ပင်မမီနူးကို ဖွင့်ရန်

မင်းရောင်၊ ဗိုလ် (မြို့လုလင်သူကြီး)

ဗိုလ်မင်းရောင်သည် ဗိုလ်ချုပ် အောင်ဆန်း‎ ၏အဘိုးဖြစ်ပြီး နာမည်ကျော် “ရွှေလရောင်”ဘွဲ့ခံ မြို့လုလင် မြို့သူကြီး ဦးမင်းရောင် ဖြစ်သည်။ ဦးမင်းရောင်သည် ဗိုလ်ချုပ်အောင်ဆန်း၏ အဘွား ဒေါ်သူဇာ၏မောင် တစ်ဝမ်းကွဲဖြစ်လေသေည်။


ငယ်ဘဝပြင်ဆင်

 
ဗိုလ်ချုပ်အောင်ဆန်း၏ဆွေစဉ်မျိုးဆက် ဇယား

ဦးမင်းရောင်(ခေါ်) ဗိုလ်မင်းရောင်သည် တောင်တွင်းကြီးမြို့ မြောက်လက်နေ သူကြီးမျိုးရိုးဖြစ်သူ သွေးသောက်ဘွဲ့ရ ဦးမှူး၊ ဒေါ်ပိုတို့၏ သားဖြစ်သည်။ ဗိုလ်မင်းရောင်၏မိခင် ဒေါ်ပိုမှာ ကိုင်းရွာသူတည်း။ ဗိုလ်မင်းရောင်ကို သက္ကရာဇ် ၁၁၉၉-ခု၊ တန်ဆောင်မုန်းလတွင် ဖွားမြင်သည်။ ဦးမင်းရောင်၏ ဘိုးဘွားများ (ဦးမှူး၏ မိဘများ)မှာ သွေးသောက်ကြီးဘွဲ့ရ မြို့သူကြီး ဦးရိပ်ကြီး၊ မယ်ခဲတို့ ဖြစ်သည်။ ဦးမင်းရောင်တွင် မွေးချင်းလေးယောက်ရှိရာ ၎င်း တို့မှာ-

  1. ဦးမင်းရောင်
  2. ဦးမင်းမောင်
  3. ဒေါ်မင်းကေ
  4. ဒေါ်မင်းပွေ တို့ဖြစ်ရာ ၎င်းတို့အနက် ဦးမင်းရောင်မှာ အကြီးဆုံးသားဖြစ်သည်။

စင်စစ် ဦးမင်းရောင်၏ အမျိုးအနွယ်မှာ ကုန်သည်မျိုးများ၍မင်းမှုထမ်းသူ နည်းပါးသည်။ ဦးမင်းရောင်၏ညီ ဦးမင်းမောင် တစ်ဦးသာလျှင် အတော်အတန် ရာထူးမြင့်မားခဲ့ပေသည်။ ဦးမင်းမောင်သည် မြန်မာမင်းလက်ထက်အခါက တောင်တွင်းမြို့ဝန်၊ ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း စသည့် သုံးမြို့ဝန်၊ အခွန်ဝန်၊ တောင်ငူနယ်ခြံဝန်စသည် ဖြင့် အမှုတော်အမျိုးမျိုးကို ထမ်းရွက်ခဲ့ရလေသည်။

ဦးမင်းရောင်၏မိထွေး (ဒေါ်လေး)တော်စပ်သူမှာ နတ်မောက်မြို့သူကြီး (ဦးရွှေနီ၏ဇနီး) မယ်စိုးဖြစ်သည်။ နတ်မောက်မြို့သူကြီး ဦးရွှေနီ၏ အမျိုးအနွယ်မှာ မင်းခစားများသည်။ ပညာတတ် ဉာဏ်ထက်မြက်ကြသည်။ ၎င်း၏ညီ ဦးပွားဆိုသူသည် တရုတ်မြို့ဝန်၊ သံတော်ဆင့်၊ ကသည်းမြင်းဝန်နှင့် မြင်ကွန်း မင်းသား၏ ဆရာဖြစ်၏။ ထို့ပြင် တောင်စဉ်ဝန် ဦးဝိုက်၊ မင်းတုန်းမင်းလက်ထက် ခန်းပတ်မင်းကြီးတို့မှာလည်း ဦးရွှေနီ၏ အဆက်အနွယ်များဖြစ်ရာ ဦးမင်းရောင်သည် မှူးမတ်အမျိုးအနွယ်ဟု ဆိုနိုင်သည်။

ဗိုလ်မင်းရောင်သည် ရုပ်ရည်သန့်ပြန့် အထူးခန့်သည်။ အရပ် ၆ ပေနီးပါး အသားဖြူ နှုတ်ခမ်းမွေး ကောင်း၊ စူးရှသော မျက်လုံးရှိကာ အချိတ်ပုဆိုးဝတ်၍ မြင်းစီးသောအခါ လွန်စွာမှ ခန့်ငြားလျက် ကျက်သရေ ရှိလှသည်။ ညီဖြစ်သူ ဦးမင်းမောင်မှာမူ မင်းတုန်းမင်းတရားကြီးလက်ထက် ပထမရွှေတိုက်စိုး၊ ဒုတိယအရှေ့တပြင်၊ တောင်တပြင်အခွန်ဝန်၊ တတိယတောင်တွင်းဝန်၊ စတုတ္ထပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း ၃ မြို့ဝန်၊ ပဉ္စမတောင်ငူမြို့၊ ၂ မြို့ဝန်အဖြစ် အကြိမ်ကြိမ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ဦးမင်းရောင်သည် စိတ်ထက်မြက်၏။ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်တတ်၏။ ရက်စက်တန်သည့်နေရာ၌ ရက်စက်၏။ ညီ ဦးမင်းမောင်ကား ထိုသို့မဟုတ်။ ပျော့ပြောင်း သိမ်မွေ့သည်၊ စိတ်နှလုံး နူးညံ့၏၊ စောင်းအတီး အတော်တတ်၏၊ သီချင်းဆိုကောင်း၏။ ဦးမင်းရောင်သည် တစ်ကြိမ်တွင် ကြက်သားစားချင်၍ ညီလုပ်သူအား အသတ်ခိုင်း၏။ ဦးမင်းမောင်မှာ စိတ်သဘော နူးညံ့သူဖြစ်၍ မသတ်ဘဲနေရာ ဦးမင်းရောင်ကိုယ်တိုင် ကြက်ကိုသတ်၍ ချက်ပြုတ်စား သောက်ပြီးလျှင် ဟင်းအကျန်ကို ညီအားမကျွေးဘဲ ခွေးကျွေးပစ်သည်ဟူ၏။

၎င်း၏အဘွား ဒေါ်မယ်ခဲ၏ မယ်တော်ကြီးဈာပနတွင်လည်း ဦးမင်းမောင်၏ တပည့်များနှင့် ဦးမင်းရောင်၏ တပည့်များ လက်ဝှေ့ထိုးသတ်ရာ ဦးမင်းမောင်၏ တပည့်များကနိုင်သဖြင့် ပဝါတစ်ပိုင်း ဆုချသောအခါ ဦးမင်းရောင်က မခံမရပ်နိုင်သဖြင့် ၎င်း၏လူကို ပုဆိုးတစ်ထည် ဆုချသည်ဟူ၏။ ဦးမင်းရောင်၏ တပည့်များမှာ မိုက်မိုက်ကန်းကန်း လုပ်တတ်သော သူများဖြစ်ကြောင်း အဆိုရှိသည်။ ဦးမင်းရောင်၏တပည့် မောင်တုတ်ဆိုလျှင် ကဇာတ်ပွဲများတွင် လူပြက်လက်စွဲများက ပြက်လုံးထုတ်လျှင် အခြားသူများအားလုံး ရယ်မောပြီးမှ တစ်ယောက်တည်း ကျယ်လောင်စွာ ကြာရှည်ရွဲ့၍ ရယ်မောတတ်ရာ ဆရာဦးမင်းရောင်က သဘောကျလှသဖြင့် ဤသို့လုပ်သည့်အခါတိုင်း ဆုအမြဲပေးသည် ဟူ၏။ ယင်းသို့ မိမိမှန်သည် ထင်ရာကို တဇွတ်ထိုးလုပ်ရဲသော သတ္တိကြောင့်လည်း အင်္ဂလိပ်များကို ခုခံစဉ် ညီဖြစ်သူ ဦးမင်းမောင်က လက်နက်ချရန် စာအတန်တန်ရေးသော်လည်း ဗိုလ်မင်းရောင်သည် အသက်သေသည်အထိ တိုက်ပွဲဝင် သွားခဲ့ပေသည်။ ထို့ကြောင့် စုံနံ့သာမြိုင် ဦးကျော့က ဗိုလ်မင်းရောင်၏ ဘုန်းလက်ရုံးကို ဖွဲ့ဆိုရာ၌ “အောင်အတိတ်ကယ် နိမိတ်၊အောင်အဟိတ်ကယ်ကြေညာ၊ ရွှေလင်မြို့အောင်ချာ၊ ရဲရံကွန့် မြို့ကြီးပိုင်၊ ပိုင်ပိုင်စိုးရ၊ မတ်ပေလေး။ အောင်ပွဲလေ့ ပြည်သိနော်ကွဲ့၊ တိုင်းကြီးရန်နှိမ်၊ ရွှေလင်မြို့ကြီး၊ အံ့ချီးလို့ ဖြန့်ထီးတေဇာ၊ ရန်သူပေါင်းငယ်တို့၊ ညွတ်ပျောင်းခိုလာ၊ အောင်သတင်းနှင့်၊ အောင်ခင်းလေ မြေမျက်နှာ။ သေနင်္ဂနှင့်သကဋဗျူဟာ၊ အိုဩ ရှစ်ရည်ကျင်းတယ်လေး” ဟူ၍ချီးကျူးဖွဲ့ဆိုထားသည်။

ထို့နောက် မြန်မာသက္ကရာဇ် (၁၂၄၇) ခုနှစ်၊ ခရစ် (၁၈၈၆) တွင် မန္တလေး နေပြည်တော်မှ နေလနှစ်ဆူ ပါတော်မူသောအခါ အင်္ဂလိပ်များ အထက်မြန်မာပြည်ကို သိမ်းပိုက်စဉ် ဗိုလ်မင်းရောင်သည် သူ့ကျွန်အဖြစ် နွံနစ်မခံ၊ ကုလားဖြူတို့အား မကြည့်လိုသော ဇာတိမာန်ဖြင့် လူသူ ၃၀၀၀-ခန့် စုပြီးလျှင် နယ်ချဲ့တို့ကို တော်လှန်ခဲ့လေသည်။ မြို့လုလင် အရှေ့ (၈) မိုင်ခန့်အကွာတွင်ရှိသော ဒူတောင် (မြင်းမဏိတောင်)ထိပ်တွင် ခိုင်ခံ့သော သစ်ခံတပ်ကြီးဆောက် လုပ်၍ တပ်စွဲပြီးလျှင် အင်္ဂလိပ်တို့ကို ၂ နှစ်တိုင် ခုခံတိုက်ခဲ့သည်။ နယ်ချဲ့တပ်များက ထိုဒူတောင်တွင် တပ်စွဲနေသော ဗိုလ်မင်းရောင်၏တပ်ကို လားတင် အမြောက်များဖြင့် ပစ်ခတ်သည်။ ပေကန်ကြီးရွာအနီးတွင် ကုလားဖြူစစ်တပ်နှင့် ရင်ဆိုင်ရသောအခါ၌ ဗိုလ်မင်းရောင်က အနိုင်ရရှိသည်။ ထို့နောက် မြို့လုလင်အနီးတွင် ညီတစ်ဝမ်းကွဲ တော်စပ်သူ ဗိုလ်မုံးနှင့်အတူ တွဲဘက်၍ နယ်ချဲ့တို့ကို ချေမှုန်းရာ ရန်သူဘက်မှ ခုနစ်ယောက် ဖမ်းဆီးမိ၍ ယခု စွန်တံတားကြီးအနီး မြောက်ဘက် သရက်ပင်တွင် ကားစင်တင် ကွပ်မျက်ခဲ့သည်။

သက္ကရာဇ် ၁၂၄၉-ခုနှစ် ဝါဆိုလလောက်တွင် ဗိုလ်မင်းရောင်တပ်များကို မကွေးစစ်တပ်၊ တောင်တွင်းစစ်တပ်၊ ရမည်းသင်းစစ်တပ်၊ မိတ္ထိလာစစ်တပ်၊ ပေါင်း ဗြိတိသျှစစ်တပ် လေးတပ်ဖြင့် ညှပ်တိုက်ရာ လူစုကွဲ၍ အင်အားနည်းသွားသည်။ ဤအချက်ကို အခွင့်ကောင်းယူ၍ တောင်တွင်း တောင်လက်မြို့အုပ် ဦးရွှေအိက အင်္ဂလိပ်လက်အောက်ဝင်ကာ အမှုထမ်းရန် သွေးဆောင်ဖြားယောင်သော်လည်း ဗိုလ်မင်းရောင်က “ကုလားကိုဖြင့် ဘုရားမထူးပြီ၊ မတတ်နိုင်ပါက ရှမ်းပြည်ရွာသို့ တက်သွားမည်”ဟု စာပြန်ကြားလိုက်သည်။

ဗြိတိသျှအစိုးရသည် ဗိုလ်မင်းရောင်ကို မဖမ်းနိုင်သရွေ့ တောင်တွင်းမြောက်လက် နယ်များကို ငြိမ်းချမ်းစွာ မအုပ်စိုးနိုင်ကြောင်း သိသဖြင့် ဗိုလ်မင်းရောင်ကို အသေဖြစ်စေ၊ အရှင်ဖြစ်စေ၊ ဖမ်းဆီးပေးနိုင်သူအား ဆုငွေ၁၀၀ဝိ/ ကျပ် ပေးမည်ဟု ကြေငြာခဲ့သေး၏ သို့ဖြင့် ဗိုလ်မင်းရောင်သည် ၁၂၄၉ ခု၊ ဝါခေါင်လဆန်း ၂ ရက်နေ့တွင် ဗိုလ်ကန်သား၊ ဗိုလ်ဆင့်၊ ဗိုလ်တရုပ်၊ ဗိုလ်ရွှေလှ၊ ကြယ်တံခွန်ဗိုလ်တို့နှင့်အတူ ရှမ်းပြည်သို့တက်ရန် စီစဉ်တော့သည်။ မိမိ ရှမ်းပြည်သို့ မထွက်ခွာမီ မကွေးမြို့အုပ် ဦးစံရီထံ ခိုကိုးရန်အတွက် အပ်နှံထားသော မိမိ၏ ငယ်မယား မထားအား နှုတ်ဆက်ရန် သေနတ်လက်နက် အပြည့်အစုံရှိသော ဗိုလ် ၂၀ နှင့်အတူ ဖိုလေးလုံးရွာသို့ ထွက်ခဲ့သည်။

ထိုအတွင်း အင်္ဂလိပ်စစ်ဗိုလ် ဂန်းဒေါသည် နတ်မောက်မြို့ရှိ သိမ်တော်ကျောင်းတွင် စစ်စခန်းချကာ ဗိုလ်မင်း ရောင်ကို ဖမ်းဆီးရန် စုံစမ်းထောက်လှမ်းလျက်ရှိသည်။ ထိုစဉ် မြန်မာသစ္စာဖောက် အချို့က ဗိုလ်မင်းရောင်သည်တပ်ပျက်၍ မြို့လုလင်မှ မြို့သစ် တယ်ပင်စခန်းရွာများကိုဖြတ်၍ မကွေးနယ်သို့ ထွက်သွားကြောင်း လာရောက်သတင်းပေးသဖြင့် အင်္ဂလိပ်စစ်ဗိုလ်သည် ထိုနေရာသို့ ချီတက်သွားသည်။ ဗိုလ်မင်းရောင်ကို လေးတိုင်စင်ရွာအနီး နားနေသည်ကို တွေ့ရှိပြီး တိုက်ပွဲဖြစ်ပွားလေသည်။ ထို လေးတိုင်စင်ရွာ တိုက်ပွဲတွင် ရွှေလရောင်မှာ ပေါင်ကျည်ဆန်သင့်သော ဒဏ်ရာနှင့် အင်္ဂလိပ်တို့ တွေ့ရှိဖမ်းမိသွားရာ ဗိုလ်မင်းရောင် အား အင်္ဂလိပ်၏ သစ္စာခံရန်နှင့် သစ္စာခံက အသက်ချမ်းသာပေးမည်ဟု ဗြိတိသျှတို့က ဖြားယောင်းခဲ့သေး၏။

ဘဝနိဂုံးပြင်ဆင်

သို့သော် ဗိုလ်မင်းရောင်က သစ္စာမခံသည့်ပြင် ပြန်လည်တုံ့ပြန် ပြောဆိုသည်။ ““ငါဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ မင်းတို့ပေးတဲ့ရာထူးကို ငါ မလိုချင်ဘူး၊ မင်းတို့ ငါ့ကိုသတ်လိုက ခုချက်ချင်းပင် သတ်ပါ””ဟု ပြောဆိုရာ အင်္ဂလိပ်တို့က ဗိုလ်မင်းရောင်ကို ခေါင်းဖြတ် သတ်ပစ်လိုက်လေသည်။ ဗိုလ်မင်းရောင် အနိစ္စရောက်သောအချိန်မှာ မြန်မာသက္ကရာဇ် ၁၂၄၉-ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်၊ (ခရစ် ၁၈၈၇ ခု၊ ဇူလိုင်လ ၂၁ ရက်) ဗုဒ္ဓဟူးနေ့ ညနေ ၄ ချက်တီးအချိန် ဖြစ်သည်။ ဗိုလ်မင်းရောင်တွင် ဇနီး ခုနစ် ယောက်ရှိရာ ပထမဇနီး မထားမှာ ဒေါ်လေးပြောင်၏ သမီးဖြစ်၍ မောင်နှမတစ်ဝမ်းကွဲ တော်သည်။ တတိယဇနီး ဒေါ်ကုံတန်နှင့် ဖွားမြင်သောသား ဦးစံဖေမှာ ၁၉၄၅-ခု မတိုင်မီက ကွယ်လွန်သွားခဲ့သည်။ ဦးစံဖေ၏ သား ဦးသိန်းမောင်မှာလည်း မြို့လုလင်တွင် နေထိုင်ကာ ကွယ်လွန်သွားခဲ့လေသည်။

ထို့နောက် ဦးမင်းရောင်၏ ဦးခေါင်းပြတ်ကို နတ်မောက်မြို့ သိမ်တော်ကျောင်းတိုက်၏ တောင်ဘက် ကန်ဘောင်ရိုးရှိ ထနောင်းပင်တွင် ဆွဲထားကာ လူအများအား လာရောက် ကြည့်စေသည်။ ဦးမင်းရောင် ကျဆုံးပုံကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သခင်ဋီကာ စာအုပ်၊ စာမျက်နှာ ၂၁၃ တွင် အောက်ပါအတိုင်း လေးချိုးကြီးကို ရေးဖွဲ့သီကုံးခဲ့ လေသည်။

ဦးမင်းရောင် ဘွဲ့လေးချိုးကဗျာပြင်ဆင်

“မြတ်လောကီ သဘာဝတွင်ဖြင့် ဓာတ်ကောလီခါမရတာမို့၊ မြန်မာမျာ့ ဘုန်းသမ်္ဘာ၊ အိုဩ ရှုံးမှာပေါ့ ကံတစ်မျိုး၊ မန်းပျက်မှာ၊ စန်းလဂ်မသာမယာလို့၊ ဗမာ ဗမာချင်းတောင်မှ အတင်းရန်မူလို့၊ ရန်သူ ရန်သူဟူ၍ မမှတ်တဲ့ပြင်၊ ကိုယ့်တပ်ကိုယ် ပြန်နင်းရကြတဲ့၊ ဖျင်းလှတဲ့ ကမြင်းမအကောင်၊ ဗိုလ်တချို့ရယ်က၊ ကိုယ်ဖို့ အလွတ်ရုန်းရော့မလို့၊တောင် ကုန်း သာသာယာယာ “မြင်းမဏီ” စခန်းဆီက၊ တရှောင်ရှောင်ပုန်းကာ၊ အတွင်း သိတဲ့၊ မင်းအမိဖမ်းချင်ကြတဲ့ပြင်၊ ပရမ်းပတာ၊ တော်ရာတော်ရာ ပြေးကြတော့၊ အရေးရှင် မကြံသာနှင့်၊ ကံကြမ်္မာ ရှေးဝဋ်ကြွေးပေထင့်၊ “လေးတိုင်စင်” ရွာအတွင်းတွင်ဖြင့် အင်္ဂလိပ်တွေကို အတင်းကြိတ်မဟေ့လို့ စမ်းခဲ့တဲ့ (ဩော်) တဖောင်ဖောင် သတင်းတွေနဲ့၊ ပြောင် ပြောင်လင်းခဲ့တဲ့၊ တောင်တွင်းက သခင်ကို အောင်တြင်းမရခင် ဖမ်းတဲ့ပြင်၊ အကြမ်းပတမ်း မလုပ်ကောင်းသော်လဲ၊ ဥက္ခောင်း ဖြတ်ကာ အသေသတ်ကြသတဲ့၊ မကျေနပ်ရှာသူ ချောင်တပဲ့ ဘုန်းတို့ရဲ့ ပြေရဌ်မှာ တဘောင်နဲ့ လွမ်းရပါတော့၊ (အမယ်မင်း) တောင်မန်းမြို့ နေလနှစ်ဆောင် အညှိုးတွင်ဖြင့်။ ပြေမြန်မာတောင် မစိုးရရှာတဲ့၊ (ဩော်) အခေါင်မမြန်း၊ အမှောင်သန်းသမို့ အောင်ပန်းညှိုးခဲ့ရသတဲ့ “အောင်ဆန်း”တို့ “ရွှေလရောင်”အဖိုး။ [၁]

ကိုးကားပြင်ဆင်

  1. သန်းဝင်းလှိုင်၏ ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ