ဂျူးဇက်ပေ မတ်ဇီနီသည် အီတာလျံ မျိုးချစ်ပုဂ္ဂိုလ် တစ်ဦးဖြစ်၍ သူ့အမျိုးသားများကို တစ်လုံးတစ်စည်းတည်း ဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့ လေသည်။ သူ့ကို ၁၈ဝ၅ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ဂျီနိုးအာမြို့၌ ဖွားမြင်လေသည်။ သူသည် ဂျီနိုးအာတက္ကသိုလ်၌ ဥပဒေပညာ ဆည်းပူးခဲ့၍ ငယ်စဉ်ကပင် စာပေ၌ ဝါသနာပါခဲ့လေသည်။ ထိုအချိန်က အီတလီ ပြည်ကြီးမှာ ဝါးအစည်းပြေသကဲ့သို့ အစိတ်စိတ် အမြွှာမြွှာ ကွဲလျက် ရှိပေရာ၊ မတ်ဇီနီသည် သူ၏ ကလောင်လက်နက်ဖြင့် အီတာလျံ အမျိုးသားများအားနိုင်ငံရေးမျက်စိ ဖွင့်ပေးခဲ့သည်။ သူသည် နိုင်ငံရေးတွင် အထူးပင် စိတ်အား ထက်သန်လှရကား တက်လမ်းရှိသော ရှေ့နေ အလုပ်ကိုပင် စွန့်လွှတ်ခဲ့လေသည်။

ထိုနောက် ကာဗော်နာရီခေါ် လျှို့ဝှက်သော အီတလီတော်လှန်ရေး အသင်းနှင့် ဆက်သွယ်ခဲ့ရာတွင် သတ္တိရှိရှိနှင့် အလုပ်လုပ်ဆုံး ရဲဘော်ဖြစ်သဖြင့် ၁၈၃ဝ ပြည့်နှစ်၌ အဖမ်းခံရလေသည်။ နောက် ၆ လခန့်အကြာ ထောင်မှ လွတ်လာသောအခါ ပြည်နှင်ခံရလေသည်။ ပထမ သူသည် မာဆေးမြို့တွင်နေထိုင်ခဲ့၍ နောက်တွင် ဆွစ်ဇာလန်ပြည်တွင် သွားရောက်နေထိုင်ခဲ့လေသည်။ မည်သည့်နေရာတွင်နေစေကာမူ အီတလီပြည်ရှိ သမ္မတဂိုဏ်း သားများနှင့်ကား အဆက်အသွယ် ရှိနေခဲ့၏။ သို့သော် သူ၏ မျိုးချစ်စိတ်မှာ ယခင်ကထက် ပိုမို ပြင်းထန်လာ၍ ကာဗော်နာရီအသင်းမှာ မှန်းခြေကိုက်အောင် ဆောင်ရွက်နိုင်တော့မည် မဟုတ်ဟု သိရှိလာသဖြင့် အီတလီလူငယ်များအဖွဲ့ကို တည်ထောင်ခဲ့လေသည်။ ထိုအဖွဲ့၏ ရည်ရွယ်ချက်မှာ အီတလီပြည်ကို နိုင်ငံခြားသားများလက်မှ ကယ်တင်ရန်နှင့်အီတလီပြည်နယ်များကို သွေးစည်းကာ သမ္မတအစိုးရ ထူထောင်ရန်ဖြစ်၍ သူတို့အကြံ အောင်မြင်ရန်အတွက် လူထုကို ပညာမျက်စိဖွင့်၍အခါအခွင့်သင့်သလို ပြောက်ကျားစံနစ်ဖြင့် ပုန်ကန်ထကြွရန် စီစဉ်ထားလေသည်။ မတ်ဇီနီ၏ တော်လှန်ရေး လုပ်ငန်းများမှာ အီတလီပြည်နယ် အာဏာပိုင်များအား များစွာ စိတ်အနှောင့်အရှက် ဖြစ်စေသဖြင့် ထို အာဏာပိုင်တို့၏ တောင်းဆိုမှုကြောင့် သူ့အား ပြင်သစ်အစိုးရက ပြည်နှင်ဒဏ်ပေးလိုက်ရာ၊ ၁၈၃၂ ခုနှစ်၌ ဆွစ်ဇာလန် ပြည်သို့ ထွက်ခွာသွားရလေတော့၏။

ထိုသို့ ပြည်နှင်ဒဏ် ခံနေရစဉ် သူသည် အငြိမ်မနေဘဲ ရောက်ရာအရပ်၌ လူများ အား တော်လှန်ရေး စိတ်ဓာတ်တက်ကြွလာအောင် ကြိုးစား ဆောင်ရွက်ခဲ့ လေသည်။ ၁၈၃၄ ခုနှစ်၌ သူနှင့် သူ့ရဲဘော်များသည် လူမျိုးအားလုံး သာတူညီမျှ ကြီးပွားချမ်းသာရေးကို မျှော်မှန်း၍ ဥရောပ လူငယ် အသင်းကို တည်ထောင်ခဲ့ကြသေးသည်။ သူလှုံ့ဆော်သဖြင့် ဆွစ်ဇာလန်လူမျိုးများမှာ နိုင်ငံရေးဖက်၌နိုးကြားလာကြ သောကြောင့် ၁၈၃၆ ခုနှစ်တွင် သူသည် ဆွစ်ဇာလန်ပြည်မှ နှင်ထုတ်ခြင်းခံရပြန်လေသည်။ ၁၈၃၇ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ သွားရောက်နေထိုင်ခဲ့၏။ သူသည် အင်္ဂလန်ပြည်၌ ၇ နှစ်ကြာမျှ ဆင်းဆင်းရဲရဲနေထိုင်ခဲ့ရစဉ် အင်္ဂလိပ်စာကို တတ် ်အောင်သင်၍ သတင်းစာများတွင် ဆောင်းပါးမျး ရေးကာ အသက်မွေးခဲ့ရလေသည်။

၁၈၄၈ ခုနှစ်၌ ဥရောပတိုက်ရှိ နိုင်ငံအများတွင် တော်လှန်ပုန်ကန်မှုများ ပေါ်ပေါက်လာ၍ လောင်ဗတ်နယ်သူနယ်သားများလည်းပုန်ကန် ထကြွကြလေရာ၊ မတ်ဇီနီသည် အီတလီပြည်သို့ ပြန်သွား၍ လွတ်လပ်ရေးတိုက်ပွဲ၌ ပါဝင်ဆင်နွှဲခဲ့လေသည်။ မျိုးချစ်သူပုန်များအရေးသာ၍ ရောမမြို့တော်၌ သမ္မတ အစိုးရ တည်ထောင်သောအခါ မတ်ဇီနီသည် အချုပ်အချာ အာဏာရထားသော အုပ်ချုပ်ရေးမှူး ၃ယောက် အနက် တစ်ယောက် အပါအဝင် ဖြစ်လာခဲ့သည်။ သို့ရာတွင် ပြင်သစ် စစ်တပ်များ လာရောက် တိုက်ခိုက်သောအခါ ရောမမြို့တော်မှာ ရန်သူများ လက်တွင်းသို့ ပြန်လည်ကျရောက် သွားလေတော့၏။ မတ်ဇီနီ၏ မျှော်လင့်ချက်များလည်း လုံးဝပျက်ပြားသွားရသဖြင့် သူသည် ဆွစ်ဇာလန်ပြည်မှတစ်ဆင့် လန်ဒန်မြို့သို့ ထွက်ပြေးရလေတော့၏။ နောင်အခါများတွင် သူသည် မီလန်နှင့် ဂျီနိုးအာမြို့များ၌ တော်လှန် ပုန်ကန်မှုများ ပေါ်ပေါက်အောင် ကူညီခဲ့သေး၏။ အီတာလျံ မျိုးချစ်တို့ကိုလည်း အားပေးခဲ့သည်။ အီတလီပြည်မှာ ဒုတိယ ဗစ်တာအီမန်းနျူအယ် ဘုရင်လက်အောက်တွင် စည်းလုံးမိသောအခါ သူ၏ ရည်မှန်းချက်မှာ တစ်ဝက် တစ်ပျက်အားဖြင့် အောင်မြင်ခဲ့လေသည်။ သူသည် သမ္မတ အစိုးရကိုသာလိုလား၍ဘုရင့်အစိုးရို မလိုလားပေ။ သို့ဖြစ်၍ မက်ဆီးနားနယ် ကိုယ်စားလှယ်အဖြစ် အီတာလျံ လွှတ်တော်သို့ ရွေးကောက်ခြင်းခံရသော်လည်းမတက်ဘဲ နေခဲ့၏။ လန်ဒန်မြို့တော်မှ တစ်ဆင့် ဆွစ်ဇာလန်ပြည်သို့ ပြောင်းရွှေ့နေထိုင်စဉ် သူသည် အီတလီမျိုးချစ် ခေါင်းဆောင်တစ်ဦးဖြစ်သောဂယ်ရီဗောဒီးနှင့် အဆက်အသွယ်ပြုသည်ဟု အီတလီအစိုးရကစွပ်စွဲ၍ ဆွစ်ဇာလန်အစိုးရကို တောင်းဆိုချက်အရ ဆွစ်ဇာလန်ပြည်မှ နှင်ထုတ်ခြင်းခံရလေသည်။

၁၈၇ဝ ပြည့်နှစ်တွင် စစ္စလီကျွန်း ပါလာမိုမြို့တွင် သမ္မတဂိုဏ်းသားများ တော်လှန်ရေးအတွက် စီစဉ်ရန် အသွားလမ်းခရီးတွင်အဖမ်းခံရပြီးလျှင် ၂ လမျှ ထောင်ထဲ၌ နေခဲ့ရသေး၏။ ထိုနောက် သူသည် အီတလီနိုင်ငံရှိ အလုပ်သမားများကို သွေးစည်းပေးရန် ကားလမတ်စသော ပုဂ္ဂိုလ်ကြီးများနှင့် အဆက်အသွယ် ပြုခဲ့သေး၏။ သို့ရာတွင် အခြေအနေမလှသဖြင့် သူ၏ ကြံရွယ်ချက်များကို စွန့်လွှတ် လိုက်ရပြီးလျှင် ၁၈၇၂ ခုနှစ် အသက် ၆၇ နှစ် အရွယ်၌ ပီစာမြို့တွင် ဆင်းဆင်းရဲရဲ နေထိုင်ယင်း အနိစ္စရောက်သွားလေသည်။ မတ်ဇီနီကား မျိုးချစ်စိတ် အလွန်ထက်သန်၍၊ ကိုယ်ကျိုးမငဲ့ဘဲ အနစ်နာခံကာ ဆောင်ရွက် ပြီးလျှင် မိမိ၏မျှော်မှန်းချက်များနောက်ဆုံး၌ အောင်မြင်ရမည်ဟု မမှိတ်မသုံ စွဲမြဲစွာ ယုံကြည်သူဖြစ်သဖြင့် ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်ပေသည်။ [၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)