ကချင်သားချင်းများသည် မနောစည်ကို အထွတ်အမြတ်ထားကြသည်။ ကချင်ရိုးရာ မနောပွဲများ၌ တီးခတ်လေ့ရှိသည်။ ဤစည်ကို မနောတိုင်များ၏ အလယ် တည့်တည့်တွင် ချိတ်ဆွဲပြီး မနောကသောအခါ ရှေ့ဆုံးမှ တီးခတ်ရသည်။ မနောကွင်း အလယ်တွင် ကခုန်နေသော သွေးချင်းကချင်များအတွက် ကကြိုးလှစေရန် စည်းချက်ပေးနိုင်သော တူရိယာဖြစ်သည်။ မနောစည်က သွက်လက်စွာ တီးခတ်သောအခါ နောက်မှ ကခုန်သူများသည်လည်း ခတ်သွက်သွက် ကခုန်ကြရသည်။ မနောစည်က ခတ်နှေးနှေး အသံထွက်လာသောအခါ ကခုန်သူများလည်း အသံကိုလိုက်၍ နှေးနှေးကကြရသည်။ ထို့ကြောင့် မနောကသူများသည် မနောစည်သံကို နားထောင်ဂရုပြုကြသည်။

မနောစည်ဝတွင် တစ်ပေနှင့် တစ်ပေခွဲခန့် အချင်းရှိသော နှစ်ဖက်ပိတ်စည်ဖုံးရှိသည်။ ယင်းကို သရေဖြင့် ဖုံးအုပ်ထား၏။ သားရေသည် အကွက်အကျား မပါသော သားရေဖြစ်ကြရပေမည်။ အကွက်အကျားပါလျှင် စိတ်ဝမ်းကွဲတတ်သည်။ ရန်ဖြစ်တတ်သည်ဟူ၍ အယူရှိကြသည်။ စည်းလုံးမှု၊ သွေးစည်းမှု နည်းစေသည်ဟု ထင်ကြသည်။ ထို့ကြောင့် သရေဖုံးကို အမဲဆိုလျှင် တစ်ခုလုံးအမဲ၊ အဖြူဆိုလျှင် တစ်ခုလုံးအဖြူကို အသုံးပြုကြသည်။ နွားသားရေကို အသုံးများကြသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်ဂုဏ်ဆောင် ရေး ကချင်ရိုးရာတူရိယာများ ဆောင်းပါး၊ ငွေတာရီ၊ အမှတ်(၁၂၈)၊ ဖေဖော်ဝါရီ ၁၉၇၁-ခုနှစ်၊ စာ ၃၀-၃၄