မက်တယ်လ်လစ်ကာ
မက်တယ်လစ်ကာ (အင်္ဂလိပ်: Metallica) အဖွဲ့သည် အမေရိကန်ပြည်ထောင်စုမှ ဟဲဗီးမက်တယ်လ် ဂီတအဖွဲ့တစ်ခု ဖြစ်သည်။ တီးဝိုင်းကို ၁၉၈၁ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့တွင် အဆိုရှင် ဂစ်တာသမား ဂျိမ်းစ်ဟက်ဖီးဒ် နှင့် ဒရမ်သမား လားစ် အူးရစ်ချ် တို့မှ တည်ထောင်ခဲ့ကာ သက်တမ်းတလျှောက် အများအားဖြင့် ဆန်ဖရန်စစ္စကိုမြို့ တွင် အခြေစိုက်ခဲ့သည်။[၁][၂] ဂီတအဖွဲ့၏ လျင်မြန်သော တန်ပိုများ၊ တူရိယာ တီးခတ်မှုများနှင့် ပြင်းထန်သော ဂီတသမားစိတ်တို့ကြောင့် သရက်ရှ် မက်တယ်လ် ၏ ဧရာမ ၄ ဖွဲ့တွင် မက်ဂါဒက်သ်၊ အန်းသရက်ရှ် နှင့် စလေယာ တို့နှင့် အတူ ပါဝင်ခဲ့သည်။ မက်တယ်လ်လစ်ကာ အဖွဲ့တွင် လက်ရှိ ပါဝင်သူများမှာ စတင်တည်ထောင်သူနှင့် တေးရေးဆရာများ ဖြစ်ကြသော ဟက်ဖီးဒ် နှင့် အူးလ်ရစ်ချ်၊ အချိန်ကြာမြင့်စွာ ပါဝင်ခဲ့သူ လိဒ်ဂစ်တာသမား ကတ်ခ်ဟမ်းမတ်၊ ဘေ့စ်ဂစ်တာသမား ရောဘတ် ထရူဂျီလို တို့ ဖြစ်သည်။ ယခင်က ပါဝင်ခဲ့သူများမှာ ဂစ်တာသမား ဒေ့ဗ် မတ်စတိန်း (မက်တယ်လစ်ကာမှ ထုတ်ပယ်ခံရပြီး မက်ဂါဒက်သ် အဖွဲ့ကို တည်ထောင်ခဲ့သည်။)၊ ဘေ့စ်ဂစ်တာသမား ရွန် မက်ဂေါ့ဗနီ၊ ကလစ်ဖ် ဘာတွန် (၁၉၈၆ ခုနှစ်တွင် ဆွီဒင်၌ ဘတ်စ်ကား မတော်တဆမှုဖြင့် ကွယ်လွန်သည်။) နှင့် ဂျေဆန် နယူးစတက်ဒ်တို့ ဖြစ်ကြသည်။
Metallica | |
---|---|
မက်တယ်လစ်ကာ အဖွဲ့အား ၂၀၀၈ ခုနှစ် အိုတူး အေရီနာတွင် တွေ့ရစဉ်၊ ဝဲမှယာသို့ Kirk Hammett, Lars Ulrich, James Hetfield နှင့်Robert Trujillo | |
ကိုယ်ရေး အချက်အလက်များ | |
မူလတိုင်းပြည် | လော့စ်အိန်ဂျယ်လိစ်မြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်။ |
ဂီတဟန် | ဟဲဗီးမက်တယ်လ်, သရက်ရှ်မက်တယ်, စပိမက်တယ်, ဟတ်ဒ်ရော့ခ် |
တက်ကြွသည့်နှစ်များ | ၁၉၈၁မှ ယခု |
တေးသံသွင်း ကုမ္ပဏီ | အီလက်ထရာ, ဗာတီဂို, မက်ဂါဖို့စ်, ဝါနာဘရော့စ် |
ဝက်ဘ်ဆိုက် | metallica.com |
လက်ရှိအဖွဲ့ဝင်များ |
|
အဖွဲ့ဝင်ဟောင်းများ |
|
မက်တယ်လစ်ကာသည် အန်ဒါဂရောင်း ဂီတလောကတွင် ပရိသတ်များ များပြားလာခဲ့ပြီး သူ၏ ပထမဆုံး အယ်လ်ဘမ် ၅ ခုအတွက် ဂီတဝေဖန်သူများ၏ ချီးကျူးမှုကို ရရှိခဲ့သည်။[၃] မက်တယ်လစ်ကာ၏ ၁၉၈၆ ခုနှစ်တွင် ထုတ်ဝေခဲ့သော မာစတာ အော့ဖ် ပါပက် အယ်လ်ဘမ်သည် သရက်ရှ်မက်တယ် လောကတွင် အပြင်းထန်ဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံး အယ်လ်ဘမ် အဖြစ် ဖော်ပြခြင်း ခံရသည်။ အဖွဲ့၏ အမည်နှင့် ဆင်တူ ထုတ်ဝေသော ၁၉၉၁ ခုနှစ်ထုတ် မက်တယ်လ်လစ်ကာ အမည်ရှိ အယ်လ်ဘမ်ကြောင့် မက်တယ်လ်လစ်ကာ အဖွဲ့သည် ဟဲဗီးမက်တယ်လောကတွင် ခိုင်မာစွာ နေရာယူနိုင်ခဲ့ပြီး သာမန် သူသူငါငါ ပရိသတ်များကို ဖမ်းစားနိုင်ခဲ့ကာ ယနေ့အထိ အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ပြားချပ်ရေ ၁၆ သန်း ရောင်းချခဲ့ရသဖြင့် ဆောင်းစကန်ခေတ်၏ အရောင်းရဆုံး ဓာတ်ပြား ဖြစ်ခဲ့သည်။ ဂီတအမျိုးအစား အမျိုးမျိုးနှင့် ဦးတည်ရာ လမ်းကြောင်းအမျိုးမျိုးကို နောက်ပိုင်းတွင် စမ်းသပ်ထုတ်ဝေခဲ့ပြီးနောက် ၉ ချပ်မြောက် အယ်လ်ဘမ်တွင် မက်တယ်လ်လစ်ကာသည် "ဒက် မက်ဂနက်တစ်" (၂၀၀၈ခုနှစ်) အမည်ရသော အယ်လ်ဘမ်ဖြင့် သရက်ရှ်မက်တယ်သို့ ပြန်သွားခဲ့ပြီး ထိုအယ်လ်ဘမ်သည်လည်း ပထမပိုင်း အယ်လ်ဘမ်များကဲ့သို့ ချီးကျူးခြင်း ခံခဲ့ရသည်။
၂၀၀၀ ခုနှစ်တွင် မက်တယ်လ်လစ်ကာသည် အချင်းချင်း ဖိုင်ဝေမျှသည့် ဝန်ဆောင်မှုဖြစ်သော နက်ပ်စတာ အား ဦးဆောင် တရားစွဲခဲ့ပြီး ထိုတရားစွဲမှုတွင် မက်တယ်လ်လစ်ကာနှင့် အခြားအနုပညာရှင်များက သူတို့၏ မူပိုင်ခွင့် သတ်မှတ်ထားသော အနုပညာပစ္စည်းများကို ခွင့်ပြုချက် မရှိဘဲ ဝေမျှခြင်း အတွက် တရားစွဲခဲ့ခြင်း ဖြစ်သည်။ တရားရုံးတွင် ဖြေရှင်းပြီးနောက် နက်ပ်စတာသည် ပိုက်ဆံပေး၍ အသုံးပြုရသော ဝန်ဆောင်မှု အဖြစ် ၂၀၀၃ ခုနှစ်တွင် ပြောင်းလဲခဲ့သည်။ မက်တယ်လ်လစ်ကာသည် ၂၀၀၄ ခုနှစ်တွင် ချီးကျူးမှုများစွာ ရခဲ့သော မှတ်တမ်းရုပ်ရှင်ဖြစ်သည့် "မက်တယ်လ်လစ်ကာ။ မကောင်းဆိုးဝါးတစ်မျိုး" အမည်ရသည့် ရုပ်ရှင်ဖြင့် ချီးကျူးခြင်း ခံရပြီး ထိုရုပ်ရှင်မှာ ဂီတအဖွဲ့၏ အဋ္ဌမမြောက် ဒုက္ခများစွာရောက်ခဲ့ရသည် အယ်လ်ဘမ် "စိန့် အန်းဂါး" (၂၀၀၃) နှင့် ထိုစဉ်က ဂီတအဖွဲ့အတွင်း ပဋိပက္ခများကို ရိုက်ကူးတင်ပြထားခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် မက်တယ်လ်လစ်ကာသည် ရော့ခ်အင်ရိုးလ် ကျော်ဇောသူ ခန်းမစာရင်းသို့ ဝင်ရောက်ခဲ့သည်။ မက်တယ်လ်လစ်ကာသည် ၂၀၁၃ တွင် အိုင်မက်စ် ၏ ဂီတဖျော်ဖြေပွဲ ရုပ်ရှင်ဖြစ်သော "မက်တယ်လ်လစ်ကာ။ သရူး သည် နဲဗား" အတွက် ဇာတ်ညွှန်းရေးသား သရုပ်ဆောင်ခဲ့ပြီး ထိုရုပ်ရှင်တွင် သရဲဇာတ်လမ်းနှင့် အတူ ဂီတအဖွဲ့မှ လိုက်ဗ် ဖျော်ဖြေခဲ့သည်။
မက်တယ်လ်လစ်ကာသည် စတူဒီယို အယ်လ်ဘမ် ၁၀ ခု၊ လိုက်ဗ် ဖျော်ဖြေမှု အယ်လ်ဘမ် ၄ ခု၊ ကာဗာ အယ်လ်ဘမ် ၁ ခု၊ သီချင်းတစ်ပုဒ်တည်း အယ်လ်ဘမ် ၃၇ ခု နှင့် ဂီတ ဗွီဒီယို ၃၉ ခုကို ထုတ်ဝေခဲ့သည်။ မက်တယ်လ်လစ်ကာသည် ဂရမ်မီဆုအတွက် ၂၃ ကြိမ် လျာထားခြင်းခံရပြီး ဂရမ်မီဆု ၉ ကြိမ် ရရှိခဲ့ကာ မက်တယ်လ်လစ်ကာ အယ်လ်ဘမ်မှ အစပြု၍ နောက်ဆုံး အယ်လ်ဘမ် ၆ ခုသည် ဘီလ်ဘုတ် ၂၀၀ စာရင်းတွင် နံပါတ် ၁ အဖြစ် ရောက်ရှိခဲ့သည်။ မက်တယ်လ်လစ်ကာသည် အချိန်တိုင်းအတွက် စီးပွားရေးအရ အအောင်မြင်ဆုံး တီးဝိုင်းများထဲတွင် တစ်ခု အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တကမ္ဘာလုံး၌ အယ်လ်ဘမ်ပေါင်း ၁၂၅ သန်း ရောင်းချပြီး ဖြစ်သည်။[၄] မက်တယ်လ်လစ်ကာသည် "ရိုးလင်း စတုန်း" ကဲ့သို့သော မဂ္ဂဇင်းမျိုးတွင် အခမ်းနားဆုံး အနုပညာရှင် အဖြစ် စာရင်းသွင်းဖော်ပြခြင်း ခံရပြီး ရိုးလင်းစတုန်း၏ အချိန်တိုင်းအတွက် အခမ်းနားဆုံး အနုပညာရှင် ၁၀၀ တွင် နံပါတ် ၆၁ အဆင့် သတ်မှတ်ခံရသည်။[၅]နေးလ်ဆန် ဆောင်းစကန် မှ ၁၉၉၁ ခုနှစ်တွင် စတင် ကောက်ယူခဲ့သော စာရင်းအရ မက်တယ်လ်လစ်ကာသည် တတိယမြောက် အရောင်းရဆုံး အနုပညာအဖွဲ့ ဖြစ်ပြီး[၆] အမေရိကန်ပြည်ထောင်စုတွင် အယ်လ်ဘမ်ပေါင်း စုစုပေါင်း ၅၈ သန်း ရောင်းချခဲ့ရသည်။[၇]
ကိုးကား
ပြင်ဆင်ရန်- ↑ "Metallica's Black Album turns 25: Here's how local record stores reacted to its sales in 1991"၊ San Francisco Chronicle၊ August 12, 2016။ April 20, 2018 တွင် ပြန်စစ်ပြီး။
- ↑ Band History။ April 20, 2018 တွင် ပြန်စစ်ပြီး။
- ↑ Raguraman၊ Anjali။ "Metallica shakes it up"၊ The Straits Times၊ October 31, 2016။ May 12, 2017 တွင် ပြန်စစ်ပြီး။
- ↑ Savage၊ Mark။ "Metallica to get 'Nobel Prize of music'"၊ BBC၊ February 14, 2018။ March 23, 2018 တွင် ပြန်စစ်ပြီး။
- ↑ Metallica – 100 Greatest Artists။ Rolling Stone (December 3, 2010)။ 23 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 12, 2017 တွင် ပြန်စစ်ပြီး။
- ↑ Eminem Marks Sales, Hot 100 Milestones။ Billboard (March 21, 2014)။ 10 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 7, 2014 တွင် ပြန်စစ်ပြီး။
- ↑ Caulfield၊ Keith (July 7, 2017)။ Billboard 200 Chart Moves: Metallica's 'Hardwired' Hits 1 Million Sold in the U.S.။ Billboard။ July 7, 2017 တွင် ပြန်စစ်ပြီး။