မန်းဘဆိုင်သည် ကရင်အမျိုးသားနိုင်ငံရေးသမားဖြစ်ကာ အမျိုးသားခေါင်းဆောင်ကြီး မန်းဘခိုင်၏ ညီဖြစ်သည်။[၁]

ဘဝအစနှင့် ပညာရေး ပြင်ဆင်ရန်

မန်းဘဆိုင်ကို ၁၉၀၆ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ယုံသလင်းရွာတွင် မန်းပေကုန်းနှင့် ဒေါ်ပုတို့မှ ဖွားမြင်သည်။ မွေးချင်း ၁၀ယောက်တွင် ၇ယောက်မြောက်ဖြစ်သည်။

၁၉၂၉ခုနှစ်တွင် ဟင်္သာတမြို့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အေဘီအမ် ကရင်အထက်တန်းကျောင်းမှ ၁၀တန်းအောင်မြင်သည်။၁၉၃၂ခုနှစ်တွင် ရန်ကုန် ဂျပ်ဆင်ကောလိပ်မှ ဥပစာတန်းအောင်မြင်ကာ ၁၉၃၉ခုနှစ်တွင် အထက်တန်းဆရာအဖြစ် အောင်မြင်သည်။

အလုပ်အကိုင် ပြင်ဆင်ရန်

ညောင်တုန်းမြို့နယ် ထော့်ကလို့ကျေးရွာရှိ မြန်မာဘာသာအထက်တန်းကျောင်းတွင် အင်္ဂလိပ်စာဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။၁၉၄၁တွင် ယုံသလင်းရွာသူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။၎င်း၏ကြိုးပမ်းမှုကြောင့် တစ်နိုင်ငံလုံးရှိ ရွာသူကြီး ၁၂၀၀၀ကျော်ပါဝင်သော ရွာသူကြီးအသင်းချုပ်ပေါ်ပေါက်လာသည်။

နိုင်ငံရေး ပြင်ဆင်ရန်

အစ်ကိုဖြစ်သူ မန်းဘခိုင် ကျဆုံးပြီးနောက် အစ်ကိုဖြစ်သူ၏မဲဆန္ဒနယ်ဖြစ်သော ဟင်္သာတခရိုင်မဲဆန္ဒနယ်မှ အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ အမတ်ဖြစ်လာခဲ့သည်။ လွတ်လပ်ရေးရသည့် ၁၉၄၈ခုနှစ်တွင် ကရင်ရေးရာဝန်ကြီးဖြစ်လာခဲ့သည်။၁၉၅၆မှ ၁၉၆၀ပြည့်နှစ်အထိ ဟင်္သာတ တောင်ပိုင်းအမတ်အဖြစ် အရွေးချယ်ခံကာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်လာသည်။၁၉၆၀ပြည့်နှစ်တွင် ဟင်္သာတတောင်ပိုင်းမှပင် အမတ်ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

၁၉၅၉ခုနှစ်တွင် လွတ်လပ်ရေးမော်ကွန်းဝင်တံဆိပ်၊ ၁၉၆၁ခုနှစ်တွင် သတိုးသီရိသုဓမ္မဘွဲ့၊ ၁၉၈၀ပြည့်နှစ်တွင် နိုင်ငံ့ဂုဏ်ရည်(ပထမအဆင့်)တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

မန်းဘဆိုင်သည် ၁၉၈၅ခုနှစ် မတ်လ၂၉ရက်နေ့တွင် ဟင်္သာတမြို့ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ဇနီးသည်ဒေါ်တု၊ သားသမီး၇ယောက်နှင့် မြေး၁၆ယောက် ကျန်ရစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၈၆