မစိမ်းစိမ်းသည် မန္တလေးမြို့မှ ဂန္ထဝင်အဆိုတော် တစ်ဦးဖြစ်ပေသည်။ ရွှေမန်းဆီသို့ သီချင်းကို သီဆိုခဲ့သူ ဖြစ်သည်။ မစိမ်းစိမ်းကို ၁၉၃၃-ခု မန္တလေးအနောက်ပိုင်း၊ ချမ်းသာရထုံးကုန်း၊ ပလိုင်းရပ်မှာ မွေးဖွားပြီး သီဆိုမှုကို ငယ်စဉ်ကလေးဘဝကတည်းက ဝါသနာပါပြီး ရပ်ကွက်ပွဲ၊ အလှူပွဲများမကျန် လိုက်လံသီဆိုပြီး အိမ်ထောင် ၁၇-နှစ်မှာ ခင်ပွန်းဖြစ်သူနှင့် သီဆိုမှုနှင့် ပတ်သက်ပြီး အိမ်ထောင်ကွဲခဲ့သော်လည်း သူ၏ ဝါသနာအလုပ်ကို ဆက်လက်လုပ်ကိုင်လျက်ပင် ဖြစ်သည်။

မန္တလေးမြို့မှ အပျော်တမ်းတေးဂီတ ဝိုင်းများစွာရှိရာ ထိုခေတ်မြို့မတေးဂီတနှင့် တန်းတူအဆင့်ရှိသော မန္တလေးမြောက်ပြင်အရပ်ရှိ ဂီတလုလင်တေးဂီတဝိုင်းမှာ ပင်တိုင်အဆိုရှင်အဖြစ် ပါဝင်သီဆိုခဲ့သည်။ မစိမ်းစိမ်းနှင့်အတူ ကျောက်ပန်းတောင်းသူ မကျဉ်းတန် (ခေါ်) အဆိုတော် ရီရီသန့် လက်ထောက်အဆိုတော်အဖြစ် တွဲဖက်သီဆိုသည်။ ဂီတမှူးဦးဘတင့်နှင့် စန္ဒယား ပလိုင်းဦးတင်မောင်တို့ အုပ်ချုပ်သော ဂီတလုင်အဖွဲ့မှ မစိမ်းစိမ်းသည် နှစ်အတန်ကြာ တွဲလုပ်ပြီး သူ၏လက်ဦးဆရာ ဂီတမှူးဦးဘတင့်၏ ခွင့်ပြုချက်ဖြင့် တခြားဝိုင်းများဖြစ်သော မြို့မ၊ သိင်္ဂီ၊ နုယဉ်၊ သီရိမွန်၊ သင်္ဂဟနှင့် တေးချစ်သူ စသော ဝိုင်းများတွင် တွဲဖက်သီဆိုခဲ့သည်။

ဝါသနာရှင်ဘဝမှ ပညာရှင်ဘဝသို့ ရောက်ခဲ့သော မစိမ်းစိမ်းသည် မန္တလေးဂီတအသိုင်းအဝိုင်းမှာ ချစ်ခင်သူများပြီး ထင်ရှားသူတစ်ယောက်ဖြစ်ခဲ့သည်။ သူ၏ မူလပထမ ဂီတလုင်ဝိုင်းနှင့် မြတ်သောအနုပညာ အမည်ရှိ ဓာတ်ပြားရခဲ့ပြီး သင်္ဂဟဦးဘသိန်း ရေးစပ်သော ရွှေမန်းဆီသို့ သီချင်းကို မန္တလေးရုပ်ရှင်မှ ရိုက်ကူးသော ဤလူ့ဘောင်တွင် ဇာတ်ကားမှာ ဇာတ်ဝင်သီချင်းအဖြစ် သီဆိုရာ အထူးအောင်မြင်ပြီး မြန်မာ့အသံဓာတ်ပြားရကာ ရောင်းအားကောင်းခဲ့သည်။

ရုပ်ရှင်နောက်ခံ သီချင်းများအနက် ဦးဘသိန်း၏ ကံဇာတ်ကား ဇာတ်ဝင်သီချင်း၊ ကိုယ်ပိုင်မေတ္တာ၊ အတွေ့၊ ဘုရားမှာ တစ်ခါဆုံတယ် ရုပ်ရှင်ကားများတွင် ဂီတလုင် တေးဂီတအဖွဲ့နှင့် အသံသွင်းခဲ့ရာ အောင်မြင်ခဲ့သည်။ မြန်မာ့အသံမှ နောက်ထပ် ဓာတ်ပြားနှစ်ချပ်ထပ်ရသည်။ သလ္လာရွှေမြေနှင့် မိုးပန်းပုလဲ တို့ ဖြစ်သော်လည်း မစိမ်းစိမ်း၏ မှတ်တိုင်သီချင်းမှာ ရွှေမန်းဆီသို့ သီချင်းဖြစ်ပြီး ၎င်းသီချင်းကို မန္တလေးမြို့မှ ရွာစား ကျော်စိန်မောင်ကိုကြီး၊ စိန်နက်ကြီး စသည့် မြန်မာ့ဆိုင်းဝိုင်း ပညာရှင်ကြီးများနှင့် ခန့်ခန့်ညားညား တီးမှုတ်အသံသွင်းရာ ယနေ့တိုင် မြန်မာ့ဂုဏ်ဆောင် သီချင်းတစ်ပုဒ် ဖြစ်ခဲ့သည်။

၁၉၇၀-ပြည့် ဝန်းကျင်က မစိမ်းစိမ်း၏ အောင်မြင်မှုများ အထွတ်အထိပ်ရောက်ခဲ့ပြီး ၂၀၀၀-ပြည့်နှစ်နောက်ပိုင်းတွင် အနုပညာအလုပ်မှ အနားယူခဲ့ပြီးနောက် ကျန်းမာရေး ဖောက်ပြန်လာခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့ရှိ အမေများအဖွဲ့က ထူထောင်ထားသော အနုပညာ ဆည်းဆာရိပ် အနုပညာဘိုးဘွားများ စုဝေးနေထိုင်ရာ ရိပ်သာစခန်းတွင် နေထိုင်ခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၂၀၁၉-ခု၊ မေလ (၅)ရက်၊ ည (၇)နာရီ (၁၅)မိနစ်အချိန်တွင် ရန်ကုန်ရိပ်သာ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၈၆)နှစ်အရွယ် ရှိပြီ ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဆောင်းပါးရှင် ဇော်နေလ(မြောက်ပြင်)၊ ကြေးမုံ သတင်းစာ၊ အချပ်ပို မန္တလေးစာမျက်နှာ-၂၊ ဩဂုတ်လ ၃၁၊ ၂၀၁၉