မင်္ဂလာစေတီတော် (ပုဂံ)
မင်္ဂလာစေတီတော်သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ချောက်မြို့သွား ကားလမ်းဘေး ပုဂံမြို့တောင်ဘက် လေးဖာလုံခန့် အကွာတွင် ကိန်းဝပ်တော်မူသည်။ ခရစ် ၁၂၆၈-ခုနှစ်တွင် ပုဂံပြည့်ရှင် နရသီဟပတေ့မင်း တည်ထားကိုးကွယ်သော စေတီဖြစ်သည်။
- စေတီပုထိုးအမှတ်=၁၄၃၉/၇၅၂
စေတီတော်သမိုင်း
ပြင်ဆင်ရန်မင်္ဂလာစေတီတော်သည် နရသီဟပတေ့မင်း (၁၂၅၆ - ၁၂၈၇) ၏ ကောင်းမှုဖြစ်သည်။ ၁၂၆၈ ခုနှစ်တွင် စ၍တည်၏။ မပြီးမီ " ဘုရားလည်းပြီး၊ ပြည်ကြီးလည်းပျက်" ဟု တဘောင်ပေါ်သဖြင့် စိုးရိမ်၍ ရပ်ထားလေသည်။ ထိုအခါ ပံသကူမထေရ်က " ဟယ်မင်းမိုက်... အနိစ္စကမ္မဋ္ဌာန်းကို မရှု၊ အလှူ ကောင်းမှုပြုပြီးမှ ပြည်ပျက်အံ့ သည်ကို စိုးရိမ်၍နေသည်ကား နင့်ထက်မိုက်သသူ မရှိ၊ နင့်ပြည်နှင့်နင် မသေဘဲ နေရတုံ အံ့လော...." ဟု ဆုံးမလေမှ ဆက်၍တည်သည်။ ၁၂၇၄ ခုနှစ်တွင် အပြီးတိုင်ရောက်လေသည်။ စေတီတည်ပြီး နောင် ဆယ်နှစ်ကြာသောအခါတွင် ပြည်ပမှ ဝင်လာသော မွန်ဂိုစစ်ဒဏ်ကို မခံနိုင်သဖြင့် နရသီဟပတေ့လည်း ပုဂံမှ တိမ်းရှောင်ခဲ့ရလေသည်။ [၁]
ဗိသုကာလက်ရာများ
ပြင်ဆင်ရန်မင်္ဂလာစေတီသည် ရွှေစည်းခုံစေတီကို နမူနာယူ၍ တည်ထားသော စေတီဖြစ်လေသည်။ အလွန်တင့်တယ် ပြေပြစ်၏။ စေတီတော်သည် လေးထောင့်အုတ်ခုံပတ်လည် စင်္ကြံထက်၌ တည်ရှိသည်။ လေးထောင့်အုတ်ခုံပေါ်တွင် တည်ရှိကာ အုတ်ခုံမျက်နှာစာနှင့် ပစ္စယာအဆင့်ဆင့် ပတ်လည်၌ ဇာတ်နိပါတ်ဖော် စဉ့်သုတ်ရုပ်ကြွများကို စီခြယ်ထားသည်။ ပစ္စယာသုံးဆင့်တွင် ထောင့်စေတီများ စိုတ်ထားသည်။ နတ်လှေကားများ တပ်ဆင်ထားသည်။ ထို့နောက် တတိယ ပစ္စယာအထက်တွင် ရှစ်ထောင့်ကြာဝန်း၊ ခါးပတ်၊ ခေါင်းလောင်းပုံ၊ သပိတ်မှောက်၊ ဖောင်းရစ်၊ ကြာမှောက်၊ ရွဲ၊ ချရားသီး၊ ထီး စသည်တို့ဖြင့် မွမ်းမံထားလေသည်။ လေးမျက်နှာ တစ်ဖက်တစ်ချက်တွင် ကျယ်ပြန့်သော လှေကားများရှိသည်။ စေတီတော်မြတ် တည်ဆောက်ထားပုံမှာ များစွာအချိုးအစားကျနပြေပြစ်သပ္ပာယ်လှပြီး မြန်မာ့ ဗိသုကာပညာ၏ အထွတ်အထိပ်သို့ ရောက်နေသည်။ မြန်မာပြည်ရှိ နောက်ပိုင်းတည်ဆောက်ခဲ့သော မြေစိုက်စေတီများမှာ မင်္ဂလာစေတီတော်မြတ်ကို အခြေပြု အတုယူကာ တည်ဆောက်ခဲ့ကြသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်သည်။
စေတီတော်၌ ပစ္စယာသုံးဆင့်ရှိသည်။ ပစ္စယာသုံးဆင့်နှင့် အောက်ခြေပတ်လည်၌ ဇာတ်တော် (၅၄၇)ဇာတ်ကို သရုပ်ဖော်ထားသည့် ရုပ်ချပ်များရှိသည်။ ပစ္စယာအပေါ်ဆင့်နှင့် စေတီအောက်ခြေတွင် ဇာတ်ကြီး ဆယ်ဘွဲ့ကို သရုပ်ဖော်ထားသည်။ ဇာတ်တစ်ဇာတ်လျင် ရုပ်ချပ်တစ်ချပ် ကျစီပြုလုပ်ပြီး မြန်မာစာဖြင့် ကမ္ပည်းထိုးထားသည်။ ပုဂံခေတ်ထွန်းကားစဉ်က ဤမင်္ဂလာစေတီတော်မြတ် ဝန်းကျင်သည် သာသနိက အဆောက်အဦများ စည်ကားသော ပုဂံသာသနာ၏ အချက်အချာ ဌာနတစ်ခု ဖြစ်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ
- ↑ မြတ်မင်းလှိုင်၏ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ (ပ-တွဲ) ၂၀၀၃-ခု၊ ဇန်နဝါရီလထုတ်