွင် စိတ်မဝင်စားတော့ဘဲ စာပေများကို ရေးသားခဲ့၏။ သမိုင်း၊ ကဗျာနှင့်ဟာသပြဇာတ် အများအပြား ရေးသားခဲ့သည်။ ဉာာဏ်သစ်အရေးပုံခေတ် စာပေဘက်တွင် ထင်ရှားသူတစ်ဦးဖြစ်လေသည်။


မက္ကီအာဗဲလီသည် 'ဖလောရင့်သမိုင်း'၊ 'စစ်အတတ်'၊ 'လီဗီ၏ပထမ ၁ဝ အုပ်ကိုဆွေးနွေးခြင်း'၊ 'မင်းသား' မည်သော စာအုပ်ဖြင့် ထင်ရှားခဲ့ပေသည်။ ထိုစာအုပ်တွင် တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူသည် ရည်မှန်းချက်တစ်ခု ပြီးမြောက် အောင်မြင်ရန် ဆောင်ရွက်ရမည့်နည်းလမ်းများအတွက် စိုးရိမ် ကြောင့်ကြ ဖြစ်နေစရာမလိုဟူသော သဘောတရားကို လိမ္မာ ကျွမ်းကျင်စွာ ဖော်ပြထားလေသည်။ သူသည် ရန်သူတို့ကို နှိမ်နင်းရန်နှင့် မိမိ၏ တိုင်းသူပြည်သားများက မိမိ၏ အမိန့်ကို နာခံလာစေရန်အတွက် မည်မျှပင်ယုတ်မာသည့် နည်းလမ်းများ ဖြစ်စေကာမူ အသုံးပြုရမည်ဟုလည်း ဆိုလေသည်။ အာဏာ လက်ရှိ ပြုထားနိုင်ရေးအတွက် လိုက်နာရမည့် ကျင့်စဉ်များကို လည်း ဖော်ပြထားသည်။ မက္ကီအာဗဲလီသည် ၁၅၂၇ ခုနှစ် ဇွန်လတွင် ကွယ်လွန်သည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)