ကြည်အောင် (အဆိုတော်)

(မကြည်အောင် မှ ပြန်ညွှန်းထားသည်)

မကြည်အောင်သည် ကျော်ကြားလှသော မြန်မာအမျိုးသမီး ဓာတ်ပြားအဆိုတော်ကြီးတစ်ဦး ဖြစ်သည်။

မကြည်​အောင်
အဆိုတော်မကြည်အောင်
မွေးဖွားမသန်းတင်၊ မခင်ကြည်
၁၈၉၉/၁၉၀၀
စက်ဆန်းရပ်ကွက်၊ ပုဇွန်​တောင်၊ ရန်ကုန်မြို့ဗြိတိသျှဘားမား
ကွယ်လွန်၁၁၊ ​ဖေ​ဖော်ဝါရီ၊ ၁၉၅၆
စက်ဆန်းရပ်ကွက်၊ ပုဇွန်​တောင်၊ ရန်ကုန်မြို့မြန်မာ
အလုပ်အကိုင်အဆို​တော်၊ အငြိမ့်မင်းသမီး၊ ပြဇာတ်မင်းသမီး၊ အကနည်းပြ
အိမ်ထောင်ဖက်(များ)ကိုဘနှစ်
မိဘ(များ)ဦးဘိုးကြူး + ​ဒေါ်ရီ
ဂီတခရီးလမ်း
တေးသံသွင်း ကုမ္ပဏီခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီ ကိုလံဘီယာဓာတ်ပြားကုမ္ပဏီ

ရန်ကုန်မြို့၊ စက်ဆန်းရပ်၊ ကုန်သည် ဦးဘိုးကြူး၊ ဒေါ်ရီတို့မှ မွေးဖွားခဲ့ပြီး သားသမီး ၁၄ ယောက်တို့အနက် အငယ်ဆုံးဖြစ်သည်။ ၁၂၆၁ ခုနှစ်တွင် ပုဇွန်တောင်၊ စက်ဆန်းရပ်ကွက်၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက အနုပညာဝါသနာကြီးခဲ့ပြီး အဘိုး (အဖေ၏ဖခင်) ဦးအောင်ရထံမှ သဘင်ဂီတ ဗဟုသုတများ ကြားနာမှတ်သားခဲ့ဘူးသည်။ ငယ်မည်မှာ မသန်းတင် ဟု မှည့်သည်။ သို့သော် မခင်ကြည်ဟုပင် ခေါ်ကြသည်။

ငယ်စဉ်ကပင် အသံကောင်း၊ ရုပ်ရည်ချောလှပြီး အကအခုန်၊ အဆိုအတီး ဝါသနာကြီးလှသဖြင့် မိဘများက စက်ဆန်းရပ်ရှိ ဇာတ်ဆရာ ဦးလွမ်းထံတွင် အပ်နှံသင်ကြားခိုင်းသည်။ ပုဇွန်တောင်ရပ်ကွက် အလှူပွဲ၊ ဆွမ်းကြီးလောင်းပွဲများတွင် အပျော်တမ်း အငြိမ့်သီချင်းများသီဆိုကပြခဲ့ရာမှ နာမည်ရလာကာ လူရွှင်တော်ကြီး ဦးကျော်ရွဲ့၏ အငြိမ့်အဖွဲ့တွင် စတင်ကပြခဲ့သည်။ ၎င်းနောက် အမည်ရင်း မခင်ကြည် အမည်ပျောက်၍ ချန်ပီယံ မကြည်အောင်ဟု အမည်သစ်ဖြင့် ထင်ရှားလာခဲ့သည်။ မူလဓာတ်ခံနှင့် ဉာဏ်ကကောင်းလှသဖြင့် မင်းသား၊ မင်းသမီးအက၊ အငြိမ့်အက၊ ဇာတ်က အားလုံးကို အသက်(၁၃)နှစ် သမီးလောက်ကတည်းက မွှတ်နေအောင် ကတတ်သူဖြစ်သည်။ အသက် (၁၄)နှစ်အရွယ်တွင် အလုပ်လုပ်ရင်း ပညာဆည်းပူးရန် မန္တလေးသို့ ထွက်ခဲ့သည်။ မန္တလေးတွင် ဆက်သွယ်ရရှိသော ပညာရှင်များထံမှီခို၍ အငြိမ့်ထဲလိုက်ကာ ပညာရှာလေသည်။ မန္တလေးတွင် နာမည်ကြီးသော ဒေါ်ဩဘာသောင်း၊ ဒေါ်အယ်လင်စိန်တို့နှင့် တွဲဖက် ကခဲ့လေသည်။ အသက် (၁၄)နှစ်အရွယ်မှစ၍ ခေါင်းဆောင်မင်းသမီးဖြစ်ခဲ့သည်။ ရန်ကုန်သို့ပြန်ပြီး ကိုယ်ပိုင်အဖွဲ့တည်ထောင်၍ မင်းသမီးဩဘာစိန်ဒေါင်းယဉ်ပျံတင်လှိုင်တို့နှင့် တွဲဖက် ကပြခဲ့ပြန်သည်။[၁] အငြိမ့်လောကတွင် (၇)နှစ်မျှ ကပြခဲ့ပြီး အသက်(၂၂)နှစ်တွင် ဧရာဝတီ သင်္ဘောစာရေး ကိုဘနှစ်ဆိုသူနှင့် အိမ်ထောင်ပြုခဲ့သည်။ ကိုဘနှစ်မှာလည်း စက်ဆန်းဇာတိဖြစ်သည်။ အရပ်မင်းသားဟု အနုပညာရပ်၌ ကျော်ကြားသူဖြစ်လေရာ လင်ရောမယားပါ ဝါသနာတူညီသည်။ သူတို့၏နေအိမ်တွင် အနုပညာသည်အများစုတို့ ဆုံဆည်းကြတော့သည်။

မူလဆရာရင်းဖြစ်သော အရှေ့ပိုင်းဆရာချစ်၏ ဆက်သွယ်ပေးမှုကြောင့် ချန်ပီယံ မကြည်အောင်မှာ ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီတွင် ဓာတ်ပြားအဆိုတော် ဖြစ်လာရသည်။ ခွေးတံဆိပ်ဓာတ်ပြားများတွင် “ကိုလေအိုး”သီချင်းမှာ တိုင်းပြည်တစ်ဝှမ်းလုံး၌ ကျော်ကြားသွားခဲ့သည်။ ဓာတ်ပြားအဆိုတော်ဖြစ်လာသောအခါ အငြိမ့်အမည်ဖြစ်သော ချန်ပီယံ မကြည်အောင်အဖြစ်မှ ချန်ပီယံဖြုတ်လိုက်ပြီး မကြည်အောင်ဟု မှည့်ခေါ်လိုက်သည်။

၁၉၃၂ခုနှစ်တွင် ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီသို့ ပြောင်းရွှေ့သီဆိုသည်။ ခင်ပွန်းဖြစ်သူ ကိုဘနှစ်ကိုလည်း ဓာတ်ပြားထုတ်လုပ်ရေးဆိုင်ရာ ကြီးကြပ်သူအဖြစ် ခန့်ထားလိုက်သည်။

သီချင်းရေးဆရာ ဒဂုန်ဆရာတင်၏ တရုတ်ပြည်မြကျောက်လွှာ သီချင်းမှာ ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီတွင် မကြည်အောင် ပထမဦးဆုံး သီဆိုဓာတ်ပြားသွင်းခဲ့သော သီချင်းဖြစ်သည်။ နာမည်ကျော် သီချင်းရေးဆရာကြီးများဖြစ်ကြသော လှည်းတန်းဦးလူကလေး၊ အရှေ့ပိုင်းဆရာချစ်၊ နန်းတော်ရှေ့ဆရာတင်၊ ဒဂုံဆရာတင်၊ ရွှေဂုံညွန့်၊ ရွှေတိုင်ညွန့်၊ သဟာယဆရာတင်တို့၏ သီချင်းများကို သီဆိုခဲ့ရသည်။

၎င်းတို့အနက် နန်းတော်ရှေ့ဆရာတင်နှင့် ရွှေတိုင်ညွန့်၏ သီချင်းများကို အများဆုံး သီဆိုခွင့်ရခဲ့သည်။ ဤသို့ဖြင့် ကိုလံဘီယာကုမ္ပဏီတွင် နာမည်အကျော်ဆုံး အဆိုတော်ကြီးဖြစ်လာခဲ့ရသည်။ ဓာတ်ပြားချပ်ရေ (၁၀၀)ကျော် သွင်းခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါ ဓာတ်ပြားလုပ်ငန်းပျက်ပြားသွား၍ မကြည်အောင်၏ ခေတ်သစ်ရာဇဝင်ပြဇာတ် အမည်ဖြင့် နယ်စုံလှည့်၍ ပြဇာတ်အဖွဲ့တည်ထောင်ကာ ကပြခဲ့သည်။ ကိုလံဘီယာ ကုမ္ပဏီ စတင်တည်ထောင်ချိန်မှစ၍ နောက်ဆုံး ဒုတိယကမ္ဘာစစ်တွင် ကုမ္ပဏီပျက်သည်အထိ ဒေါ်ကြည်အောင်သည် အသက်အရှည်ဆုံး၊ အအောင်မြင်ဆုံး အဆိုတော်ဖြစ်လေသည်။ စစ်ပြီးခေတ် ရန်ကုန်ပန်တျာကျောင်း ဖွင့်လှစ်ရာတွင် မကြည်အောင်သည် အမျိုးသမီး အကနည်းပြအဖြစ် အမှုထမ်းခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

အသက်(၅၆)နှစ်အရွယ် ၁၉၅၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ပုဇွန်တောင် စက်ဆန်း (၅)လမ်း၊ အိမ်အမှတ် (၃၇၈)တွင် ကွယ်လွန်သွားခဲ့သည်။[၂]

ရည်ညွှန်းချက် ပြင်ဆင်ရန်

  1. ကာတွန်းဝင်းအောင် ၏ အောင်မြင်ထင်ရှား မြန်မာအနုပညာရှင်များ
  2. ဗိုလ်ကလေးဦးတင့်အောင်၏ ရေးသားချက်